2
1 စစ်တင်းပုတ်ဖြစ်သူသည် သင်နှင့် ရင်ဆိုင်ချီတက်လေပြီ။ မြို့စောင့်လျက် ကင်းထားလျက် ခါးစည်း၍လုံ့လထုတ်လော့။
2 ဆွတ်ခူးသူတို့ကြောင့် လွတ်လပ်ခြင်း၊ စပျစ်နွယ်ပျက်စီးခြင်းခံရသော ယာကုပ်အမျိုးကြက်သရေနှင့် ဣသရေလအမျိုး၏ ကြက်သရေကို
3 ထာဝရဘုရားပြန်ရောက်စေတော်မူ၏။ ရန်ဘက်သူရဲတို့၏ ဒိုင်းလွှားနီလျက် စွမ်းရည်ကောင်းသူတို့မြင်းတိုမြင်းရှည်နီလှ၏။ စစ်ရထားများသည် ခင်းကျင်းသော နေ့ရက်၌ သံမဏိအရောင်တောက်လျက် လှံလက်နက်များလည်း မြှောက်ဝင့်လျက်ရှိ၏။
4 မြို့ပြင်လမ်းမများတွင် စစ်ရထားများသည် လျှပ်စစ်ပြက်သကဲ့သို့ မီးရှုးသဖွယ်ခေါက်တုံ့ခေါက်ပြန်လျင်လျင်သွားလာသည်တကား။
5 ဗိုလ်မင်းတို့ကိုမိန့်ခေါ်သည့်အတိုင်း မြို့ရိုးကိုဖောက်ရန် ခလုတ်မရှောင်အသော့ချီလာပြီးလျှင်
6 သစ်မောင်းဆင်၍ ကျုံးရေတံခါးများကိုဖွင့်ကြသဖြင့် နန်းတွင်းသူ နန်းတွင်းသားတို့စိတ်ပျက်ကြ၏။
7 မိဖုရားသည် မာလိကတန်ဆာချွတ်ခြင်း၊ သိမ်းသွားခြင်းခံရသဖြင့် ရံရွေတို့ရင်တီးလျက် ချိုးကူသကဲ့သို့ညည်းတွားကြ၏။
8 တည်ထောင်သည့်ကာလကစ၍ ရေကန်သဖွယ်ဖြစ်သောနိနဝေမြို့သည် ခန်းခြောက်လေပြီ။ ခံရပ်ကြလော့။ ခံရပ်ကြလော့ဟု မိန့်ဆိုသော်လည်း လှည့်ကြည့်ဝံ့သူ တစ်ယောက်မျှမရှိေချ။
9 ရွှေငွေကိုလုယက်ယူငင်ကြလော့။ သိုထားသောဘဏ္ဍာ အဖိုးထိုက်သောရတနာစုမကုန်နိုင်၊ မြို့တော်သည် လွတ်လပ်၍
10 လဟာ သက်သက်ဖြစ်လေစွ။ လူရှိသမျှတို့လည်း စိတ်ပျက်လျက် ဒူးချင်းရိုက်လျက် ခါးအောင့်လျက်မျက်နှာညှိုးရာရောက်ကြလေပြီ။
11 ကြောက်ရွံ့ခြင်းကင်းလျက် သားငယ်များနှင့်တကွ ခြင်္သေ့နှင့်ခြင်္သေ့မတို့သွားလာရာ ခြင်္သေ့ပျိုတို့ကျက်စားရာ ခြင်္သေ့တို့အောင်းရာအရပ်ကား အဘယ်မှာနည်း။
12 ခြင်္သေ့သည် ခြင်္သေ့မနှင့်သားငယ်တို့စားလောက်ရန် ခဲကိုက်သတ်ဖြတ်လျက် သားကောင်များနှင့်အောင်းရာတွင်းများကို ဖြည့်ခဲ့လေစွ။
13 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက ငါသည် သင်နှင့်ဆန့်ကျင်ဘက်ပြု၍ စစ်ရထားများကိုအခိုးတက်အောင် မီးရှို့ခြင်း၊ ခြင်္သေ့ပျိုတို့ကို ဓားစာအဖြစ်ထားခြင်း၊ သားကောင်များကို မြေပေါ်မှပယ်ရှားခြင်းပြုသည့်အလျောက် သင့်ရာဇသံတို့ဆင့်ဆိုသံကို နောင်ကြားရတော့မည်မဟုတ်ဟု မိန့်တော်မူ၏။