15
ထိုနောက် ယေရုရှလင်မြို့က ဖာရိရှဲတို့နှင့် ကျမ်းတတ်ဆရာတို့သည် ယေရှုထံလာ၍ ဆရာ့တပည့်တို့သည် လူကြီးတို့ရှေးထုံးနည်းကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ လက်မဆေးပဲအစာစားကြသည်တကားဟု ဆိုကြသော်။ ကိုယ်တော်က သင်တို့လည်းကိုယ့်ရှေးထုံးနည်းအတွက်နှင့် ဘုရားသခင့်ပညတ်တော်ကို အဘယ်ကြောင့်လွန်ကျူးကြသနည်း။ ဘုရားသခင်က မိဘကို ရိုသေသမှုပြုလော့။ မိဘကိုဆဲဆိုသူသည် သေဒဏ်ခံစေဟု ပညတ်တော်မူသော်လည်း သင်တို့မူကား မည်သူမဆို မိဘအား ထောက်ပံ့သင့်သောငွေကို လှူပြီးဖြစ်သည်ဟု ဆိုလျှင်၊ မိဘကိုရိုသေသမှုမပြုရဟု မြစ်တားရာရောက်၍၊ ကိုယ့်ရှေးထုံးနည်းအတွက်နှင့် ဘုရားသခင်၏ အမိန့်တော်ကို အချည်းနှီးဖြစ်စေကြပြီတကား။ 7-9 အချင်းသီလကြောင်တို့၊ ဤလူမျိုးသည် စိတ်နှလုံးကိုငါနှင့်ခွာ၍ နှုတ်ခမ်းအားဖြင့်သာ ရိုသေလျက် လူတို့မှာထားချက်များကို တရားအဖြစ်သွန်သင်သည်နှင့် အကျိုးမဲ့ငါ့ကို ကိုးကွယ်ကြသည်ဟူ၍ သင်တို့ကိုရည်လျက် ပရောဖက်ဟေရှာယဟောပြောသည်မှာ သင့်လျော်စွတကားဟုမိန့်တော်မူ၏။ 10 လူပရိသတ်ကိုလည်း ခေါ်တော်မူလျက် နာယူနားလည်ကြလော့။ 11 ခံတွင်းသို့ဝင်သည့်အရာက လူကိုမသန့်အောင်ပြုသည်မဟုတ်၊ ခံတွင်းမှထွက်သည့်အရာကသာ မသန့်အောင်ပြုသည်ဟု မိန့်တော်မူ၏။ 12 ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကြားသောဖာရိရှဲတို့ တိုက်လဲကြသည်ကို သိတော်မူပါသလောဟု မေးလျှောက်ကြရာ၊ 13 ကိုယ်တော်က ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်မစိုက်သမျှ သောအပင်တိုင်းမှာ အမြစ်ပါနုတ်ပစ်ခံရလိမ့်မည်။ 14 ထိုသူတို့ကိုရှိနေကြစေ။ သူကန်းအချင်းချင်းလမ်းပြဖြစ်ကြသည်တကား။ သူကန်းသည်သူကန်းကိုလမ်းပြလျှင် နှစ်ဦးလုံးပင်တွင်းထဲသို့ကျရောက်လိမ့်မည်ဟုမိန့်ဆိုတော်မူ၏။ 15 ထိုနောက်ပေတရုက ဤဥပမာကိုဖွင့်ပြတော်မူပါဟုလျှောက်သော်၊ 16 ယေရှုကသင်တို့လည်း ဉာဏ်ကင်းလျက် ရှိနေကြသေးသလော။ 17 ခံတွင်းကဝင်သောအရာသည် ဝမ်းသို့ရောက်၍ အိမ်သာတွင် စွန့်ရသည်ကို မသိမမြင်ကြလော။ 18 ခံတွင်းမှထွက်သည့်အရာများမူကား စိတ်နှလုံးကလာသည်ဖြစ်၍ လူကိုမသန့်အောင်ပြု၏။ 19 မကောင်းကြံစည်ခြင်း၊ သူ့အသက်ကိုသတ်ခြင်း၊ သူ့သားအိမ်ရာကိုပြစ်မှားခြင်း၊ မတရားမေထုန်ပြုခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မုသာသက်သေခံခြင်း၊ ကုန်းချောခြင်းများသည် စိတ်နှလုံးမှထွက်လာ၍၊ 20 ထိုအရာများကလူကိုမသန့်အောင်ပြု၏။ လက်မဆေးဘဲအစာစားခြင်းမူကား လူကိုမသန့်အောင်ပြုသည်မဟုတ်ဟု မိန့်တော်မူ၏။
21 ယေရှုသည် ထိုအရပ်မှထွက်ပြီးလျှင် တုရုနှင့် ဇိဒုံနယ်များသို့ကြွတော်မူရာ။ 22 ခါနာန်မိန်းမတစ်ယောက်သည် ထိုနယ်ကထွက်လာ၍ ဒါဝိဒ်မင်း သားတော်အရှင်ဘုရား သနားတော်မူပါ။ ကျွန်မ၏သမီးမှာ နတ်ပူးခြင်းကိုပြင်းစွာခံနေရပါသည်ဟု အော်လျက်လျှောက်၏။ 23 ကိုယ်တော်သည် အမိန့်တော်တစ်ခွန်းမျှ မပြန်ဘဲနေတော်မူသဖြင့် တပည့်တော်တို့ချဉ်းကပ်၍ ထိုမိန်းမအော်လျက် နောက်ကလိုက်နေသောကြောင့်သွားစေတော်မူပါဟုလျှောက်ထားကြသော်။ 24 ကိုယ်တော်က ဣသရေလလူမျိုးအနက် ပျောက်သောသိုးများထံသာ ငါ့ကိုစေလွှတ်တော်မူသည်ဟုပြန်၍ မိန့်တော်မူလျှင် ထိုမိန်းမသည် ချဉ်းကပ်ရှိခိုးလျက် 25 မစတော်မူပါအရှင်ဘုရားဟု လျှောက်သည့်ကာလ 26 သားသမီးတို့အစာကိုယူ၍ ခွေးများအား မချမပေးအပ်ဟု မိန့်တော်မူသော်၊ 27 မှန်ပါသည်အရှင်ဘုရား၊ ခွေးများပင် သခင့်စားပွဲမှကျသည့် စားနုပ်စားပေါက်ကို စားရကြပါသည်ဟု ထပ်မံလျှောက်ထား၏။ 28 ထိုအခါယေရှုက အချင်းမိန်းမ၊ သင်၏ယုံကြည်ခြင်းသည် အားကြီးစွတကား သင်အလိုရှိသည့်အတိုင်းဖြစ်စေဟု မိန့်တော်မူသဖြင့် ထိုအချိန်နာရီကစ၍ သမီးကျန်းမာလေ၏။
29 ယေရှုသည် ထိုအရပ်မှထွက်၍ ဂါလိလဲအိုင်နားကိုလျှောက်ပြီးလျှင် တောင်ပေါ်သို့တက်ကြွထိုင်နေတော်မူစဉ် 30 ကြီးစွာသောလူပရိသတ်သည် ချဉ်းကပ်လျက် ပါလာသည့်ခြေဆွံ့သူ၊ အင်္ဂါပျက်သူ၊ မျက်မမြင်သူ၊ အသောသူမှစ၍ သူနာအများကို ခြေတော်ရင်းတွင်ချထားကြသည့်အတိုင်း ကျန်းမာစေတော်မူသဖြင့်၊ 31 အသောသူစကားပြောခွင့်၊ အင်္ဂါပျက်သူသန်စွမ်းခွင့်၊ ခြေဆွံ့သူလှမ်းသွားခွင့် မျက်မမြင်သူမြင်ခွင့်ရသည်ကို ထိုပရိသတ်မြင်သော် အံ့သြ၍ ဣသရေလလူမျိုး၏ ဘုရားသခင့်ဘုန်းတော်ကို ချီးေမြှာက်ကြ၏။
32 ထိုအခါတပည့်တော်တို့ကိုခေါ်၍ ယေရှုက ဤလူပရိသတ်သည် ယခုတိုင် ငါနှင့်သုံးရက်ရှိနေလျက် စားရန်အစာမရှိကြသောကြောင့် ငါသနားသည်။ လမ်းတွင်ပန်းမည်စိုး၍ အစာမစားရဘဲမလွှတ်လိုဟုမိန့်တော်မူသော်၊ 33 တပည့်တော်တို့က ထိုမျှလောက်ကြီးသောလူပရိသတ်ဝလောက်အောင် ဤတောအရပ်တွင် မုန့်ကိုအဘယ်ကရနိုင်ပါမည်နည်းဟုလျှောက်ကြလျှင်၊ 34 ယေရှုက မုန့်ဘယ်နှစ်လုံးပါရှိသနည်းဟုမေးတော်မူသော် မုန့်ခုနစ်လုံးနှင့်ငါးကလေးအနည်းငယ်သာပါရှိပါသည်ဟု လျှောက်ကြပြန်၏။ 35 ထိုအခါ ကိုယ်တော်သည် လူပရိသတ်ကိုမြေပေါ်တွင် ထိုင်ကြစေရန်မှာတော်မူပြီးနောက် မုန့်ခုနစ်လုံးနှင့်ငါးများကိုယူလျက် ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ 36 ဖဲ့၍တပည့်တော်တို့သို့ပေးသဖြင့် တပည့်တော်တို့လည်းလူပရိသတ်အား ဝေပေးကြ၏။ 37 ထိုသူရှိသမျှစား၍ ဝကြသည့်နောက် စားကြွင်းအကျိုးအပဲ့ကို ခုနစ်တောင်းအပြည့်ကောက်ရကြ၏။ 38 စားသူတို့မှာ မိန်းမနှင့်သူငယ်များပြင် 39 ယောက်ျားလေးထောင်ရှိသတည်း။ ထိုပရိသတ်ကိုသွားစေတော်မူပြီးမှ ကိုယ်တော်သည်လှေစီး၍ မာဂဒန်နယ်သို့ကြွရောက်တော်မူ၏။