13
ထိုနေ့တွင် ယေရှုသည် တည်းအိမ်မှထွက်ကြွ၍ အိုင်ကမ်းနားမှာထိုင်နေတော်မူသောအခါ ကြီးစွာသောလူပရိသတ် စည်းဝေးချဥ်းကပ်ကြသဖြင့်၊ ကိုယ်တော်သည် လှေတစ်စင်းပေါ်သို့တက်၍ ထိုင်တော်မူရာ ကမ်းပေါ်ကရပ်နေသောပရိသတ်တို့အား၊ အကြောင်းအရာများကိုဥပမာဖြင့်မိန့်တော်မူသည်မှာ မျိုးကြဲသူတစ်ယောက်သည် မျိုးကြဲရန်ထွက်သွားလျက်၊ ကြဲသည့်ကာလ မျိုးစေ့အချို့သည် လမ်းပေါ်တွင်ကျ၍ ငှက်များလာပြီးလျှင်ကောက်စားကြ၏။ အချို့သည် ကျောက်ခံသောမြေပါးရာတွင် ကျ၍ မြေတိမ်သောကြောင့် ချက်ခြင်း အေညှာက်ပေါက်သဖြင့်၊ နေထွက်သောအခါ အပူလောင်၍ အမြစ်မစွဲသည့်အတွက် ညှိုးနွမ်းသေပျောက်၏။ အချို့မှာ ဆူးကြားတွင်ကျ၍ ဆူးပင်များသည်ကြီးပွားလျက် ဖိစီးသဖြင့်သေ၏။ အချို့မူကား မြေကောင်းရာတွင်ကျ၍ အသီးအဆတစ်ရာ၊ အဆခြောက်ဆယ်၊ အဆသုံးဆယ်ထွက်၏။ နားရှိသူကြားနာစေဟု မိန့်တော်မူ၏။
10 ထိုအခါတပည့်တော်တို့သည် ချဉ်းကပ်လျက် အဘယ်ကြောင့်ဥပမာများဖြင့် သူတို့အားမိန့်တော်မူပါသနည်းဟုမေးလျှောက်ကြသော်၊ 11 ကိုယ်တော်ကသင်တို့မှာ ကောင်းကင်နိုင်ငံတော်နှင့်စပ်လျဉ်းသည့် နက်နဲရာများကို သိခွင့်ရကြ၏။ ထိုသူတို့မူကားသိခွင့်မရကြ။ 12 ရရှိသောသူအားထပ်၍ ပေးသဖြင့်ကြွယ်ဝလိမ့်မည်။ မရမရှိသောသူမှမူကား ရှိသမျှကိုပင်နုတ်ယူလိမ့်မည်။ 13 သို့ဖြစ်၍ ဥပမာများဖြင့်ထိုသူတို့အား ငါဟောပြောရ၏။ ထိုသူတို့မှာကြည့်လျက်ပင်သိမြင်ခြင်းကြားလျက်ပင်နာယူနားလည်ခြင်းမရှိသည်နှင့်၊ 14 သင်တို့သည်ကြားလျက်ပင်နားမလည်ရ ကြည့်လျက်ပင်မသိမမြင်ရ။ 15 ဤလူမျိုးသည် မျက်စိနှင့် မြင်ခွင့်၊ နားနှင့်ကြားခွင့် စိတ်နှလုံးနှင့်နားလည်ခွင့်ရလျက် ငါ့ထံမှချမ်းသာရရန် ပြန်လာခွင့်မရှိစေခြင်းငှာ စိတ်နှလုံးကိုထိုင်းမှိုင်းစေ၍ နားကိုလေးစေသည့်ပြင် မျက်စိကိုလည်းဖုံးအုပ်ကြလေပြီဟု ပရောဖက်ဟေရှာယ ဟောချက်အတိုင်း ထိုသူတို့၌ပြည့်စုံ၏။ 16 သင်တို့၏ မျက်စိများမူကား မြင်သည်ဖြစ်၍ မင်္ဂလာရှိ၏။ နားများလည်းကြားသည်ဖြစ်၍မင်္ဂလာရှိ၏။ 17 သင်တို့မြင်သောအရာများကို ပရောဖက်နှင့်သူတော်ကောင်းအများသည် မြင်လိုသော်လည်းမမြင်ရကြ။ သင်တို့ကြားသောအရာများကို ကြားလိုသော်လည်းမကြားရကြ။ 18 ထို့ကြောင့်မျိုးကြဲသူ့ ဥပမာအနက်ကို နားထောင်ကြဦးလော့။ 19 နိုင်ငံတော့်ဆိုင်ရာတရားတော်ကို မည်သူမဆိုကြားနာသည့်ကာလ နားမလည်လျှင် နှလုံး၌ကြဲထားရာကို မာရ်နတ်လာ၍ နုတ်ယူတတ်၏။ ထိုသူမှာလမ်းပေါ်တွင်ကြဲထားသူဖြစ်၏။ 20 ကျောက်ခံမြေတွင်ကြဲထားသောသူမှာ တရားတော်ကိုကြားလျှင်ကြားခြင်း ရွှင်လန်းစွာနာယူသော်လည်း 21 အမြစ်မစွဲသဖြင့် ခဏမျှ သာတည်ကြည်၍ တရားတော်ကြောင့်ဒုက္ခရောက်ခြင်း၊ ညှဉ်းပန်းခြင်းနှင့်တွေ့ကြုံသည့်ကာလ ချက်ခြင်းတိုက်လဲသူဖြစ်၏။ 22 ဆူးကြားတွင်ကြဲထားသောသူမှာလည်းတရားတော်ကိုကြားနာ၍ ယခုဘဝသောကနှင့်စည်းစိမ် လှည့်ဖျားခြင်းများသည် တရားတော်ကိုဖိစီးသဖြင့် အသီးမသီးသောသူဖြစ်၏။ 23 ကောင်းသောမြေတွင်ကြဲထားသောသူမူကား တရားတော်ကိုကြားနာ၍ နားလည်သောကြောင့်အသီးသီးသဖြင့် အဆတစ်ရာ၊ အဆခြောက်ဆယ်၊ အဆသုံးဆယ် ထွက်သောသူဖြစ်သတည်းဟု ဖွင့်ပြတော်မူ၏။
24 အခြားသောဥပမာကိုမိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် ဂျုံခင်းတွင် မျိုးကောင်းကြဲသောသူနှင့်တူ၏။ 25 လူတို့အိပ်နေကြစဉ် ရန်သူသည်လာ၍ ဂျုံမျိုးကြဲထားရာတွင် ဂျုံရိုင်းမျိုးကို ကြဲဖြန့်ထွက်သွားပြီးလျှင်၊ 26 အပင်ကြီးပွား၍ အနှံထွက်သည့်ကာလ ဂျုံရိုင်းလည်းပေါ်ထွက်၏။ 27 ထိုအခါ ကျွန်တို့သည် မြေ့ရှင်ထံလာ၍ အရှင်ကောင်းသောမျိုးကို ဂျုံခင်းတွင်ကြဲခဲ့သည်မဟုတ်ပါလော။ သို့ဖြစ်လျှင် ဂျုံရိုင်းမည်သို့ပေါက်ပါသနည်းဟု မေးကြသော်၊ 28 ဤအမှုကား ရန်သူပြုသောအမှုဖြစ်သည်ဟု ပြန်ဆိုရာ ကျွန်တို့က သွား၍ထိုအပင်များကို နုတ်ပစ်ေစရန် အလိုရှိပါသလောဟု မေးပြန်ကြလျှင်၊ 29 မနုတ်ကြနှင့်။ နုတ်လျှင် ဂျုံပင်များပါ အတူနုတ်မိကြလိမ့်မည်။ 30 ရိတ်သိမ်းချိန်တိုင်အောင် နှစ်မျိုးလုံးအတူကြီးပွားကြစေ။ ထိုကာလမှ ဂျုံရိုင်းကိုဦးစွာနုတ်၍ မီးရှို့ရန်စည်းထားကြ။ ဂျုံကိုမူကား ငါ့ကျီ၌သွင်းထားကြလော့ဟု ရိတ်သိမ်းသူတို့အားငါမှာထားမည်၊ မြေရှင်ပြန်ဆိုသည်ဟူ၍မိန့်တော်မူ၏။
31 အခြားသောဥပမာကိုမိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် လူတစ်ယောက်ယူ၍ အခင်း၌စိုက်ပျိုးသောမုံညင်းစေ့နှင့်တူ၏။ 32 ထိုအစေ့သည် အစေ့ရှိသမျှထက် ငယ်သော်လည်းအပင်ပေါက်၍ ရင့်သည့်ကာလ ဟင်းသီးဟင်းရွက်ပင်များထက်၊ ကြီးသောအပင်ဖြစ်သဖြင့် အခက်များတွင် လေသတ္တဝါတို့လာ၍ နားနေကြသည်ဟုမိန့်တော်မူ၏။
33 အခြားသောဥပမာကိုမိန့်တော်မူသည်မှာ ကောင်းကင်နိုင်ငံတော်သည် မုန့်ညက်သုံးစိတ်အားလုံးပေါက်သည့်တိုင်အောင် မိန်းမယူ၍ခတ်သောတဆေးနှင့်တူသည်ဟုမိန့်တော်မူ၏။
34 ထိုအကြောင်းအရာအလုံးအစုံကို ဥပမာဖြင့်ယေရှုသည် လူပရိတ်သတ်အားမိန့်တော်မူ၏။ ဥပမာမဆောင်ဘဲမိန့်တော်မူသည်မဟုတ်။ 35 ထိုသို့မိန့်တော်မူသည်မှာ ပုံဆောင်သောစကားကို ငါနှုတ်မြွက်လျက် ကမ္ဘာဦးကစ၍ ကွယ်ဝှက်ရာများကို ဖော်ပြမည်ဟု ပရောဖက်ဖြင့်ရောက်သော ဗျာဒိတ်တော်အတိုင်းပြည့်စုံစေခြင်းငှာတည်း။
36 ထိုနောက် လူပရိတ်သတ်ရှိရာမှ ထွက်ကြွ၍ တည်းအိမ်သို့ဝင်တော်မူပြီးလျှင် တပည့်တော်တို့သည် ချဉ်းကပ်၍ အခင်းတွင်ပေါက်သော ဂျုံရိုင်းဥပမာကို ဖော်ပြတော်မူပါဟု လျှောက်ထားကြသော်၊ 37 ကိုယ်တော်က မျိုးကောင်းကိုကြဲသူမှာ လူ့သားဖြစ်၏။ 38 အခင်းမှာဤလောကဖြစ်၏။ မျိုးကောင်းမှာ နိုင်ငံတော်သားများဖြစ်၏။ ဂျုံရိုင်းမျိုးမူကား မာရ်နတ်၏သားသမီးများ ဖြစ်၏။ 39 ဂျုံရိုင်းမျိုးကို ကြဲဖြန့်သောရန်သူမှာ မာရ်နတ်ဖြစ်၏။ ရိတ်သိမ်းချိန်မှာ ယခုေခတ်ကာလ အဆုံးဖြစ်၏။ ရိတ်သိမ်းသူတို့မှာလည်းစေတမန်တော်များဖြစ်၏။ 40 ဂျုံရိုင်းကိုနုတ်၍ မီးရှို့သည့်နည်းတူ ယခုေခတ်ကာလအဆုံး၌ ဖြစ်လိမ့်မည်။ 41 လူ့သားသည် စေတမန်တော်များကို လွှတ်၍ နိုင်ငံတော်ထဲမှ တိုက်လဲစေသောအရာခပ်သိမ်းနှင့် မတရားပြုကျင့်သူတို့ကို နုတ်ပြီးလျှင်၊ 42 မီးဖိုထဲသို့ပစ်ချတော်မူသဖြင့် ငိုကြွေးခြင်း၊ အံ့ကြိတ်ခြင်းရှိရကြလတ္တံ့။ 43 ထိုအခါ သူတော်ကောင်းတို့သည် ကိုယ့်အဘ၏နိုင်ငံတော်တွင် နေကဲ့သို့ ထွန်းလင်းကြလိမ့်မည်။ နားရှိသူကြားနာစေ။
44 ကောင်းကင်နိုင်ငံတော်သည် လယ်တွင်မြုပ်ထားသော ဘဏ္ဍာနှင့် တူ၏။ လူတစ်ယောက်တွေ့သော် မြုပ်မြဲမြုပ်ထားခဲ့ပြီးလျှင် ဝမ်းမြောက်စွာသွား၍ ရှိသမျှကိုရောင်းချလျက် ထိုလယ်ကို ဝယ်ယူလေ၏။
45 တစ်ဖန်တုံ ကောင်းကင်နိုင်ငံတော်သည် ပုလဲကောင်းရှာသော ကုန်သည်နှင့်တူ၏။ 46 ထိုသူသည် အလွန်အဖိုးထိုက်သော ပုလဲတစ်လုံးကိုတွေ့သော် သွားပြီးလျှင် ရှိသမျှကိုရောင်းချ၍ ထိုပုလဲကိုဝယ်ယူလေ၏။
47 တစ်ဖန်တုံ ကောင်းကင်နိုင်ငံတော်သည် ရေ၌ချ၍ ငါးအမျိုးမျိုးမိသောပိုက်နှင့်တူ၏။ 48 အပြည့်မိသော် ကမ်းပေါ်သို့ဆွဲတင်ပြီးလျှင် ထိုင်၍ ငါးကောင်းများကို အိုးများတွင်ရွေးချယ်ထည့်ထားလျက် ငါးညံ့များကိုပစ်လိုက်ကြ၏။ 49 ထိုနည်းတူ ယခုေခတ်ကာလအဆုံး၌ ဖြစ်လိမ့်မည်။ စေတမန်တော်တို့သည်လာ၍ သူတော်ကောင်းတို့၏အလယ်မှ မသူတော်တို့ကိုခွဲယူပြီးလျှင်၊ 50 မီးဖိုထဲသို့ ပစ်ချသဖြင့် ငိုကြွေးခြင်း၊ အံကြိတ်ခြင်း ရှိရကြလတ္တံ့ဟု မိန့်ဆိုပြီးနောက်၊ 51 ထိုအကြောင်း အရာရှိသမျှကို နားလည်ကြပြီလောဟုမေးတော်မူသော် နားလည်ပါပြီ အရှင်ဘုရားဟုပြန်လျှောက်ကြသည့်ကာလ။ 52 ကိုယ်တော်က ထို့ကြောင့် ကောင်းကင်နိုင်ငံတော်တွင် တပည့်ဖြစ်သူကျမ်းတတ်ဆရာ တိုင်းသည် ကိုယ့်ဘဏ္ဍာတိုက်ထဲမှ အသစ်အဟောင်းများကိုထုတ်သော အိမ်ရှင်နှင့်တူသည်ဟုမိန့်တော်မူ၏။
53 ထိုဥပမာများဆုံးသည့်ကာလ ယေရှုသည် ထိုအရပ်မှထွက်ကြွ၍ နေရင်းမြို့သို့ရောက်လျှင် 54 ဓမ္မာရုံတွင် ဒေသနာပေးတော်မူသော် မြို့သူမြို့သားတို့အံ့သြကြလျက် ဤသူသည် ဤမျှသောဉာဏ်ပညာနှင့်အမှုကြီးများကို မည်သို့ရသနည်း။ 55 သူသည် လက်သမားသားမဟုတ်လော။ သူ့အမိကိုမာရိဟူ၍လည်းေကာင်း၊ ညီများကို ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟူ၍လည်းေကာင်း ခေါ်ကြသည်မဟုတ်လော။ 56 နှမများအားလုံး ငါတို့နှင့်အတူရှိကြသည်မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာရှိသမျှကိုမည်သို့ရသနည်းဟုဆိုလျက် 57 ကိုယ်တော့်အတွက်တိုက်လဲကြရာ ယေရှုက ပရောဖက်မည်သည်မှာ ကိုယ့်မြို့ကိုယ့်အိမ်မှတစ်ပါး အခြားသောအရပ်တွင် ဂုဏ်အသရေမရဘဲမရှိဟု မိန့်တော်မူ၏။ 58 မယုံကြည်ကြသည်နှင့် ထိုမြို့တွင်အမှုကြီးများစွာ ကိုပြုတော်မမူချေ။