4
အသို့ဆိုသော်၊ မီးဖိုကဲ့သို့ပူလောင်သောထိုနေ့ရက်သည်ရောက်လာသဖြင့်၊ ရိုးပြတ်သဖွယ်ဖြစ်အံ့သောမာနကြီးသူတို့နှင့်ဆိုးသွမ်းစွာပြုကျင့်သူရှိသမျှတို့ကို၊ အခက် အလက်အခြေအမြစ်မကျန်၊ ကျွမ်းလောင်လိမ့်မည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ နာမတော်ကိုခန့်ညားသောသင်တို့၌မူကား၊ အောင်မြင်သောနေမင်းသည်၊ ကုသခြင်းရောင်ခြည်ကို လွှတ်သဖြင့်၊ တင်းကုပ်လှောင်နွားသားငယ်များကဲ့သို့၊ သင်တို့ ထွက်သွားမြူးထူးလျက်၊ ငါစီရင်ခြင်းနေ့ရက်၌ သင်တို့ခြေ့အောက်ပြာမုန့်သဖွယ် ဖြစ်အံ့သောထိုမသူတော်တို့ကိုနင်းချေကြရလတ္တံ့ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ဣသရေလတစ်မျိုးလုံးအဖို့ ဟောရပ်တောင်၌၊ ကျွန်တော်ရင်းမောရှေအား၊ ငါမှာထားခဲ့သောထုံးဖွဲ့ချက် ဆုံးဖြတ်ချက်ဖြစ်သော၊ ပညတ်တရားကို သတိရကြလော့။ ငါထာဝရဘုရား၏ကြောက်မက်ဖွယ်နေ့တော်ကြီးမတိုင်မီ၊ ပရောဖက်ဧလိယကိုသင်တို့ထံငါစေလွှတ်မည့်အလျောက်၊ ငါကြွလာ၍ ပြည်တော်ကိုမြေလှန်ခြင်းဘေးဒဏ်မခတ်ရစေခြင်းငှာ၊ အဖတို့နှင့်သားတို့ကို အချင်းချင်းသဘောတူစေမည်ဟူ၍တည်း။