16
ဥပုသ်နေ့လွန်သော် မာဂဒလမာရိ၊ ယာကုပ်အမိ မာရိနှင့် ရှာလုံတို့သည်အလောင်းတော်ကိုသွားရောက်လိမ်းကျံရန် နံ့သာများ ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပဌမနေ့နံနက်စောစောနေထွက် အချိန် သင်္ချိင်းဂူတော်သို့ သွားကြရာ 3-4 ကျောက်လုံးအလွန်ကြီးသည်ကိုထောက်၍ ဂူဝကကျောက်လုံးကို မည်သူလှိမ့်ပေးပါလိမ့်မည်နည်းဟု အချင်းချင်းပြောဆိုလျက် ေမျှာ်ကြည့်လျှင် လှိမ့်ထားနှင့်သည်ကိုမြင်ကြ၏။ ဂူတော်တွင်းသို့ဝင်ကြသော်ယာဘက်တွင်ထိုင်လျက် ဖွဲ့ဖြူဝတ်လုံဆင်ယင်သော ပျိုရွယ်သူတစ်ပါးကိုမြင်၍ အံ့အားသင့်ကြရာ၊ ထိုသူက အံ့အားမသင့်ကြနှင့်။ ကားတင်ကြသောနာဇရက်မြို့သားယေရှုကို သင်တို့ရှာကြသည်မှာ ရှင်ပြန်ထမြောက်တော်မူပြီ။ ဤတွင်မရှိ။ သွင်းထားကြသောနေရာကို ကြည့်ကြ။ သင်တို့အရင် ဂါလိလဲနယ်သို့ကြွနှင့်တော်မူမည်ဟူ၍ မိန့်တော်မူခဲ့သည့်အတိုင်း ထိုနယ်တွင် ဖူးတွေ့ရကြမည့်အကြောင်း ပေတရုမှစသောတပည့်တော်တို့ထံသွား၍ ပြန်ကြားကြလော့ဟုဆို၏။ ထိုမိန်းမတို့လည်း တုန်လှုပ်ခြောက်ခြားလျက် သင်္ချိုင်းဂူတော်မှထွက်ပြေးကြရာ ကြောက်ရွံ့သောကြောင့် မည်သူ့ကိုမျှတစ်စုံတစ်ရာမပြောမဆိုကြချေ။
ကိုယ်တော်သည် ခုနစ်ရက်တွင်ပဌမနေ့နံနက်စောစောရှင်ပြန်ထမြောက်ပြီးမှ နတ်ခုနစ်ကောင်ကို နှင်ထုတ်တော်မူဖူးသောမာဂဒလမာရိအား ဦးစွာထင်ရှားတော်မူလျှင်၊ 10 မာရိသွား၍ ညဉ်းတွားငိုကြွေးလျက်နေသော နောက်တော်ပါဖူးသူတို့အားကြားပြောရာ၊ 11 အသက်ရှင်၍ မာရိအားထင်ရှားတော်မူကြောင်းကြားသော်လည်း မယုံကြ။
12 ထိုနောက်ကျေးတောသို့သွားသောတပည့်တော်နှစ်ပါးတို့အား အဆင်းပြောင်း၍ ထင်ရှားတော်မူလျှင်၊ 13 အခြားတပည့်တော်တို့ထံပြန်သွား၍ ကြားပြောကြသော်လည်း သူတို့စကားကိုမယုံဘဲနေသေး၏။
14 ထိုနောက်စားပွဲထိုင်နေကြသော တစ်ဆယ့်တစ်ပါးတို့အား ထင်ရှားတော်မူလျှင်၊ ရှင်ပြန်ထမြောက်တော်မူပြီးမှ ဖူးမြင်ရသူတို့စကားကိုမယုံကြသည့်အတွက် မယုံခြင်း၊ စိတ်ခဲယဉ်းခြင်းများကို ဆုံးမတော်မူသည့်နောက်၊ 15 တစ်လောကလုံးနှံ့သွား၍ လူသတ္တဝါအပေါင်းတို့အားသတင်းတော်မြတ်ကို ဟောကြလော့။ 16 ယုံကြည်၍ ဗတ္တိဇံမင်္ဂလာခံသူသည် ကယ်တင်ခြင်းသို့ရောက်လတ္တံ့။ မယုံကြည်သူမူကား အပြစ်စီရင်ခံရလတ္တံ့။ 17 ယုံကြည်သူတို့ရအံ့သော နိမိတ်လက္ခဏာများကား ငါ့နာမနှင့်နတ်များကိုနှင်ထုတ်ခြင်း၊ ဘာသာစကားထူး ပြောဆိုခြင်း၊ 18 မြွေများကိုဖမ်းကိုင်ခြင်း၊ အဆိပ်အတောက်ကိုသောက်မိလျှင် ဘေးကင်းခြင်း၊ မကျန်းမမာသူတို့ အပေါ်မှာလက်တင်၍ ကျန်းမာစေခြင်းများတည်းဟု မိန့်တော်မူ၏။
19 အရှင်ယေရှုသည် ထိုသို့မိန့်တော်မူပြီးမှ ကောင်းကင်ဘုံသို့ချီဆောင်ခြင်းကိုခံ၍ ဘုရားသခင့်ယာဘက်တော်၌ စံတော်မူ၏။ 20 တပည့်တော်တို့လည်းထွက်သွားပြီးလျှင် အရှင်ဘုရားခွန်အားပေးတော်မူလျက် ဖြစ်ပျက်သော နိမိတ်လက္ခဏာများအားဖြင့် တရားတော်ကိုအတည်ပြုတော်မူရာတွင် အရပ်ရပ်၌ဟောပြောကြကုန်၏။