7
1 ပြစ်ဒဏ်ပြေရာသက္ကာတရားဟူမူကား၊ အထူးသီးသန့်သည်နှင့်အညီ၊
2 မီးရှို့ရာသက္ကာစီရင်မြဲနေရာ၌ ပြစ်ဒဏ်ပြေရာသက္ကာကိုစီရင်စေ။ အသွေးကို ပလ္လင်တော်ဘေးပတ်လည်၌ သွန်းပက်၍၊
3 ဆီဥရှိသမျှတည်းဟူသော မြီးထူး၊ ဝမ်းတွင်း၌ဖုံးလွှမ်းသောဆီဥ၊
4 ကျောက်ကပ်တစ်စုံနှင့် ခါးစောင်းရှိဆီဥကိုလည်းကောင်း၊ ကျောက်ကပ်အနီးမှခွာရသော အသည်းဆိုင်ရာအညှို့ကိုလည်းကောင်း ဆက်ကပ်ရာ၊
5 ပရောဟိတ်သည် ထာရဘုရားထံမီးပူဇော်ရာအဖြစ် ပြစ်ဒဏ်ပြေရာသက္ကာဖြစ်သည်နှင့်အညီ ပလ္လင်တော်ပေါ်မှာ ပူဇော်ရမည်။
6 အထူးသီးသန့်သည်နှင့်အညီ ပရောဟိတ်ဂိုဏ်းသားယောက်ျားဟူသရွေ့ သီးသန့်ရာအရပ်၌ စားရကြလိမ့်မည်။
7 အပြစ်ဖြေရာသက္ကာတရားအတိုင်း ပြစ်ဒဏ်ပြေရာသက္ကာတရားဖြစ်၏၊ တရားတစ်ပါးတည်းရှိလျက် ထိုသက္ကာမျိုးဖြင့် အပြစ်ဖြေခြင်းကိုပြုသော ပရောဟိတ်ပိုင်ရာဖြစ်သတည်း။
8 အကြင်ပရောဟိတ်သည် လူတစ်ဦးတစ်ေယာက်၏မီးရှို့ရာသက္ကာကို ဆက်ကပ်အံ့။ သက္ကာဆိုင်ရာသားရေသည် ထိုပရောဟိတ်ပိုင်ရာဖြစ်၏။
9 မီးဖို၌ပေါင်းသည်ဖြစ်စေ၊ အိုး၊ သံအိုးကင်း၌လုပ်သည်ဖြစ်စေ၊ ဘောဇဉ်သက္ကာတိုင်း ဆက်ကပ်သောပရောဟိတ်ပိုင်ရာ၊
10 ဆီရောသည်ဖြစ်စေ၊ မရောသည်ဖြစ်စေ၊ ဘောဇဉ်သက္ကာဟူသမျှလည်း ပိုင်းခြားခြင်းမရှိဘဲ အာရုန့်သားစဉ်မြေးဆက်အပေါင်းတို့ ပိုင်ရာဖြစ်သတည်း။
11 ထာဝရဘုရားထံဆက်ကပ်ရသော မိတ်သဟာယပူဇော်သက္ကာတရား ဟူမူကား၊
12 ချီးမွမ်းရာသက္ကာဖြစ်လျှင် ထိုသက္ကာနှင့်တကွ ဆီရောသောတဆေးမဲ့မုန့်ပေါက်၊ ဆီလူးသောတဆေးမဲ့မုန့်ချပ်၊ မုန့်ညက်ဖြင့်လုပ်၍ ဆီရောပြွမ်းသောမုန့်လုံးများကို ဆက်ကပ်စေ။
13 ထိုအလှူဒါနပြင် ချီးမွမ်းရာမိတ်သဟာယပူဇော်သက္ကာနှင့်တကွ တဆေးပါသောမုန့်ပေါက်များကို ဆက်ကပ်စေ။
14 ၎င်းအလှူဒါနများအနက် ထာဝရဘုရားထံမြှောက်ဆက်ရာအလှူအဖြစ်ဖြင့် တစ်မျိုးစီဆက်ကပ်သော်၊ မိတ်သဟာယသက္ကာ၏အသွေးကို သွန်းပက်သောပရောဟိတ်ပိုင်ရာဖြစ်၏။
15 ချီးမွမ်းရာမိတ်သဟာယပူဇော်သက္ကာ၏အသားကို နံနက်တိုင်မချန်ဘဲ လှူဒါန်းသောနေ့ချင်းစားရမည်။
16 သစ္စာဝတ်အလျောက်သော်လည်းကောင်း၊ စေတနာအလျောက်သော်လည်းကောင်းဖြစ်လျှင် ပူဇော်လှူဒါန်းသောနေ့ချင်းစားခွင့်၊ နောက်နေ့လည်း အကျန်ကိုစားခွင့်ရလျက်၊
17 တတိယနေ့မှာ ပူဇော်သက္ကာမှကျန်ခဲ့သမျှအသားကို မီးကျွမ်းစေရမည်။
18 တတိယနေ့မှာ မိတ်သဟာယပူဇော်သက္ကာ၏ အသားကိုစားလျှင် ဆက်ကပ်သူအားအရေးယူ၍ လက်ခံတော်မူမည်မဟုတ်။ ရွံရှာဖွယ်ဖြစ်သည့်အတိုင်း စားသောသူသည် ဒုစရိုက်ဝန်ကိုထမ်းရမည်။
19-20 မသန့်ရာနှင့်ထိမိသောအသားကို မစားအပ်။ မီးကျွမ်းစေရမည်။ အကြင်သူသည် ထာဝရဘုရားပိုင်ရာတော် မိတ်သဟာယပူဇော်သက္ကာ၏အသားကို မသန့်ဘဲလျက်စားအံ့။ ထိုသူသည် အမျိုးမှပယ်ရှားခံရမည်။ သန့်သောသူတိုင်းကား စားခွင့်ရှိ၏။
21 အကြင်သူသည် လူဆိုင်သောမသန့်ရာကိုသော်လည်းကောင်း၊ မသန့်သောတိရစ္ဆာန်ကိုသော်လည်းကောင်း၊ စက်ဆုပ်ဖွယ်မသန့်ရာကိုသော်လည်းကောင်း၊ မသန့်ရာဟူသမျှကိုထိမိလျက် ထာဝရဘုရား၏ပိုင်ရာတော်၊ မိတ်သဟာယပူဇော်သက္ကာ၏အသားကို စားအံ့။ ထိုသူသည် အမျိုးမှပယ်ရှားခံရမည်ဟု မိန့်တော်မူ၏။
22 တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊
23 နွား၊ သိုး၊ ဆိတ်ဆိုင်ရာဆီဥဟူသမျှကို မစားရဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။
24 အိုသေ၊ နာသေ၊ သားရဲကိုက်သေ၊ အကောင်ဆိုင်ရာဆီဥကို အသုံးပြုခွင့်ရှိ၏။ မစားရ။
25 အကြင်သူသည် ထာဝရဘုရားထံ မီးပူဇော်ရာအဖြစ်ဆက်ကပ်အပ်သော တိရစ္ဆာန်၏အသားကိုစားအံ့။
26 ထိုသူသည် အမျိုးမှပယ်ရှားခံရမည်။ ငှက်သွေး၊ တိရစ္ဆာန်သွေးဟူသမျှကိုလည်း သင်တို့နေရာအရပ်ရပ်၌ မသုံးဆောင်ရ။
27 အကြင်သူသည် သုံးဆောင်အံ့။ ထိုသူသည် အမျိုးမှပယ်ရှားခံရမည်ဟု မိန့်တော်မူ၏။
28 တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊
29 ထာဝရဘုရားထံ မိတ်သဟာယပူဇော်သက္ကာဆက်ကပ်သူသည် ထိုသက္ကာအနက် အလှူဒါနကို ထာဝရဘုရားထံတင်သွင်းစေဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။
30 ထာဝရဘုရားထံမီးပူဇော်ရာများကို ကိုယ့်လက်ဖြင့်တင်သွင်းရာ ထိုဆီဥနှင့်တကွရင်ထူးကိုလည်း တင်သွင်းလျက် ထာဝရဘုရားရှေ့ ဦးတိုက်ရာအလှူအဖြစ်ဖြင့် ရင်ထူးကိုဦးတိုက်ပြီးမှ၊
31 ပရောဟိတ်သည် ပလ္လင်တော်ပေါ်မှာ ဆီဥကိုမီးဖြင့်ပူဇော်ရမည်။ ရင်ထူးကား၊ အာရုန်နှင့်သားစဉ်မြေးဆက်တို့ ပိုင်ရာဖြစ်သတည်း။
32 မိတ်သဟာယပူဇော်သက္ကာများအနက် မြှောက်ဆက်ရာအလှူအဖြစ် လက်ျာပေါင်ကိုလည်း ပရောဖက်အားလှူကြရမည်။
33 လက်ျာပေါင်သည် အာရုန့်သားစဉ်မြေးဆက်တို့အနက် မိတ်သဟာယသက္ကာ၏အသွေးနှင့်ဆီဥကို ဆက်ကပ်သူ၏ ပိုင်စုဖြစ်သတည်း။
34 ဣသရေလအမျိုးသားတို့ဆက်ကပ်သော မိတ်သဟာယပူဇော်သက္ကာများအနက် ဦးတိုက်ရာရင်ထူး၊ မြှောက်ဆက်ရာပေါင်များကို ငါကောက်လျက် ဣသရေလအမျိုးသားတို့ လှူကြရသောဆွမ်းအဖြစ်ဖြင့် ပရောဟိတ်အာရုန်နှင့် သားစဉ်မြေးဆက်တို့အား အမြဲထုံးဖွဲ့၍ငါပေးခဲ့ပြီဟု မိန့်တော်မူ၏။
35-36 အာရုန်နှင့်သားစဉ်မြေးဆက်တို့ကို ထာဝရဘုရားရှေ့ ပရောဟိတ်အမှုဆောင်ရွက်စေရန် ဘိသိက်သွန်း၍ခေါ်ယူသောနေ့၌ မီးပူဇော်ရာတော်များအနက် ဆိုခဲ့သောပိုင်စုကို ဣသရေလအမျိုးသားတို့ လှူကြရမည်ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း အမျိုးအစဉ်အဆက်အမြဲထုံးဖွဲ့ချက်ဆွမ်းကား ထိုသို့တည်း။
37-38 ထာဝရဘုရားထံ ဣသရေလအမျိုးသားတို့ဆက်ကပ်လှူဒါန်းကြရမည်ဟု သိနာတောတွင် မိန့်မှာတော်မူသောနေ့၌ သိနာတောင်ပေါ်မှာ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသော မီးရှို့ရာသက္ကာ၊ ဘောဇဉ်သက္ကာ၊ အပြစ်ဖြေရာသက္ကာ၊ ပြစ်ဒဏ်ပြေရာသက္ကာ၊ ခန့်ထားခြင်းဆိုင်ရာသက္ကာ၊ မိတ်သဟာယပူဇော်သက္ကာများ၏တရားကား ထိုသို့ပင်တည်း။