4
1 တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊
2 မပြုရဟု ငါထာဝရဘုရားပညတ်တော်မူသောအရာရာကို မတော်တဆပြုကျင့်ပြစ်မှားသူတို့နှင့် စပ်လျဉ်း၍ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။
3 ဘိသိက်ခံပရောဟိတ်သည် လူမျိုးအပေါ်တွင်ပြစ်ဒဏ်ထိုက်သောအပြစ်ကို ပြစ်မှားမိလျှင်၊ ထိုအပြစ်အတွက် ကြန်အင်စုံသောနွားပေါက်ကို အပြစ်ဖြေရာသက္ကာအဖြစ် ထာဝရဘုရားထံဆက်ကပ်စေ။
4 ထာဝရဘုရားရှေ့၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီးသို့ နွားပေါက်ကိုဆောင်သွင်းရာ ဦးခေါင်းပေါ်တွင်လက်တင်၍၊
5 ထာဝရဘုရားရှေ့စီရင်ရမည်။ အသွေးအချို့အဝက်ကို တွေ့ဆုံရာတဲတော်သို့ ဘိသိက်ခံ ပရောဟိတ်ဆောင်ယူပြီးနောက်၊
6 ပရောဟိတ်သည် လက်ချောင်းနှိုက်၍ ထာရဝဘုရားမျက်မှောက်၊ သန့်ရှင်းရာဌာနတော်ကန့်လန့်ကာရှေ့၊ အသွေးကိုခုနစ်ကြိမ်ဖျန်းခြင်း၊
7 ထာဝရဘုရားမျက်မှောက် တွေ့ဆုံရာတဲတော်ရှိ၊ နံ့သာထင်းတင်ရှို့ရာပလ္လင်တော်စိန်တောင်များ၌ အသွေးသုတ်ခြင်း၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီးရှိ မီးရှို့ပူဇော်ရာပလ္လင်တော်ခြေရင်းသို့ အသွေးကျန်သမျှကို လောင်းခြင်းပြုရမည်။
8-10 မိတ်သဟာယပူဇော်သက္ကာနွားမှ ချီယူသည့်နည်းတူ အပြစ်ဖြေရာသက္ကာနွားမှ ဆီဥရှိသမျှတည်းဟူသော ဝမ်းတွင်း၌ဖုံးလွှမ်းသောဆီဥ၊ အုပ်ရစ်သောဆီဥရှိသမျှ ကျောက်ကပ်တစ်စုံနှင့် ခါးစောင်းရှိဆီဥကိုလည်းကောင်း၊ ကျောက်ကပ်အနီးမှခွာရသော အသည်းဆိုင်ရာအညှို့ကိုလည်းကောင်း၊ ချီယူပြီးလျှင် ပရောဟိတ်သည် မီးရှို့ပူဇော်ရာပလ္လင်တော်ပေါ်တွင် ပူဇော်ရမည်။
11 နွား၏အရေ၊ အသား၊ ဦးခေါင်း၊ ခြေ၊ အူ၊ အူနုများနှင့်တကွ၊
12 တစ်ကောင်လုံးကိုကား တပ်စခန်းပြင်၊ ပြာသွန်သောစင်ကြယ်ရာအရပ်သို့ဆောင်သွားလျက် မီးထင်းပေါ်တွင်ကျွမ်းလောင်စေရမည်။
13 ဣသရေလတစ်မျိုးလည်း ပရိသတ်အစည်းအဝေးသည် မပြုရဟု ထာဝရဘုရားပညတ်တော်မူသောအရာရာကို မထင်မြင်ဘဲပြုကျင့်မှားယွင်းလျက် ပြစ်ဒဏ်ခံထိုက်ကြသည်ဖြစ်လျှင်၊
14 ပြစ်မှားမိသောအပြစ်ထင်ရှားသောအခါ အပြစ်ဖြေရာသက္ကာအဖြစ် နွားပေါက်ကိုဆက်ကပ်၊ တွေ့ဆုံရာတဲတော်ရှေ့ဆောင်သွင်းပြီးလျှင်၊
15 ပရိသတ်လူကြီးတို့သည် ထာဝရဘုရားမျက်မှောက်၊ နွားဦးခေါင်းပေါ်တွင် လက်တင်လျက် မျက်မှောက်တော်တွင်ပင် စီရင်စေကြရမည်။
16 အသွေးအချို့အဝက်ကို တွေ့ဆုံရာတဲတော်သို့ ဘိသိက်ခံပရောဟိတ်ဆောင်ယူပြီးနောက်၊
17 ပရောဟိတ်သည် လက်ချောင်းနှိုက်၍ ထာဝရဘုရားမျက်မှောက်၊ ကန့်လန့်ကာရှေ့၊
18 အသွေးကိုခုနစ်ကြိမ်ဖျန်းခြင်း၊ ထာဝရဘုရားမျက်မှောက်တွေ့ဆုံရာတဲတော်ရှိ ပလ္လင်တော်စိန်တောင်များ၌ အသွေးသုတ်ခြင်း၊ တွေ့ဆုံရာတဲတော်မုတ်ဝအနီးရှိ မီးရှို့ပူဇော်ရာပလ္လင်တော်ခြေရင်းသို့ အသွေးကျန်သမျှကိုလောင်းခြင်း၊
19 ဆီဥရှိသမျှကို ချီယူ၍ ပလ္လင်တော်ပေါ်မှာမီးဖြင့်ပူဇော်ခြင်းပြုရမည်။
20 အပြစ်ဖြေရာသက္ကာနွား၌ပြုသကဲ့သို့ ဤနွား၌လည်းပြုလျက် ပရောဟိတ်သည် ပရိသတ်အပြစ်အဖို့ ဖြေခြင်းကိုပြုသည့်အတိုင်း ချမ်းသာရကြလိမ့်မည်။
21 နွားကောင်ကိုတပ်စားခန်းပြင်သို့ ဆောင်သွားပြီးလျှင် အစည်းအဝေးအဖို့ အပြစ်ဖြေရာသက္ကာဖြစ်သည်နှင့်အညီ အထက်နွားကဲ့သို့ကျွမ်းလောင်စေရမည်။
22 မှူးမတ်တစ်ဦးသည် မပြုရဟု ကိုယ်ဘုရားသခင်ထာဝရဘုရား ပညတ်တော်မူသောအရာကို မတော်မဆပြစ်မှားပြုကျင့်လျက် ပြစ်ဒဏ်ခံထိုက်သည်ဖြစ်လျှင်၊
23 ပြစ်မှားမိသောအပြစ်ကိုသိသောအခါ ကြန်အင်စုံသောဆိတ်ထီးကို လှူဒါးန်တင်သွင်း၍၊
24 ဦးခေါင်းပေါ်တွင်လက်တင်ပြီးလျှင် အပြစ်ဖြေရာသက္ကာဖြစ်သည်နှင့်အညီ ထာဝရဘုရားမျက်မှောက် မီးရှို့ရာသက္ကာကို စီရင်မြဲနေရာ၌စီရင်စေ။
25 ပရောဟိတ်သည် အပြစ်ဖြေရာသက္ကာ၏အသွေးကို လက်ချောင်းဖြင့်တို့ယူ၍ မီးရှို့ပူဇော်ရာပလ္လင်တော်စိန်တောင်များ၌သုတ်ခြင်း၊ ကျန်သောအသွေးကို ပလ္လင်တော်ခြေရင်းသို့လောင်းခြင်း၊
26 မိတ်သဟာယပူဇော်သက္ကာဆီဥကဲ့သို့ ဆီဥရှိသမျှကိုပလ္လင်တော်ပေါ်မှာ မီးဖြင့်ပူဇော်ခြင်းပြု၍ ထိုသူ့အပြစ်အဖို့ဖြေခြင်းကို ပြုသည့်အတိုင်း ချမ်းသာရလိမ့်မည်။
27 ပြည်သူပြည်သားတို့အနက် တစ်ယောက်ယောက်သည် မပြုရဟု ထာဝရဘုရားပညတ်တော်မူသောအရာရာကို မတော်တဆပြစ်မှားပြုကျင့်လျက် ပြစ်ဒဏ်ခံထိုက်သည်ဖြစ်လျှင်၊
28 ပြစ်မှားမိသောအပြစ်ကို သိသောအခါ ကြန်အင်စုံသောဆိတ်မကို ထိုအပြစ်အတွက် လှူဒါန်းတင်သွင်း၍၊
29 အပြစ်ဖြေရာသက္ကာဦးခေါင်းပေါ်တွင် လက်တင်ပြီးလျှင် မီးရှို့ပူဇော်မြဲပူဇော်ရာ၌စီရင်စေ။
30 ပရောဟိတ်သည် အသွေးကိုလက်ချောင်းဖြင့်တို့ယူ၍ မီးရှို့ပူဇော်ရာပလ္လင်တော်စိန်တောင်များ၌သုတ်ခြင်း၊ အသွေးကျန်သမျှကို ပလ္လင်တော်ခြေရင်းသို့လောင်းခြင်း၊
31 မိတ်သဟာယပူဇော်သက္ကာများအနက် ဆီဥကိုခွါသကဲ့သို့ ဆီဥရှိသမျှကိုခွါပြီးလျှင် ပလ္လင်တော်ပေါ်မှာ မီးနှင့်ပူဇော်ခြင်းပြုလျက် ထိုသူ့အပြစ်အဖို့ ဖြေခြင်းကိုပြုသည့်အတိုင်း ချမ်းသာရလိမ့်မည်။
32 အပြစ်ဖြေရာသက္ကာအဖြစ်ဖြင့် သိုးသားငယ်ကိုလှူဒါန်းလျှင်၊
33 ကြန်အင်စုံသောအမကိုတင်သွင်း၍ ဦးခေါင်းပေါ်တွင်လက်တင်ပြီးလျှင် အပြစ်ဖြေရာသက္ကာအဖြစ်ဖြင့် မီးရှို့ရာသက္ကာကိုစီရင်မြဲနေရာ၌ စီရင်စေ။
34 ပရောဟိတ်သည် အပြစ်ဖြေရာသက္ကာအသွေးကို လက်ချောင်းဖြင့်တို့ယူ၍ မီးရှို့ပူဇော်ရာပလ္လင်တော်စိန်တောင်များ၌သုတ်ခြင်း၊ အသွေးကျန်သမျှကို ပလ္လင်တော်ခြေရင်းသို့လောင်းခြင်း၊
35 မိတ်သဟာယပူဇော်သက္ကာသိုးသားငယ်မှ ဆီဥကိုခွာသကဲ့သို့ ဆီဥရှိသမျှကိုခွါပြီးလျှင်၊ ထာဝရဘုရားထံမီးပူဇော်ရာများအပေါ်တွင် ပလ္လင်တော်ထက်ပူဇော်ခြင်းပြုလျက် ပြစ်မှားမိသောအပြစ်အဖို့ဖြေခြင်းကို ပြုသည့်အတိုင်း ချမ်းသာရလိမ့်မည်။