11
1 မောရှေနှင့်အာရုန်တို့အား၊
2 ထာဝရဘုရားက မြေကြီးတိရစ္ဆာန်တို့အနက် စားအပ်သောသတ္တဝါမျိုးကား၊ ဤသို့တည်းဟု ဣသရေလအမျိုးသားတို့အား ဆင့်ဆိုကြလော့။
3 သားယဉ်သားရဲတို့အနက် ခွာကွဲပြားလျက်စားမြှုံ့ပြန်တတ်သောအကောင်ဟူသမျှကို စားအပ်၏။
4 စားမြှုံ့ပြန်သောအကောင်၊ ခွာကွဲသောအကောင်တို့အနက် မစားအပ်သောအကောင်မျိုးမှာ၊ ကုလားအုပ်သည် စားမြှုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့မသန့်။
5 ခွေးတူဝက်တူသည် စားမြှုံ့ပြန်သော်လည်း ခွါမကွဲသောကြောင့် မသန့်။
6 ယုန်သည် စားမြှုံ့ပြန်သော်လည်း ခွါမကွဲသောကြောင့် မသန့်။
7 ဝက်သည် ခွါကွဲပြားသော်လည်း စားမြှုံ့မပြန်သောကြောင့် မသန့်။
8 သင်တို့အဖို့မသန့်သည့်အလျောက် အသားကိုမစားရ။ အသေကောင်ကိုလည်း မထိကြရ။
9 ရေရှိအကောင်တို့အနက် စားအပ်ကြသည်မှာ ပင်လယ်ရေ၊ မြစ်ရေများ၌နေလျက် ဆူးထောင်၊ အကြေးရှိသောအကောင်ဟူသမျှကို စားအပ်၏။
10 ပင်လယ်ရေ၊ မြစ်ရေများ၌နေလျက် ရေသတ္တဝါစုတို့အနက်၊ ဆူးထောင်၊ အကြေးမရှိသောအကောင်ဟူသမျှသည် သင်တို့စက်ဆုပ်ဖွယ်ဖြစ်၏။
11 စက်ဆုပ်ဖွယ်ဖြစ်သည့်အလျောက် အသားကိုမစားရ။ အသေကောင်ကိုလည်း စက်ဆုပ်ကြရမည်။
12 ရေ၌နေလျက် ဆူးထောင်၊ အကြေးမရှိသောအကောင်ဟူသမျှသည် စက်ဆုပ်ဖွယ်ဖြစ်သတည်း။
13 စက်ဆုပ်ဖွယ်ဖြစ်သည့်အလျောက် မစားရဘဲ စက်ဆုပ်အပ်သောအတောင်ရှိအကောင်တို့ဟူမူကား၊
14-15 ရွှေလင်းတ၊ လင်းတပါးနီ၊ လင်းယုန်၊ ဥသြ၊
16 စွန်အမျိုးမျိုး၊ ကျီးအမျိုးမျိုး၊ ငှက်ကုလားအုပ်၊ ခင်ပုပ်၊
17 ဇင်ရော်၊ သိမ်းအမျိုးမျိုး၊ ဇီးကွက်၊ တင်ကျီး၊ တီးတုတ်၊
18-19 ရေကြက်၊ ဝံပို၊ လင်းတမွဲ၊ ငှက်ကျား၊ ဥဗျိုင်းအမျိုးမျိုး၊ မြီးတောင်ပို၊ လင်းဆွဲတို့တည်း။
20 လေးချောင်းထောက်သွားလာလျက် အတောင်ရှိသောအကောင်စုဟူသမျှသည် သင်တို့စက်ဆုပ်ဖွယ်ဖြစ်၏။
21 လေးချောင်းထောက်သွားလာလျက် အတောင်ရှိသောအကောင်စုတို့အနက် မြေပေါ်ကခုန်လွှားနိုင်ရန် ခြေတံရှည်သော၊
22 ကျိုင်းအမျိုးမျိုး၊ ပုစဉ်းအမျိုးမျိုး၊ ပုရစ်အမျိုးမျိုး၊ နှံကောင်အမျိုးမျိုးကို စားအပ်၏။
23 ခြေလေးဘက်သက်သက်နှင့် အတောင်ရှိသောအကောင်စုဟူသမျှကား စက်ဆုပ်ဖွယ်ဖြစ်သတည်း။
24 သင်တို့သည် ထိုအကောင်များအားဖြင့် မသန့်ရာရောက်ကြလိမ့်မည်။ အသေကောင်ကို ထိမိသောသူတိုင်း ညဉ့်ဦးတိုင်မသန့်လျက်နေရမည်။
25 အသေကောင်ကိုဆောင်သွားသောသူတိုင်းလည်း အဝတ်ဖွပ်လျှော်၍ ညဉ့်ဦးတိုင်မသန့်လျက်နေရမည်။
26 ခွါစုံလျက်မကွဲ၊ စားမြှုံ့မပြန်သောတိရိစ္ဆာန်ဟူသမျှသည် သင်တို့အဖို့မသန့်သည်နှင့် ထိမိသောသူတိုင်း မသန့်ရာရောက်လိမ့်မည်။
27 လေးချောင်းထောက်သွားလာသောတိရစ္ဆာန်တို့အနက် ခွာမဟုတ်ဘဲသွားလာသောအကောင်ဟူသမျှသည် မသန့်သည့်အလျောက် အသေကောင်ကိုထိမိသောသူတိုင်း ညဉ့်ဦးတိုင်မသန့်လျက်နေရမည်။
28 မသန့်သည်နှင့်အညီ အသေကောင်ကိုဆောင်သွားသောသူလည်း အဝတ်ဖွပ်လျှော်၍ ညဉ့်ဦးတိုင်မသန့်လျက်နေရမည်။
29 မြေရှိေပါများသော သတ္တဝါစုတို့အနက် သင်တို့အဖို့မသန့်သောအကောင်များဟူမူကား၊ မြွေပါ၊ ကြွက်၊ ဖွတ်အမျိုးမျိုး၊
30 တက်တူ၊ သင်းခွေချပ်၊ ပုတ်သင်၊ သင်းချော၊ ပွေးတို့တည်း။
31 သတ္တဝါစုတို့အနက် ထိုအကောင်များမသန့်သည့်အလျောက် အသေကောင်ကိုထိမိသူတိုင်း ညဉ့်ဦးတိုင်မသန့်လျက်နေရမည်။
32 အသုံးပြုရန်သစ်သား၊ အထည်၊ သားရေ၊ လျှော်တေဖြင့်လုပ်သောအသုံးအဆောင်တစ်စုံတစ်ခုပေါ်တွင် အသေကောင်ကျလျှင် ထိုအရာကိုရေစိမ်၍ ညဉ့်ဦးတိုင်မသန့်လျက်နေပြီးမှ သန့်ရာရောက်လိမ့်မည်။
33 မြေအိုးတွင်းသို့ကျလျှင် အိုးတွင်းရှိသမျှသည် မသန့်ရာရောက်၍ အိုးကိုခွဲရမည်။
34 ၎င်းအိုးတွင် ရေဖြင့်ချက်စားရသောအစာနှင့် သောက်ရန်အရည်ဟူသမျှလည်း မသန့်။
35 မီးဖို၊ ခုံလောက်ပေါ်သို့ အသေကောင်ကျလျှင် မသန့်သဖြင့်ခွဲဖျက်ရမည်။ မသန့်သည့်အလျောက် သင်တို့အဖို့မသန့်။
36 ရေစုဝေးရာစမ်းပေါက်၊ ကန်ဆည်ဖြစ်လျှင်မူကား သန့်၏။ အသေကောင်ကိုထိမိသူမှာ မသန့်။
37 ကြဲရန်မျိုးစေ့ပေါ်တွင် အသေကောင်ကျလျှင်သန့်၏။
38 ရေစိမ်မှကျလျှင် မသန့်ရာရောက်သတည်း။
39 မစားအပ်သောသတ္တဝါသေလျှင် အသေကောင်ကိုထိမိသောသူသည် ညဉ့်ဦးတိုင်မသန့်လျက်နေရမည်။
40 စားမိသောသူမူကား၊ အ၀တ်ဖွပ်လျှော်၍ ညဉ့်ဦးတိုင်မသန့်လျက်နေရမည်။ ဆောင်သွားသောသူလည်း အဝတ်ဖွပ်လျှော်၍ ညဉ့်ဦးတိုင်မသန့်လျက် နေရမည်။
41 မြေရှိပေါများသော သတ္တဝါယုတ်ဟူသမျှသည် စက်ဆုပ်ဖွယ်ဖြစ်သည့်အတိုင်း မစားအပ်။
42 အပါဒက၊ စတုပါဒက၊ ဗဟုပါဒက၊ မြေရှိပေါများသောသတ္တဝါယုတ်ဟူသမျှပင် စက်ဆုပ်ဖွယ်ဖြစ်သည့်အလျောက် မစားအပ်။
43 ထိုသတ္တဝါစုတစ်ကောင်ကောင်ဖြင့် ကိုယ်ကိုစက်ဆုပ်ဖွယ်မဖြစ်စေရ။ မသန့်ရာရောက်အောင် ကိုယ်ကိုမညစ်ညူးစေရ။
44 ငါသည်သင်တို့ ဘုရားသခင်ထာဝရဘုရားဖြစ်လျက် သန့်ရှင်းသည်နှင့်အညီ ကိုယ်ကိုသီးသန့်ထားလျက် သန့်ရှင်းစေကြလော့။ မြေရှိပေါများသော သတ္တဝါစုတစ်ကောင်ကောင်ဖြင့် ကိုယ်ကိုမညစ်ညူးစေရ။
45 ငါသည်သင်တို့ဘုရားသခင်ဖြစ်ခြင်းငှါ
အိဂျစ်ပြည်မှသင်တို့ကိုထုတ်ဆောင်ခဲ့သော ထာဝရဘုရားဖြစ်လျက် သန့်ရှင်းသည်နှင့်အညီ သင်တို့လည်းသန့်ရှင်းကြရမည်။
46-47 မသန့်သောအရာ၊ သန့်သောအရာ၊ စားအပ်သောသတ္တဝါ၊ မစားအပ်သောသတ္တဝါများကို ပိုင်းခြားကြရန်၊ သားယဉ်သားရဲ၊ အတောင်ရှိသတ္တဝါ၊ ရေ၌နေလျက် လှုပ်ရှားသောသတ္တဝါ၊ မြေရှိပေါများသောသတ္တဝါစုတိုင်း ဆိုင်ရာတရားကား ထိုသို့တည်းဟုမိန့်တော်မူ၏။