4
ရွှေသည် အရည်မှိန်ခြင်း၊ သိင်္ဂနိက်သည် အရည်ယုတ်ခြင်း၊ သန့်ရှင်းရာဌာန၏ ကျောက်မျက်များသည်၊ လမ်းဆုံတိုင်း၌ ကြဲပစ်ခြင်း၊ ရွှေစင်နှင့်စက်အပ်သောဇိအုန်မြို့သားရတနာတို့သည်၊ အိုးထိန်းသည့်လက်ဖြစ်မြေအိုးများကဲ့သို့၊ အဖိုးပြတ်ခြင်းများကို၊ ခံရကြလေစွ။ ခွေးအမတို့သည်၊ သားငယ်များကိုနို့တိုက်ကျွေးမွေးကြသော်လည်း၊ ငါ့လူမျိုးချင်း သတို့သမီးသည်၊ တောနေငှက်ကုလားအုပ်များကဲ့သို့ ရက်စက်ကြလေစွ။ နို့စို့သူငယ်တို့သည်၊ အာခေါင်၌လျှာကပ်သည့်တိုင်အောင် နို့ငတ်လျက်၊ ထမင်းတောင်းသောနို့ညှာတို့လည်း၊ ကျွေးမွေးသူကင်းလျက်၊ မြိန်မြိန်ရှက်ရှက် စားခဲ့သူတို့သည်၊ လမ်းများတွင်ခိုကိုးရာမဲ့လျက်၊ ကမ္ပလာနီ၀တ်ဆင်ခဲ့သူတို့သည် အမှိုက်ပုံ၀ပ်လျက်၊ နေရှာရကြလေစွ။ လူ့လက်ဖြင့်မဟုတ်ဘဲ၊ ရှောင်တခင်ဖြိုလှဲခံရသော၊ သောဒုံမြို့ပြစ်ဒဏ်ထက်၊ ငါ့လူမျိုးချင်းသတို့သမီးခံသောစီရင်ဒဏ်ကြီးလေးသည်တကား။ မိုးပွင့်ထက်ဖွေးလျက်၊ နို့ရည်ထက်ဖြူလျက်၊ ပတ္တမြားထက်အဆင်းနီလျက်၊ နီလာနှင့်အမျှတောက်ပဖူးသူအကြီးအကဲတို့သည်၊ လမ်းတွင်သိမှတ်သူကင်းသည့်တိုင်အောင်၊ မီးသွေးထက် အသားမည်းလျက်၊ ထင်းသဖွယ်တွန့်သောအရေနှင့်အရိုးကပ်လျက်၊ ပျက်ယွင်းကြလေစွ။ ဓားဘေးဖြင့်လုပ်ကြံခံရသူတို့သည်ေမြထွက်အသီးအနှံလိုလျက်၊ မွတ်သိပ်ခြင်းေဘးြဖင့်နာကျင်စွာေကြကွဲေအာင်လုပ်ကြံကြသူတို့ထက်သာယာကြ၏။ 10 ထောက်စာသောမိန်းမတို့ပင်၊ ငါ့လူမျိုးချင်း သတို့သမီးပျက်စီးရာ၌၊ ကိုယ့်သားသမီးတို့ကိုဟင်းလျာ အဖြစ်ပြုတ်စားခဲ့ကြပြီတကား။ 11 ထာဝရဘုရားသည် အမျက်ဒေါသအရှိန်ကုန်၊ သွန်းလောင်းလျက်၊ ဇိအုန်မြို့အခြေအမြစ်ပါ၊ ကျွမ်းလောင်သောမီးကို မွေးတော်မူလေပြီ။ 12 ယေရုရှလင်မြို့တံခါးများဖြင့်၊ ရန်ဘက်ရန်သူတို့ချီဝင်ခွင့်ရကြမည်ကို၊ မြေပေါ်စံဘုရင်တို့မှစသော၊ နေထိုင်သူတစ်ဦးတစ်ယောက်မျှမယုံသော်လည်း၊ 13 မြို့အတွင်းတွင်၊ ဖြောင့်မတ်သူတို့အသွေးကို သွန်းခဲ့သော ပရောဖက်နှင့် ပရောဟိတ်တို့အပြစ်ဒုစရိုက်များကြောင့်၊ ထိုသို့ဖြစ်ရသည်တကား။ 14-16 ထိုပရောဟိတ်နှင့် အကြီးအကဲတို့သည်၊ ရိုသေသူ၊ အားနာသူကင်းလျက်၊ အဝတ်ကိုမျှလူတို့မထိဝံ့သည့်တိုင်အောင်၊ အသွေးစွန်းကွက်လျက်၊ မျက်မမြင်တို့ကဲ့သို့ စမ်းယမ်းသွားလာရကြ၏။ ထွက်သွားကြလော့။ သင်တို့မသန့်၊ ထွက်သွား၊ ထွက်သွားလော့။ မထိခိုက်ကြလင့်ဟု ခြိမ်းချောက်သည့်အတိုင်း၊ အခြားပြည်သို့ပြေးသွားကြသော်၊ ဤတွင်မနေရဟု၊ ထိုပြည်သားတို့မြစ်တားကြပြန်၏။ ထာဝရဘုရားကိုယ်တော်တိုင်ပင် ကွဲလွင့်စေသည့်အလျောက်၊ နောင်အရေးယူတော်မူမည်မဟုတ်။ 17 ငါတို့သည်၊ အချည်းနှီးသော စစ်ကူခြင်းကို ေမျှာ်လျက်၊ မျက်စိအားကုန်၏။ ဘေးမလွတ်စေနိုင်သော လူမျိုးခြားကို၊ စောင့်စားေမျှာ်စောကြလေပြီ။ 18 ငါတို့သည် အဆုံးတိုင်လုပြီ။ အသက်တာစေ့လုပြီ။ ဆုံးခန်းရောက်လေစွ။ 19 လမ်းသို့မသွားဝံ့သည့်တိုင်အောင်၊ ငါတို့ကို ထက်ကြပ်လိုက်လံသူတို့သည်၊ ကောင်းကင်၌ ပျံသောလင်းယုန်ထက်လျင်မြန်သည့်အတိုင်း၊ တောင်တန်းပေါ်တွင် လိုက်ရှာခြင်း၊ တောတွင်တပ်ပုန်းချခြင်းပြုလျက်၊ 20 အရိပ်တော်အောက်၊ လူမျိုးခြားတို့ဘောင်တွင် မှီခိုခွင့်ရမည်ဟု၊ ငါတို့ေမျှာ်လင့်ခဲ့ကြသောထာဝရဘုရား၏ဘိသိက်တော်ခံမင်း၊ ငါတို့ထွက်သက်ဝင်သက်တော်ကို၊ တွင်းကျဖြင့် ဖမ်းမိကြ၏။ 21 ဥဇပြည်၌နေထိုင်သောအိုသတို့သမီးဧဒုံ၊ အားရရွှင်လန်းလော့။ သင်လည်း၊ ဖလားတော်ရောက်သဖြင့်ယစ်မူးလျက်၊ အဝတ်အချည်းစည်းနေရလိမ့်မည်။ 22 အိုသတို့သမီးဇိအုန်၊ သင်ခံရသောစီရင်ဒဏ်အပြီးသတ်လေပြီ။ နောက်တစ်ဖန်သုံ့ပန်းသိမ်းသွားတော်မူမည်မဟုတ်။ အိုသတို့သမီးဧဒုံ၊ သင့်အပြစ်ကို ဖော်ပြလျက်၊ ဒုစရိုက်ကိုစီရင်တော်မူမည်။