2
ထိုနေ့ရက်ကာလ တစ်နိုင်ငံလုံးရှိလူဦးရေစာရင်းယူစေရန် ကဲသာသြဂုတ္ထုဘုရင်မင်းအမိန့်ထုတ်ဆင့်၏။ ထိုပဌမစာရင်းယူခြင်းမှာ ကုရေနိသည် ရှုရိပြည်တွင် ဘုရင်ခံချုပ်ဖြစ်စဉ်တည်း။ ထိုအခါ လူအသီးအသီးတို့သည် ကိုယ့်အနွယ်ဇာတိမြို့ရွာသို့ စာရင်းဝင်ရန်သွားကြရာ၊ ယောသပ်လည်း ဒါဝိဒ်မင်းအမျိုးအနွယ်ဖြစ်သောကြောင့် ဂါလိလဲနယ်နာဇရက်မြို့မှထွက်၍ ယုဒနယ်ဗက်လင်ခေါ် ဒါဝိဒ်မင်းဇာတိမြို့သို့၊ ထိမ်းမှန်းထားသောမာရိနှင့်တကွ စာရင်းဝင်ရန်သွား၏။ မာရိသည် ကိုယ်ဝန်ဆောင်၍ ထိုမြို့တွင်ရှိနေကြစဉ်၊ ဖွားချိန်စေ့သဖြင့် သားဦးကိုဖွားမြင်ရာ၊ စရပ်တွင် နေရာလပ်မရှိသောကြောင့် အနှီးနှင့်ပတ်လျက် နွားစားခွက်တွင်သိပ်ထားရ၏။
ထိုကျေးလက်စားကျက်၌ သိုးအုပ်ကိုညဉ့်အခါစောင့်ကြည့်ထိန်းကျောင်းသော သိုးထိန်းတို့ရှိကြရာ၊ ထာဝရဘုရား၏စေတမန်တစ်ပါးပေါ်လာ၍ သူတို့ပတ်၀န်းကျင်တွင် ထာဝရဘုရား၏ဘုန်း တော်ထွန်းတောက်သဖြင့် အလွန်ကြောက်ရွံ့ကြသော်၊ 10 စေတမန်တော်က မကြောက်ကြနှင့်။ နားထောင်ကြလော့။ လူမျိုးတော်လုံးဆိုင်ရာအလွန် ရွှင်လန်းဝမ်းမြောက်ဖွယ်သတင်းကို ငါကြားပြောလာပြီ။ 11 အရှင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် ဒါဝိဒ်မင်းဇာတိမြို့တွင် ယနေ့သင်တို့ အဖို့ဖွားမြင်တော်မူပြီ။ 12 သိကြရန်နိမိတ်လက္ခဏာမှာ အနှီးနှင့်ပတ်လျက် နွားစားခွက်တွင်သိပ်ထားသောသူငယ်ကို တွေ့ကြလိမ့်မည်ဟု မြွက်ဆို၏။ 13 ထိုကာလ စေတမန်တော်နှင့်အတူ ကောင်းကင်ဗိုလ်ခြေအများတို့ ရုတ်တရက်ထင်ရှား၍၊ 14 ကောင်းကင်ဘဝဂ်တွင် ဘုရားသခင်၌ဘုန်းကြီးခြင်း၊ မြေကြီးပေါ်တွင်နှစ်သက်တော်မူသော လူသတ္တဝါတို့၌ ငြိမ်သက်ခြင်းရှိပါစေသတည်းဟု မြွက်ဆို၍ ဘုရားသခင်ကိုထောမနာပြုကြ၏။ 15 စေတမန်တော်တို့သည် ကောင်းကင်ဘုံသို့တက်သွားကြသော် သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့ရောက်သွား၍၊ ထာဝရဘုရားဖော်ပြတော်မူသော ဤအခြင်းအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်းပြောဆိုသည့်အတိုင်း အလျင်အမြန်သွားလျက်၊ 16 မာရိနှင့်ယောသပ်မှစ၍ နွားစားခွက်တွင်သိပ်ထားသောသူငယ်တော်ကို တွေ့မြင်ကြရာ၊ 17 သူငယ်တော့်အကြောင်း ခံခဲ့ရသောဗျာဒိတ်တော်ကိုပြန်ကြားကြလျှင်၊ 18 ကြားသမျှသောသူတို့သည် သိုးထိန်းတို့ပြန်ကြားသောအကြောင်းအရာများကို အံ့သြကြ၏။ 19 မာရိမူကား ထိုအခြင်းအရာရှိသမျှကို နှလုံးသွင်း၍ စဉ်းစားလျက်နေ၏။ 20 သိုးထိန်းတို့လည်း နာခံခဲ့သည့်အတိုင်း ကြားရသမျှ၊ မြင်ရသမျှအတွက် ဘုရားသခင့် ဘုန်းတော်ကိုချီးမြှောက်၍ ထောမနာပြုလျက်ပြန်သွားကြ၏။
21 ကိုယ်တော်ကိုလှီးဖြတ်ခြင်းမင်္ဂလာပေးရန် ရှစ်ရက်စေ့သော်၊ သန္ဓေမတည်မီ စေတမန်တော် သမုတ်ခဲ့သောယေရှုအမည်ဖြင့် မှည့်ကြ၏။
22-24 ထိုနောက် မောရှေ၏ပညတ္တိကျမ်းအတိုင်း သန့်စေခြင်းဆိုင်ရာနေ့ရက်များ ကုန်လွန်သည့်ကာလ အဦးဖွားသောသားယောက်ျားတိုင်း ထာဝရဘုရားအဖို့ သီးသန့်သူဟုသမုတ်ရမည်ဟူ၍ ထာဝရဘုရား၏ပညတ်တရားတော်ချက်အရ သူငယ်တော်ကိုထာဝရဘုရားအားဆက်သရန်လည်းကောင်း၊ ထာဝရဘုရား၏ပညတ်တရားတော်ချက်အရ ချိုးတစ်စုံကိုဖြစ်စေ၊ ခိုငယ်နှစ်ကောင်ကိုဖြစ်စေပူဇော်ရန်လည်းကောင်း၊ သူငယ်တော်ကိုယေရုရှလင်မြို့သို့ဆောင်သွားကြ၏။ 25 ထိုအခါ ယေရုရှလင်မြို့တွင် ဣသရေလလူမျိုးတို့ချမ်းသာရာချမ်းသာကြောင်းကို စောင့်မြော်လျက် ဘုရားတရားကြည်ညိုသော သူတော်ကောင်းရှုမောင်အမည်ရှိသူတစ်ယောက်ရှိရာ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည့်အတိုင်း၊ 26 ထာဝရဘုရား၏ဘိသိက်တော်ခံမင်းကို မဖူးမီမသေရဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗျာဒိတ်တော်ခံခဲ့ရပြီ။ 27 ဝိညာဉ်တော်ကြောင့်၊ ဗိမာန်တော်အတွင်းဝင်ရောက်ရာ သူငယ်တော်ယေရှုကို ပညတ်တရား တော်ထုံးနည်းအလျောက်ပြုရန် မိဘတို့ဆောင်သွင်းကြသည့်ကာလ၊ 28 ချီပွေ့ပြီးလျှင်၊ ဘုရားသခင့်ဂုဏ်တော်ကိုချီးမွမ်းလျက်၊ 29 အိုသခင်ဘုရား၊ အမိန့်တော်အတိုင်း ယခုငြိမ်သက်စွာစုတေခွင့်ကို ကျွန်တော်မျိုးအား သနားတော်မူပါပြီ။ 30-32 လူမျိုးခြားတို့၌ ဗျာဒိတ်အလင်းတော် ဣသရေလလူမျိုးတော်၌ဘုန်းတော်အဖြစ် လူအမျိုးမျိုးရှေ့ပြင်ဆင်တော်မူပြီးသော ကယ်တင်ရာကယ်တင်ကြောင်းကို ဒိၕဋ္ဌဖူးမြင်ရပါပြီဟု မြွက်ဆိုရာ၊ 33 မိဘတို့သည် သူငယ်နှင့်စပ်လျဉ်းသော ထိုမြွက်ဆိုချက်ကို အံ့သြလျက်နေကြ၏။ 34 သူတို့ကိုကောင်းကြီးပေးပြီးလျှင် မယ်တော်မာရိအား ရှုမောင်က၊ နားထောင်လော့။ ဤသူငယ်တော်သည် ဣသရေလလူမျိုးတွင် အများတို့လဲကျစေရာ၊ အများတို့ထမြောက်စေရာအဖြစ် ငြင်းပယ်ကြမည့်နိမိတ်လက္ခဏာအဖြစ် ထားသူနေသည့်အလျောက်၊ 35 လူအများတို့စိတ်အကြံအစည်ထင်ရှားရလိမ့်မည်။ သင့်စိတ်ကိုလည်း သန်လျက်ထုတ်ချင်း ခွင်းလိမ့်မည်ဟုဆို၏။ 36-37 ၎င်းပြင်၊ ပျိုရွယ်သူအဖြစ်က လင်နှင့်ခုနစ်နှစ်ပေါင်းဖော်ပြီးလျှင် ရှစ်ဆယ့်လေးနှစ်တိုင်တိုင် မုဆိုးမအဖြစ်နေလျက် အသက်ကြီးရင့်သူ၊ အာရှအနွယ်ဖာနွေလ၏သမီး အန္နခေါ်ပရောဖက်မတစ်ပါးရှိရာ ဗိမာန်တော်မှမထွက်ဘဲ နေ့ညဉ့်မပြတ်အစာရှောင်လျက် အသနားတော်ခံလျက် ဝတ်ပြုနေသည့်အတိုင်း၊ 38 ထိုအချိန်နာရီတွင်ပင်ချဉ်းလာ၍ ဘုရားသခင့်ကျေးဇူးတော်ကိုချီးမွမ်းလျက် ယေရုရှလင် မြို့ရွေးနုတ်ရာရွေးနုတ်ကြောင်းကို စောင့်မျှော်သူခပ်သိမ်းတို့အား သူငယ်တော့်အကြောင်း ပြောဆို၏။ 39 ထိုနောက် ထာဝရဘုရား၏ပညတ်တရားတော်အရ ဆောင်ရွက်ပြီးစီးသည့်ကာလ နေရင်းဂါလိလဲနယ် နာဇရက်မြို့သို့ပြန်သွားကြ၏။
40 သူငယ်တော်သည် ကြီးပွားခွန်အားတိုးတက်၍ ဉာဏ်ပညာနှင့်ပြည့်လျက် ဘုရားသခင့် ကျေးဇူးတော်သည် ကိုယ်တော့်အပေါ်၌တည်၏။
41 မိဘတို့သည် နှစ်စဉ်ပသခါပွဲချိန် ယေရုရှလင်မြို့သို့သွားလေ့ရှိသည့်အတိုင်၊ 42 သူငယ်တော်အသက်ဆယ့်နှစ်နှစ်ရှိသော်၊ 43 သွားမြဲသွားလျက် ပွဲရက်ကုန်၍ ပြန်ကြစဉ် သူငယ်တော်ယေရှုသည် ယေရုရှလင်မြို့တွင်နေရစ်၏။ 44 မိဘတို့သည် ထိုအကြောင်းကိုမသိဘဲ ခရီးသွားဖော်တို့နှင့်အတူပါမည်ထင်မှတ်သဖြင့်၊ 45 တစ်နေ့ခရီးသွားပြီးမှ၊ ဆွေမျိုးသားချင်းအသိအကျွမ်းတို့တွင်ရှာ၍မတွေ့သော် ယေရုရှလင် မြို့သို့ပြန်သွားလိုက်ရှာရာ၊ 46 သုံးရက်ကြာပြီးနောက် ဗိမာန်တော့်အတွင်း ဆရာတော်တို့ထံနာခံလျက် မေးမြန်းလျက်၊ အလယ်တွင်ထိုင်နေသည်ကိုတွေ့ကြ၏။ 47 ကြားရသူရှိသမျှတို့သည် ဖြေဆိုရာ၌ထိုးထွင်းခြင်းဉာဏ်တော်ကို အံ့သြကြ၏။ 48 မိဘတို့လည်း တွေ့မြင်သော်၊ အံ့အားသင့်၍ မယ်တော်က ငါ့သား၊ ငါတို့ကိုအဘယ်ကြောင့် ဤသို့ပြုဘိသနည်း။ သင့်အဘနှင့်ငါသည် စိတ်ပူပန်စွာရှာရကြလေစွဟုဆိုရာ၊ 49 အဘယ်ကြောင့်ရှာကြသနည်း။ ခမည်းတော်၏ဗိမာန်တွင် အကျွန်ုပ်ရှိနေသင့်ကြောင်း မသိကြလောဟုပြန်၍မေးတော်မူသော်၊ 50 ထိုစကားကိုသူတို့နားမလည်ကြ။ 51 ထိုနောက် ကိုယ်တော်သည် သူတို့နှင့်လိုက်လျက် နာဇရက်မြို့သို့ရောက်ရာ သူတို့အအုပ်အချုပ်အောက်၌ နေတော်မူ၏။ ထိုအချင်းအရာခပ်သိမ်းကို မယ်တော်သည် နှလုံးသွင်းလေ၏။
52 ယေရှုလည်း၊ ဉာဏ်ပညာနှင့်အရပ်အမောင်းကြီးပွားလျက် ဘုရားသခင့်ရှေ့၊ လူ့ရှေ့တိုးတက်၍ မျက်နှာသာရ၏။