10
1 ထိုနောက်အရှင်ဘုရားသည် အခြားတပည့်တော်ခုနစ်ဆယ်ကိုလည်း ခန့်ထားပြီးလျှင်၊ ကြွတော်မူအံ့သောမြို့ရွာတိုင်းသို့ နှစ်ပါးစီတွဲဖက်လျက် ရှေ့လွန်စေလွှတ်၍ မိန့်တော်မူလိုက်သည်မှာ ရိတ်သိမ်းရန်စပါးသည်များလှ၏။
2 လုပ်သားမူကားနည်းလေစွ။ သို့ဖြစ်၍ စပါးတော်ရှိရာသို့ လုပ်သားတို့ကိုစေလွှတ်တော်မူပါမည့်အကြောင်း စပါးရှင့်ထံပဌနာပြုကြလော့။
3 သွားကြ။ ဝံပုလွေအုပ်ထဲသို့ သိုးသားငယ်များကိုလွှတ်သကဲ့သို့ သင်တို့ကိုငါစေလွှတ်၏။
4 ငွေအိတ်၊ လွယ်အိတ်၊ ဖိနပ် မဆောင်ကြနှင့်။ ခရီးသွားစဉ် မည်သူကိုမျှနှုတ်မဆက်ကြနှင့်။
5 မည်သည့်အိမ်သို့မဆိုဝင်သော် ဤအိမ်၌ချမ်းသာတည်ပါစေသောဟူ၍ ဦးစွာဆိုကြလော့။
6 ထိုအိမ်၌ ချမ်းသာခံထိုက်သူရှိလျှင် ပေးခဲ့သောချမ်းသာတည်လိမ့်မည်။ မရှိလျှင်မူကား သင်တို့ထံပြန်လိမ့်မည်။
7 တစ်အိမ်မှတစ်အိမ်သို့ မရွှေ့ပြောင်းဘဲ ထိုအိမ်၌သာတည်းခိုလျက် တည်သမျှကိုစားသောက်ကြလော့။ လုပ်သားသည် အခကိုရထိုက်၏။
8 မည်သည့်မြို့သို့မဆိုဝင်ရာ သင်တို့ကိုလက်ခံကြလျှင် တည်သမျှကိုစားလျက် ထိုမြို့ရှိသူနာတို့ကို ကျန်းမာစေ၍၊
9 ဘုရားသခင့်နိုင်ငံတော်သည် သင်တို့တွင်တည်လုပြီဟု ကြားပြောကြလော့။
10 မည်သည့်မြို့မဆိုဝင်ရာ သင်တို့ကိုလက်မခံကြလျှင်မူကား လမ်းသို့ထွက်၍ သင်တို့မြို့တွင်းမှကပ်သောခြေမုန့်ကိုပင်၊
11 ငါတို့သုတ်ခါကြပြီ။ သို့ရာတွင် ဘုရားသခင့်နိုင်ငံတော် တည်လုသည်ကိုသိမှတ်ကြဟူ၍ ပြောခဲ့ကြလော့။
12 နေ့တော်ကြီး၌ သောဒုံမြို့သည် ထိုမြို့ထက်ခံသာလိမ့်မည် ငါဆို၏။
13 အချင်းခေါရာဇိန်မြို့၊ သင်၌အမင်္ဂလာရှိ၏။ အချင်းဗက်ဇဲဒမြို့၊ သင်၌အမင်္ဂလာရှိ၏။ အသို့ဆိုသော် သင်တို့၌ဖြစ်ဘူးသောအမှုကြီးများသည် တုရုနှင့်ဇိဒုန်မြို့များတွင်ဖြစ်ပျက်ခဲ့လျှင် ရှေးအထက်ကပင် လျှော်တေဝတ်၍ ပြာတွင်ထိုင်လျက် နောင်တရကြလေပြီ။
14 တုရုနှင့်ဇိဒုန်မြို့သည် တရားစီရင်တော်မူသည့်ကာလ သင်တို့ထက်ခံသာလိမ့်မည်။
15 အချင်းကပေရနောင်မြို့၊ မိုးကောင်းကင်တိုင် တက်ရောက်မည်လော။ မရဏာ့နိုင်ငံတိုင်ကျရောက်ရမည်။
16 သင်တို့စကားကိုနာယူသူသည် ငါ့စကားကိုနာယူ၏။ သင်တို့ကိုငြင်းပယ်သူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကိုငြင်းပယ်သူလည်း ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုငြင်းပယ်သည်ဟု မိန့်တော်မူ၏။
17 ထိုခုနစ်ဆယ်တို့သည် ဝမ်းမြောက်စွာပြန်လာပြီးလျှင် အရှင်ဘုရား၊ ကိုယ်တော်၏နာမတော်ဖြင့် နတ်များကိုပင်တပည့်တော်တို့ နိုင်ရပါသည်ဟု လျှောက်ထားကြသော်၊
18 ကိုယ်တော်က စာတန်သည် လျှပ်စစ်သဖွယ်ကောင်းကင်မှ ကျသည်ကိုငါရှုမြင်သည်။
19 မြွေ၊ ကင်းများကိုနင်းခွင့်၊ ရန်သူ၏တန်ခိုးရှိသမျှကိုနိုင်ခွင့်အာဏာငါပေးအပ်၍၊
20 မည်သည့်အန္တရာယ်မျှ သင်တို့၌မရောက်ရ။ သို့ရာတွင် နတ်များကိုနိုင်ရသည့်တွက် ဝမ်းမမြောက်ကြနှင့်။ ကောင်းကင်ဘုံ၌ သင်တို့အမည်ကိုရေးသွင်းသည့်အတွက်သာ ဝမ်းမြောက်ကြလော့ဟုမိန့်တော်မူ၏။
21 ထိုအချိန်နာရီတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ရွှင်လန်းလျက် ကိုယ်တော်က မိုးမြေ့ရှင်အဖခမည်းတော်၊ ဤအရာများကို ပညာရှိနှင့်ဉာဏ်ကောင်းသူတို့အား ဝှက်ထားလျက် သူငယ်တို့အားဖွင့်ပြတော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။ အိုအဘ၊ ထိုသို့အလိုရှိတော်မူသောကြောင့် ချီးမွမ်းပါ၏။
22 ခမည်းတော်သည် ငါ့အားအရာခပ်သိမ်းကို အပ်နှင်းတော်မူပြီ။ သားတော်မည်သူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး မည်သူမျှမသိ။ ခမည်းတော်မည်သူဖြစ်ကြောင်းကိုလည်း သားတော်မှစ၍ သားတော်ဖွင့်ပြလိုသူမှတစ်ပါး မည်သူမျှမသိဟု မိန့်တော်မူပြီးနောက် တပည့်တော်တို့ဘက်သို့လှည့်လျက်၊
23 သင်တို့မြင်သောအရာများကို မြင်ရသောမျက်စိများ၌ မင်္ဂလာရှိ၏။
24 သင်တို့မြင်သောအရာများကို ပရောဖက်နှင့်ဘုရင်မင်းအများသည်မြင်လိုသော်လည်း မမြင်ရကြ။ သင်တို့ကြားသောအရာများကို ကြားလိုသော်လည်းမကြားရကြဟု အသီးအခြားမိန့်တော်မူ၏။
25 ထိုအခါကျမ်းတတ်တစ်ယောက်သည် ကိုယ်တော်ကိုစုံစမ်းရန်ထပြီးလျှင် ဆရာ၊ ထာဝရအသက်ကို အပိုင်ရခြင်းငှာ မည်သို့ပြုရပါမည်နည်းဟုမေးရာ၊
26 ပညတ္တိကျမ်းတွင် မည်သို့ရေးထားသနည်း။ မည်သို့ဖတ်ရသနည်းဟုမိန့်တော်မူသော်၊
27 ထိုသူက သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး၊ အသက်ဝိညာဉ်၊ အစွမ်းသတ္တိ၊ ဉာဏ်သတ္တိအကြွင်းမဲ့ချစ်လော့ဟူ၍လည်းေကာင်း၊ အပေါင်းအဖော်ကို ကိုယ်နှင့်အမျှချစ်လော့ဟူ၍လည်းေကာင်း ရေးထားပါသည်ဟု ပြန်ဆိုသော်၊
28 ကိုယ်တော်ကသင်သည် မှန်ကန်စွာဖြေဆိုလေပြီ၊။ ထိုအတိုင်းပြုလျှင် အသက်ကိုရလိမ့်မည်ဟု မိန့်တော်မူ၏။
29 ကျမ်းတတ်သည် အပြစ်တင်လွတ်လို၍ အပေါင်းအဖော်ကား မည်သူပါနည်းဟုမေးမြန်းသော် ယေရှုဖြေဆိုတော်မူသည်မှာ၊
30 လူတစ်ဦးသည် ယေရုရှလင်မြို့မှယေရိခေါမြို့သို့ခရီးသွားစဉ် ဓားပြတို့လက်တွင်းသို့ရောက်သဖြင့် အဝတ်ချွတ်လျက် သေလုမတတ်ရိုက်နှက်ပြီးလျှင် ထားခဲ့ကြရာ၊
31 ပရောဟိတ်တစ်ပါးသည် ထိုလမ်းဖြင့်သွားမိ၍ တွေ့မြင်သော် ကွင်းသွားလေ၏။
32 ၄င်းနည်းတူလေဝိဂိုဏ်းသားတစ်ယောက်သည် ထိုနေရာသို့ရောက်လာ၍တွေ့မြင်သော် ကွင်းသွားပြန်လေ၏။
33 ခရီးသည် ရှမာရိလူမျိုးတစ်ယောက်မူကား ရောက်လာ၍တွေ့မြင်သော် ကရုဏာသက်သဖြင့် ချဉ်းကပ်ပြီးလျှင်၊
34 ဒဏ်ရာများကို ဆီ၊ စပျစ်ရည်၊ လိမ်းကျံပတ်စည်း၍ ကိုယ်မြည်းပေါ်တွင်တင်ပြီးနောက် စရပ်သို့ဆောင်သွားပြုစုသည့်ပြင်၊
35 နောက်နေ့၌ ငွေနှစ်ကျပ်ကို စရပ်ဒါယကာအားထုတ်ပေးလျက် ထိုသူ့ကိုပြုစုပါ။ ပိုမိုကုန်ကျသမျှကို ပြန်လာသည့်ကာလ ကျွန်တော်ဆပ်ပါမည်ဟုဆို၏။
36 ထိုသုံးဦးအနက် ဓားပြလက်တွင်းသို့ရောက်သူနှင့် အပေါင်းအဖော်မည်သူမှန်သည်ထင်သနည်းဟုမေးတော်မူသော် ကြင်နာသူတည်းဟုဖြေဆိုရာ
37 ယေရှုက ထိုနည်းတူသင်သွား၍ ပြုလော့ဟုမိန့်တော်မူ၏။
38 လမ်းခရီး၌ ရွာတစ်ရွာသို့ကြွဝင်တော်မူသော် မာသအမည်ရှိသောမိန်းမတစ်ယောက်က ကိုယ်တော်ကို ကိုယ့်အိမ်တွင်ဧည့်ခံရာ၊
39 မာရိခေါ်ညီမသည် အရှင်ဘုရား၏ခြေတော်ရင်း၌ထိုင်၍ တရားတော်ကိုကြားနာ၏။
40 မာသမူကား ဝေယျာဝစ္စဆောင်ရွက်မှုနှောင့်ရှက်သဖြင့် ကိုယ်တော့်ထံချဉ်းကပ်ပြီးလျှင် အရှင်ဘုရား၊ တပည့်တော်မတစ်ယောက်တည်းဆောင်ရွက်ရန် ညီမပစ်ထားသည်ကို ဂရုပြုတော်မမူလော။ တပည့်တော်မအားကူညီစေရန် အမိန့်ရှိတော်မူပါဟုလျှောက်သော်၊
41 အရှင်ဘုရားက အိုမာသ၊ မာသ၊ အနည်းငယ်တမည်သာလိုလျက် သင်သည်ဝေယာဝစ္စမှုအများနှင့် စိုးရိမ်ကြောင့်ကြလေစွ။
42 မာရိမှာမူ ကောင်းမြတ်ေသာတမည်ကိုရွေးယူပြီးဖြစ်၍ လွတ်ရမည်မဟုတ်ဟု မိန့်တော်မူ၏။