20
1 ထိုကာလ ဟေဇကိမင်း၌ သေအံ့သောဝေဒနာစွဲကပ်ရာ အာမုတ်သား ပရောဖက်ဟေရှာယဝင် ရောက်၍၊ သင်သည်အသက်မရှင်၊ သေရမည်ဖြစ်သောကြောင့် သင့်နန်းရေးနန်းလျာကို စီမံလော့ဟု ထာဝရဘုရားမိန့်တော်မူကြောင်း ပြန်ကြားသော် ဟေဇကိမင်းသည် နံရံသို့မျက်နှာမူပြီးလျှင်
2-3 အိုထာဝရဘုရား၊ အကျွန်ုပ်သည် စုံလင်သောစိတ်နှင့် သစ္စာစောင့်၍ မျက်မှောက်တော်တွင် ကျင်လည်ကြောင်းကိုလည်းေကာင်း၊ ဖြောင့်မှန်စွာပြုကြောင်းကိုလည်းေကာင်း၊ သတိရတော်မူပါဟု ထာဝရဘုရားထံ ပဌနာပြုလျက် သည်းစွာငိုကြွေးလေ၏။
4 အလယ်နန်းမြို့ရိုးသို့ မရောက်သေးသောဟေရှာယထံထာဝရဘုရားဗျာဒိတ်တော်ရောက်လာ သည်မှာ
5-6 လူမျိုးတော်၏မင်းဖြစ်သူ ဟေဇကိထံပြန်သွား၍ သင့်ပဌနာစကားကိုငါနာယူပြီ။ မျက်ရည်ပေါက်ကိုလည်း ရှုမြင်ပြီ။ ငါသည်ချမ်းသာစေ၍ တတိယနေ့၌ ဗိမာန်တော်သို့တက်ဖူးခွင့် ရလိမ့်မည်။ အသက်တာ့ပြင်၊ ဆယ့်ငါးနှစ်ပိုမိုပေးဦးမည်။ ငါဘုရားအတွက် ကျွန်တော်ရင်းဒါဝိဒ် အတွက် ဤမြို့ကိုကွယ်ကာလျက် သင်နှင့်တကွ အာရှုရိဘုရင့်လက်တွင်းမှ လွတ်မြောက်စေမည်ဟု သင့်အဘဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟူ၍တည်း။
7 ဟေရှာယက၊ သဖန်းပြဉ်ကို ယူခဲ့လော့ဟုမိန့်ဆိုသည်နှင့်အညီ ယူ၍အနာစိမ်းပေါ်တွင် အုပ်ထားရာ၊ ကင်းပျောက်လေ၏။
8 ဟေဇကိမင်းကလည်း ထာဝရဘုရားချမ်းသာပေးတော်မူ၍ တတိယနေ့၌ ဗိမာန်တော်သို့တက်ဖူး ခွင့်သက်သေလက္ခဏာကား အသို့နည်းဟု မေးခဲ့သည်ဖြစ်၍
9 ဟေရှာယက ဂတိတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်ကို သိရအံ့သော နိမိတ်တော်မှာ နေရိပ်ဆယ်ဖဝါးအတိုးလိုသလော။ အဆုတ်လိုသလောဟုမေးသော်၊
10 ဟေဇကိမင်းက၊ နေရိပ်ဆယ်ဖဝါးအတိုးမှာ အညံ့ဖြစ်သောကြောင့် ဆယ်ဖဝါးအဆုတ်ဖြစ်ပါလေစေဟုတောင်းဆိုသည့်အတိုင်း
11 ထာဝရဘုရားထံ ပရောဖက်ဟေရှာယပနာပြုခြင်းအားဖြင့် အာခတ်မင်းနေချိန်တွင် မွန်းလွဲ ဆယ်ဖဝါးကိုဆုတ်စေတော်မူ၏။
12 ထိုကာလ ဗာလဒန်မင်းသားတော်ဗာဗုလုန်ဘုရင် ဗေရောဒဗာလဒန်မင်းသည် ဟေဇကိမင်း ကျန်းခန့်တော်မမူကြောင်း ကြားသဖြင့် အမှာတော်စာနှင့် လက်ဆောင်တော်များကိုပို့လိုက်ရာ
13 ဟေဇကိမင်းလက်ခံလျက် ဘဏ္ဍာတိုက်တော်ရှိ ရွှေငွေများမှစ၍ နံ့သာမျိုး အဘိုးထိုက်နံ့သာဆီ၊ လက်နက်တိုက်အဆောင်အရွက်တော်ဟူသမျှကို ဖွင့်ပြလေ၏။ နန်းတော်မှစသော နိုင်ငံတော်တဝှမ်းလုံးတွင် မဖွင့်မပြသောအရာတစ်စုံတစ်ခုမျှမရှိချေ။
14 ထိုနောက် ဟေဇကိမင်းထံ ပရောဖက်ဟေရှာယဝင်ရောက်၍ ထိုသူတို့သည် မည်သို့တင်လျှောက်ကြသနည်း။ မည်သည့်ပြည်မှလာကြသနည်းဟုမေးသော်၊ ဟေဇကိမင်းက၊ ဝေးကွာသောပြည်၊ ဗာဗုလုန်မြို့မှလာရောက်ကြပါပြီဟု ပြန်ဆိုလျှင်
15 နန်းတော်တွင်မည်သည့်အရာကို မြင်ရကြသနည်းဟု မေးပြန်သည့်ကာလ နန်းတွင်းရှိ အရာခပ်သိမ်းကိုမြင်ကြလေပြီ။ အဆောင်အရွက်တော်အနက် အကျွန်ပ်မဖွင့်မပြသောအရာတစ်စုံတစ်ခုမျှမရှိဟု ဟေဇကိမင်းပြန်ဆိုလေ၏။
16 ဟေရှာယက၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကို နာခံလော့။
17 နန်းတွင်းရှိ အရာခပ်သိမ်းကိုလည်းေကာင်း၊ ယနေ့တိုင်ဘိုးဘေးတို့ဆည်းပူးခဲ့သမျှကိုလည်းေကာင်း၊ မခြွင်းမချန်၊ ဗာဗုလုန်မြို့သို့သိမ်းသွားရာနေ့ရက်ကာလရောက်လိမ့်မည်။
18 သင်မှဆင်းသက်သောသားမြေးတို့လည်း သိမ်းသွားခံရပြီးလျှင် ဗာဗုလုန်ဘုရင့်နန်းတော်တွင် မိန်းမစိုးဖြစ်ရကြလိမ့်မည်ဟူသော ထာဝရဘုရားဗျာဒိတ်တော်ကိုဆင့်ဆိုရာ
19 ဟေဇကိမင်းက၊ ယခုဆင့်ဆိုသောထာဝရဘုရား၏ဗျာဒိတ်တော်သည်သင့်လျော်ပါပြီဟူ၍လည်းေကာင်း၊ အကျွန်ုပ်လက်ထက်ငြိမ်းချမ်းခြင်း၊ တည်တန့်ခြင်းရှိရလျှင် သင့်လျော်ပြီမဟုတ်ပါလောဟူ၍လည်းေကာင်း၊ ဟေရှာယအားပြန်ဆိုလေ၏။
20 ဟေဇကိမင်းစီရင်သမျှအကြွင်းအကျန်၊ လက်ရုံးရည်နှင့်ကန်တော်ဆည်လျက် ပြွန်တော် သွယ်လျက် မြို့တွင်းသို့ရေသွင်းခြင်းများပါ ယုဒရာဇဝင်တွင် ရေးထားလျက်ရှိ၏။
21 ဟေဇကိမင်းသည် ဘေးတော်ဘိုးတော်တို့နှင့်အတူ ကျိန်းစက်လျှင် သားတော်မနာရှေသည် အရိုက်အရာ၌နန်းစံလေ၏။