ဘုရင်မင်းတို့အတ္ထုပ္ပတ္တိကျမ်းဒုတိယစောင်
1
1 အာဟပ်မင်း ကွယ်လွန်ပြီးနောက် မောဘပြည်သည် ဣသရေလဘုရင်ကိုပုန်ကန်လေ၏။
2 အာခဇိမင်းသည် ရှမာရိနန်းတော်အထက်၊ လေသာပြူတင်းမှကျ၍ နာကျင်ရာ ဤဝေဒနာမှ ငါထမြောက်ဦးမည်လောဟု ဧကြုန်မြို့ရှိဗာလဇေဗုပ်ဘုရားထံသွားရောက်မေးလျှောက်ရန် သံတမန်တို့ကို မိန့်မှာစေလွှတ်သော်
3 တိရှဘိမြို့သားဧလိယအား ထာဝရဘုရား၏စေတမန်တော်က၊ ရှမာရိဘုရင်စေလွှတ်သော သံတမန်တို့ကိုတွေ့ဆုံရန်ထသွား၍ ဆင့်ဆိုရမည်မှာ ဣသရေလပြည်၌ ဘုရားမရှိသောကြောင့် ဧကြုန်မြို့ရှိ ဗာလဇေဗုပ်ဘုရားထံမေးရန် သွားရာသလော။
4 သို့ဖြစ်၍ သင်သည် ယခုနေသောသာလွန်ထက်မှဆင်းခွင့်မရ။ မုချသေရမည်ဟူသော ထာဝရဘုရား ဗျာဒိတ်တော်ကိုဆင့်ဆိုလော့ဟု မိန့်တော်မူသည့်အတိုင်း ဧလိယသွားလေ၏။
5 သံတမန်တို့ပြန်လာကြသောအခါ ဘုရင်မင်းက အဘယ်ကြောင့် ပြန်လာကြသနည်းဟုမေးသော်
6 လူတစ်ယောက်သည် ကျွန်တော်တို့ကို တွေ့ဆုံရန်လာပြီးလျှင် စေလွှတ်သောဘုရင့်ထံပြန်သွား၍ ကြားပြောရမည်မှာ ဣသရေလပြည်၌ ဘုရားမရှိသောကြောင့် ဧကြုန်မြို့ရှိဗာလဇေဗုပ်ဘုရားထံ မေးရန် လွှတ်ရာသလော။ သို့ဖြစ်၍ သင်သည်ယခုနေသော သာလွန်ထက်မှဆင်းခွင့်မရ။ မုချသေရမည်ဟူသော ထာဝရဘုရားဗျာဒိတ်တော်ကို ပြန်ကြားရန်မှာလိုက်ပါသည်ဟု တင်လျှောက် ကြရာ
7 ဘုရင်မင်းက၊ ထိုသို့လာရောက်တွေ့ဆုံပြောဆိုသူကား မည်သို့သောသူနည်းဟုမေးလျှင်
8 သားရေကြမ်းကိုဝတ်လျက် သားရေနုခါးပန်းကိုစည်းသူဖြစ်ပါသည်ဟု တင်လျှောက်ကြသော် ထိုသူကား တိရှဘိမြို့သားဧလိယဖြစ်လိမ့်မည်ဟု ဘုရင်မင်းဆို၏။
9 အုပ်ချုပ်သူနှင့်ငါးဆယ်တပ်ကိုစေလွှတ်၍ အုပ်ချုပ်သူသည် တောင်ထိပ်တွင် ထိုင်နေသော ဧလိယထံရောက်လျှင် အိုဘုရားသခင့်လူယုံတော်၊ သင်ဆင်းလာရန်အမိန့်တော်ပါသည်ဟုဆိုရာ
10 ဧလိယက၊ ငါသည်ဘုရားသခင့်လူယုံတော်မှန်လျှင် သင်နှင့်ငါးဆယ်တပ်ပါ၊ ကောင်းကင်မှ မီးကျ၍ ကျွမ်းလောင်ပါစေသောဟု ပြန်ဆိုသော်၊ ကောင်းကင်မှမီးကျ၍ အုပ်ချုပ်သူနှင့် ငါးဆယ်တပ်ပါ ကျွမ်းလောင်လေ၏။
11 တစ်ဖန်အုပ်ချုပ်သူနှင့်ငါးဆယ်တပ်ကိုစေလွှတ်၍ အုပ်ချုပ်သူက၊ အိုဘုရားသခင့်လူယုံတော်၊ အဆောတလျင် သင်ဆင်းလာရန် အမိန့်တော်ပါသည်ဟုဆိုရာ
12 ဧလိယက၊ ငါသည်ဘုရားသခင်လူယုံတော်မှန်လျှင် သင်နှင့်ငါးဆယ်တပ်ပါ ကောင်းကင်မှ မီးကျ၍ ကျွမ်းလောင်ပါစေသောဟု ပြန်ဆိုသော်၊ ကောင်းကင်မှဘုရားသခင်၏မီးတော်ကျ၍ အုပ်ချုပ်သူနှင့် ငါးဆယ်တပ်ပါ ကျွမ်းလောင်လေ၏။
13 တတိယအုပ်ချုပ်သူနှင့် ငါးဆယ်တပ်ကိုစေလွှတ်ပြန်သော်၊ ထိုအုပ်ချုပ်သူသည် တက်ပြီးလျှင်၊ ဧလိယရှေ့ဒူးတုပ်လျက် အိုဘုရားသခင့်လူယုံတော်၊ ကျွန်တော်နှင့်ကိုယ်တော့်ကျွန် ထိုလူငါးဆယ်တို့ အသက်ကို အမြတ်တနိုးပြုတော်မူပါ။
14 အထက်အုပ်ချုပ်သူတို့နှင့် ငါးဆယ်တပ်နှစ်တပ်လုံးပါ ကောင်းကင်မှမီးကျ၍ ကျွမ်းလောင်လေစွ။ ကျွန်တော့်အသက်ကိုကား အမြတ်တနိုးပြုတော်မူပါဟု တောင်းပန်လေ၏။
15 ထာဝရဘုရား၏စေတမန်တော်ကလည်း၊ သူ့ကိုမကြောက်လင့်။ အတူဆင်းလိုက်လော့ဟု ဧလိယအားမိန့်ဆိုသည့်အတိုင်း ဆင်းလိုက်၍ ဘုရင်မင်းအား ဆင့်ဆိုသည်မှာ
16 ဣသရေလပြည်၌ ဗျာဒိတ်တော်ကို မေးလျှောက်ရသော ဘုရားသခင်မရှိသောကြောင့် ဧကြုန်မြို့ရှိဗာလဇေဗုပ်ဘုရားထံမေးရန် သံတမန်တို့ကိုစေလွှတ်ရာသလော။ သို့ဖြစ်၍ သင်သည် ယခုနေသောသာလွန်ထက်မှဆင်းခွင့်မရ။ မုချသေရမည်ဟူသော ထာဝရဘုရားဗျာဒိတ်တော်ကို ဆင့်ဆိုလေ၏။
17 ဧလိယဆင့်ဆိုသောထာဝရဘုရား၏ဗျာဒိတ်တော်အတိုင်း ဘုရင်မင်းကွယ်လွန်လျှင် သားတော်မရှိသောကြောင့် ယောရံသည် ယောရှဖတ်မင်းသားတော် ယုဒဘုရင် ယဟောရံမင်း နန်းစံနှစ်နှစ်တွင် အရိုက်အရာ၌နန်းတက်သတည်း။
18 အာခဇိမင်းပြုမူစီရင်သောအကြွင်းအကျန်သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။