3
1 ရှောလမုန်မင်းသည် အိဂျစ်ဘုရင်ဖာရောမင်း၏ သမီးတော်ကို ဆောင်ယူ၍ သမက်တော်ဖြစ်ပြီးနောက် နန်းတော်၊ ဗိမာန်တော်နှင့် ယေရုရှလင်မြို့ရိုးတည်ဆောက်မှုမပြီးမီအတွင်း ဒါဝိဒ်မြို့တော် တွင်စံစားစေ၏။
2 ထိုကာလမတိုင်မချင်း၊ ထာဝရဘုရား၏နာမတော်အဖို့ ဗိမာန်တော်မတည်သေးသည်ဖြစ်၍ လူမျိုးတော်သည် မြင့်ရာဌာနများတွင် ပူဇော်လေ့ရှိကြ၏။
3 ရှောလမုန်မင်းလည်း ထာဝရဘုရားကို ချစ်ကြည်မြတ်နိုးသည်နှင့်အညီ ခမည်းတော်ဒါဝိဒ်မင်း ထုံးဖွဲ့ချက်များကို စောင့်လျှောက်သော်လည်း မြင့်ရာဌာနများ၌ ပူဇော်၍ မီးဖြင့်ဆက်ကပ်လေ့ရှိ သတည်း။
4 ဘုရင်မင်းသည် မြင့်ရာမဟာဌာနတော်တည်းဟူသော ဂိဗောင်မြို့သို့ပူဇော်ရန်သွား၍ ထိုပလ္လင်တော်ပေါ်မှာ မီးရှို့ရာသက္ကာတစ်ထောင်ကို ပူဇော်လေ၏။
5 ထိုမြို့၌ ညဉ့်အချိန်အိပ်မက်တွင် ရှောလမုန်မင်းအား ထာဝရဘုရားထင်ရှားလျက် ငါပေးရမည့်ဆုကို တောင်းလော့ဟု ဘုရားသခင်မိန့်တော်မူသော်
6 ရှောလမုန်မင်းက ကိုယ်တော့်ကျွန်၊ အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းသည် သဘောဖြောင့် လျက် သစ္စာစောင့်လျက် တရားအတိုင်းမျက်မှောက်တော်တွင် ကျင့်ကြံပြုမူသည်နှင့်အညီ ကျေးဇူးအထူးကိုပြုတော်မူခဲ့ပါပြီ။ ၎င်းပြင်သားကိုခမည်းတော့်ရာဇပလ္လင်ထက်ဝယ် ထိုင်ခွင့်ပေးတော်မူလျက် ယခုပြုသောကျေးဇူးအထူးကို ရံထားတော်မူပါ၏။
7 ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ သွားလမ်းလာလမ်းကိုမျှမတတ်သော၊ သူငယ်ဖြစ်သူကျွန်တော်မျိုးကို ခမည်းတော်ဒါဝိဒ်မင်းအရိုက်အရာ၌ ဆက်ခံစိုးစံစေတော်မူပါပြီ။
8 ကျွန်တော်မျိုးလည်း အတိုင်းမသိ များပြားစွာရွေးချယ်တော်မူသော လူမျိုးတော့်အလယ်တွင် ရှိနေရပါသည်ဖြစ်၍
9 လူမျိုးတော်ကိုအုပ်စိုးစီရင်နိုင်ရန် အဆိုးအကောင်းပိုင်းခြားတတ်သောဉာဏ်ကို ကျွန်တော်မျိုးအား ပေးသနားတော်မူပါ။ များပြားသောဤလူမျိုးတော်ကို အုပ်စိုးစီရင်နိုင်သူကား မည်သူပါနည်းဟု တောင်းလျှောက်၏။
10 ထိုသို့တောင်းလျှောက်သော ပဌနာကို ထာဝရဘုရားနှစ်သက်တော်မူ၍
11 သင်သည်ရှည်ကြာသောအသက်တာသော်လည်းကောင်း၊ စည်းစိမ်ချမ်းသာသော်လည်းကောင်း၊ ရန်အောင်ခွင့်သော်လည်းကောင်း၊ မတောင်းဘဲ တရားအရာကျွမ်းကျင်ရန် ဉာဏ်သတ္တိကိုသာ တောင်းလျှောက်သောကြောင့်
12 သင့်နှင့်တူသူ ရှေး၌မဖြစ်စဘူး နောင်၌လည်း မဖြစ်နိုင်ရန် ပညာနှင့်ပြည့်စုံ၍ ကျွမ်းကျင်ရာဉာဏ်ကို သင်တောင်းသည့်အတိုင်း ငါပေးမည့်ပြင်
13 သင့်အသက်တာကာလပတ်လုံး၊ တုပနိုင်သူဘုရင်တစ်ပါးမျှ မရှိလောက်အောင် သင်မတောင်းသော စည်းစိမ်နှင့်ဂုဏ်အသရေကိုလည်း ငါပေးဦးမည်။
14 နည်းလမ်းတော်များ၌ အဘဒါဝိဒ်လိုက်လျှောက်ခဲ့သည့်နည်းတူ သင်လည်းလိုက်လျှောက်၍ ငါ့ထုံးဖွဲ့မိန့်မှာချက်များကို စောင့်ထိန်းလျှင် ရှည်ကြာသောအသက်တာကိုလည်း ငါပေးဦးမည်ဟု ဘုရားသခင်မိန့်တော်မူပြီးနောက်
15 ရှောလမုန်မင်းနိုး၍ အိပ်မက်မှန်းကိုသိလေ၏။ ယေရုရှလင်မြို့သို့ပြန်သွားရာ ထာဝရဘုရား၏ ပဋိညာဉ်ေတာ်သေတ္တာရှေ့ ရပ်နေလျက် မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာများကို ဆက်ကပ်ပြီးလျှင် ကျေးကျွန်သင်းပင်းတို့အဖို့ စားသောက်ပွဲကိုစီရင်စေ၏။
16 ထိုနောက်ပြည်တန်ဆာမနှစ်ယောက်တို့သည် ရှေ့တော်သို့လာရောက်ခစားလျက်
17 တစ်ယောက်က၊ အိုအရှင်ဘုရား၊ ကျွန်မနှင့်ဤမိန်းမသည် တစ်အိမ်တည်းနေကြရာ ကျွန်မသည် သားဖွားပါ၏။
18 သုံးရက်လွန်သော် ဤမိန်းမလည်း သားဖွားပါ၏။ ကျွန်မတို့နှစ်ယောက်မှတစ်ပါး အိမ်၌ဧည့်သည်မရှိပါ။
19 ညဉ့်အခါဤမိန်းမဖိမိ၍ သူ့သားငယ်သေလျှင်
20 သန်းခေါင်းယံတွင် ကျွန်မအိပ်ပျော်ခိုက် ကျွန်မသားငယ်ကိုထလာခိုးယူလျက် ကိုယ့်ရင်ခွင်၌ သိပ်ထားပါ၏။ သူ့သားသေကိုကား ကျွန်မရင်ခွင်၌ထားလာပါ၏။
21 နံနက်အချိန်သားငယ်ကို နို့တိုက်ရန် ကျွန်မထသောအခါ ထိုသားငယ်သေကြောင်းသိရပါ၏။ အသေအချာကြည့်ရှုရာ ကျွန်မဖွားမြင်သောသားမဟုတ်ပါဟု တင်လျှောက်၏။
22 တစ်ယောက်သောမိန်းမက မဟုတ်ပါ။ အရှင်သည် ငါ့သား၊ အသေမှာသင့်သားဖြစ်သည်ဟုငြင်း ဆိုရာ လျှောက်ရင်း မိန်းမက ထိုသို့မဟုတ်။ အသေသင့်သား အရှင်ငါ့သားဟုဆို၍ ရှေ့တော်၌ငြင်းခုံ ကြလျှင်၊
23 တစ်ယောက်က၊ အရှင်ငါ့သား၊ အသေသင့်သားဖြစ်ကြောင်း တစ်ယောက်ကလည်း၊ ထိုသို့မဟုတ်။ အသေသင့်သား၊
24 အရှင်ငါ့သားဖြစ်ကြောင်းဆိုကြသည့်အမှုမှာ ဓားယူခဲ့ဟု ဘုရင်မင်းမိန့်ဆိုသည့်အတိုင်း ရှေ့ တော်သို့ဓားရောက်သော်၊
25 ရှင်သောသူငယ်ကို ထက်ဝက်ခွဲလျက် တစ်ယောက်တစ်ခြမ်းစီရယူစေဟူ၍ ဘုရင်မင်းစီရင်သောအခါ
26 ရှင်သောသူငယ်၏အမိရင်းသည် သားကိုကြင်နာသဖြင့် အိုအရှင်ဘုရား၊ ရှင်သောသူငယ်ကို မသတ်ဘဲ ဤမိန်းမအား အပ်လိုက်တော်မူပါဟုလျှောက်၏။ တစ်ယောက်က ငါပိုင်၊ သင်ပိုင်မဖြစ်စေရန်
27 ခွဲဝေပါစေဟုဆိုလျှင် ရှင်သောသူငယ်ကို မသတ်ဘဲ လျှောက်ရင်းမိန်းမရယူစေ။ သူသည် အမိရင်းမှန်သည်ဟု ဘုရင်မင်းမိန့်ဆို၏။
28 ထိုသို့ဘုရင်မင်းစီရင်ဆုံးဖြတ်ချက်ကို ဣသရေလတစ်မျိုးလုံးကြားသိသောအခါ တရားစီရင်ရန် ဘုရားသခင့်ထံမှ ပညာတော်ရရှိ ကြောင်း မှတ်ကျုံးလျက် ဘုရင်မင်းကို ခန့်ညားကြကုန်၏။