8
ထိုကာလ၌ပင် ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ယုဒဘုရင်တို့အရိုးများတို့နှင့်တကွ မှူးမတ်၊ ပရောဟိတ်၊ ပရောဖက်တို့မှစ၍ ယေရုရှလင်မြို့သူမြို့သားတို့အရိုးများကို၊ သင်္ချၖိုင်းတွင်းကထုတ်ဖော်ပြီးလျှင်၊ ၎င်းတို့မြတ်နိုးဝတ်ပြုလိုက်ရှာတောင်းလျှောက်ရှိခိုးခဲ့ကြသောနေလနှင့်တကွ၊ ကမ္ဘာ့တန်ဆာရှိသမျှ အောက်မြေအပြင်တွင်၊ စုပုံမြှုပ်နှံခြင်းမပြုဘဲ၊ မြေဩဇာအဖြစ်ခင်းထားကြလိမ့်မည်။ ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဤဆိုးသွမ်းသောအမျိုးအနွယ်အနက်၊ ငါနှင်ထုတ်ရာအရပ်ရပ်၌ ကြွင်းကျန်သမျှတို့လည်း၊ အသက်ရှင်ခြင်းထက်သေခြင်းကို အလိုရှိကြလိမ့်တကား။
တစ်ဖန်ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားက၊ လူလဲလျှင်၊ မထဘဲနေမည်လော။ ဆုတ်လျှင်၊ မတက်ဘဲနေမည်လော။ ဤယေရုရှလင်မြို့သူမြို့သားတို့မှာမူ၊ အဘယ့်ကြောင့်ဖောက်ပြန်မြဲဖောက်ပြန်ကြသနည်း။ လှည့်ဖြားခြင်းအယူကိုမှီဝဲလျက်၊ ပြန်လိုသောသဘောမရှိချေ။ ငါနားညောင်းနားစိုက်သော်လည်း၊ မည်သို့ပြုဘိသနည်းဟု၊ ဆိုးသွမ်းခြင်းအတွက်နောင်တရ၍၊ မေးမြန်းဖြောင့်ဆိုသူတစ်စုံတစ်ယောက်မရှိ။ အသီးအသီးတို့သည်၊ စစ်ပွဲ၌ဒုံးပြေးသောမြင်းသဖွယ်၊ ကိုယ့်ပြေးမြဲတာသို့လှည့်ဝင်ကြကုန်၏။ ကောင်းကင်၌ပျံသောငှက်ကြားသည်၊ အခါသမယကိုသိကျွမ်းလျက်၊ ခို၊ ပျံလွှား၊ ဇရက်တို့လည်း ရောက်သင့်ချိန်ကိုစောင့်ေရှာက်တတ်သော်လည်း၊ ငါ့လူမျိုးမူကား၊ ငါထာဝရဘုရား၏တရားတော်ကိုမသိခဲ့လေစွ။ ကျမ်းတတ်တို့သည် မမှန်သောကညစ်ဖြင့်ရေးမှားကြလျက်ပင်၊ သင်တို့က၊ ငါတို့သည်ပညာရှိ၏။ ထာဝရဘုရား၏ပညတ်တရားပါရှိသည်ဟု မည်သို့ဆိုဝံ့ကြသနည်း။ ပညာရှိတို့သည် ကြောက်လန့်ရှက်ကွဲလျက် ကျော့မိကြလေပြီ။ ငါထာဝရဘုရား၏ ဗျာဒိတ်တော်ကိုငြင်းပယ်ကြသည်နှင့် မည်သည့်ပညာရှိသေးသနည်း။ 10 သို့ဖြစ်၍၊ ချင်းတို့မယားများကိုသူတစ်ပါးတို့အားလည်း‌ေကာင်း၊ လယ်ယာများကိုပိုင်သင့်သူတို့အားလည်း‌ေကာင်း၊ ငါအပ်ပေးမည်။ လူကြီးလူငယ်အပေါင်းတို့သည်လောဘကြီး၍၊ ပရောဖက်နှင့် ပရောဟိတ်တို့လည်း ပရိယာယ်ပြုလျက်၊ 11 မချမ်းသာသည့်ကာလ၊ ချမ်းသာ၊ ချမ်းသာသည်ဟု ဆိုလေ့ရှိသည်နှင့်၊ ငါ့လူမျိုးသတို့သမီး၏အနာကို ပေါ့ပေါ့ဆဆကုကြ၏။ 12 ရှက်ကြောက်ခြင်း၊ မျက်နှာပျက်ခြင်းကင်းလျက်နေကြသော်လည်း၊ ဒဏ်စီရင်ခြင်းကိုခံရသည့်ကာလ၊ ရွံရှာဖွယ်ပြုလုပ်သည့်အလျောက် အရှက်ရသည့်ပြင်၊ ပြိုလဲသောသူတို့တွင် တိုက်မိ၍ပြိုလဲကြလတ္တံ့ဟု၊ ငါထာဝရဘုရားမိန့်ဆို၏။ 13 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါသည်ထိုသူတို့ကို အကုန်အစင်သိမ်းရုံးလိမ့်မည်။ စပျစ်၊ သဖန်းပင်များသည် အသီးမသီးတတ်။ အရွက်လည်းညှိုးနွမ်းလျက်ရှိ၏။ ကျော်နင်းမည့်သူတို့ကိုစီမံပြီဟူ၍ဆင့်ဆိုလော့။
14 ငါတို့သည်အဘယ့်ကြောင့်ထိုင်နေကြသနည်း။ ခံမြို့များထဲသို့စုရုံးခိုဝင်လျက်၊ ပယ်ရှားခံရလျှင်၊ ခံကြကုန်အံ့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားကိုပြစ်မှားမိသောကြောင့်၊ ခါးသောအရည်ကိုတိုက်၍ ပယ်ရှားတော်မူလေပြီ။ 15 ချမ်းသာကိုစောင့်မြော်ကြသော်လည်း သုခမခံစားရချေ။ သက်သာခြင်းကာလကိုတောင့်တကြသော်လည်း၊ ကြောက်မက်ဖွယ်ဘေးသင့်ပြီတကား။ 16 ရန်သူတို့မြင်းနှာမှုတ်သံကိုဒန်နယ်မှကြားရ၏။ မြင်းတပ်ဟီသံကြောင့်၊ တစ်ပြည်လုံးတုန်လှုပ်၏။ ရောက်လာလေစွ။ နေပြည်နှင့်ပေါ်ပေါက်သမျှကိုလည်း‌ေကာင်း၊မြို့ရွာနှင့်နေထိုင်သမျှကိုလည်း‌ေကာင်း၊ မျိုစားကြလေပြီ။ 17 ထိုသို့ပင်၊ မန်းမှုတ်သံမခံသောမြွေဆိုးမြွေဟောက်များကို ငါစေလွှတ်သဖြင့်၊ သင်တို့ကိုခဲလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
18 ဝမ်းနည်းခြင်းကိုခံရာ၌၊ ငါသည်မျက်နှာရွှင်ရွှင်နေပါရစေ။ စိတ်ပူလှလေစွ။ 19-20 ဘုရင်မင်းမြတ်တည်းဟူသော ထာဝရဘုရားသည်၊ ဇိအုန်မြို့၌ စံနေတော်မမူသလောဟူ၍လည်း‌ေကာင်း၊ စပါးရိတ်ချိန်လွန်ပြီ။ အသီးဆွတ်ချိန်ကုန်ပြီ။ ငါတို့မှာမူ၊ ဘေးလွတ်ရာမရောက်သေးဟူ၍လည်း‌ေကာင်း၊ ဝေးကွာရာပြည်မှ ငါ၏အမျိုးသတို့သမီးဟစ်လေပြီ။ ရုပ်ပွားဆင်းတုများ၊ ခြားနားသောဘုရားရုပ်များဖြင့်၊ အဘယ့်ကြောင့်အမျက်တော်တိုက်ခဲ့ကြသနည်း။ 21 ငါ၏အမျိုးသတို့သမီးကျိုးပဲ့ခံရသည့်အတွက်၊ ငါလည်း စိတ်ကျိုးပဲ့လျက်၊ ညှိုးငယ်လျက်၊ မိန်းမောလျက်နေရ၏။ 22 ဂိလဒ်ပြည်၌၊ လိမ်းဆေးသော်လည်း‌ေကာင်း၊ သမားသော်လည်း‌ေကာင်း၊ မရှိသလော။ ရှိလျှင်၊ ငါ၏အမျိုးသတို့သမီးသည်၊ အဘယ့်ကြောင့်ကျန်းမာခြင်းသို့မရောက်သနည်း။