30
1-3 ယေရမိသို့ရောက်လာသော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ ငါမိန့်ဆိုသည့်အတိုင်း၊ သုံ့ပန်းခံရသောဣသရေလနှင့် ယုဒလူမျိုးတော်ကိုငါပြန်လာစေ၍၊ ဘိုးဘေး များအား ငါပေးခဲ့သောပြည်ကိုအပိုင်ရစေခြင်းငှာ ပြန်ပို့သောနေ့ရက်ကာလရောက်လာလတ္တံ့သောကြောင့်၊ ငါမိန့်မှာခဲ့သမျှသောအချက်များကို ကျမ်းပြု၍ရေးလော့ဟု၊ ဣသရေလလူမျိုး၏ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ၏။
4-5 ဣသရေလနှင့် ယုဒလူမျိုးကို ရည်လျက်၊ ထာဝရဘုရားမိန့်တော်မူချက်ကား၊ တုန်လှုပ်ခြင်းအသံကိုငါတို့ကြားရ၏။ ချမ်းသာမဲ့လျက်ကြောက်မက်ဖွယ်ဖြစ်သည်တကားဟု ဆိုကြရာ၌၊ ယောက်ျားသည် မီးဖွားမဖွားမေးကြည့်ကြလော့။ မီးဖွားသောမိန်းမကဲ့သို့ယောက်ျားတိုင်းခါးနှိပ်လျက်၊ မျက်နှာဖြူလျော်နေသည်ကိုငါမြင်ရသည်တကား၊ အသို့နည်း။ အကျိုးနည်းလေစွ။ ထိုနေ့ကြီးနှင့်နှိုင်းယှဉ်ရာ နေ့ရက်ရှိဦးမည်လော။ ယာကုပ်လူမျိုး၌ ဘေးသင့်ရာကာလဖြစ်သော်လည်း၊ လွတ်မြောက်ရာရောက်လိမ့်မည်ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားက၊ ထိုနေ့ရက်ကာလ၌ကုပ်ရှိထမ်းပိုးချိုးခြင်း၊ ဖွဲ့ကြိုးဖြတ်ခြင်းများကိုငါစီရင်သဖြင့်၊ ထိုလူမျိုးသည်ခြားနားသောလူမျိုးတို့စေစားခြင်းကင်းလျက်၊ ကိုယ့်ဘုရားသခင်ငါထာဝရဘုရား၏အမှုနှင့်၊ ငါပေါ်ထွန်းစေမည့် ကိုယ့်ဘုရင်ဒါဝိဒ်၏အမှုကိုသာထမ်းရကြလိမ့်မည်။ 10 ငါ့ကျွန်ရင်းအိုယာကုပ်၊ အိုဣသရေလလူမျိုး၊ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းလျက်နေလော့။ သင့်ကိုအဆက်အနွယ်ပါ၊ သုံ့ပန်းရာဝေးကွာသောပြည်မှ ငါကယ်လွှတ်သည့်အလျောက်၊ ယာကုပ်လူမျိုးသည် ပြန်လာခွင့်ရလျက်၊ ထိတ်လန့်ရာမဲ့ချမ်းသာငြိမ်သက်စွာနေလိမ့်မည်။ 11 ငါသည်ကယ်လွှတ်ရန်သင်နှင့်အတူရှိ၏။ သင်တို့ကွဲလွင့်စေရာလူအမျိုးမျိုးကို၊ ငါကုန်ဆုံးစေသော်လည်း၊ သင့်ကိုကား၊ အပြစ်ကင်းသည်ဟုမမှတ်လျက်ပင်၊ တရားသဖြင့်သာဆုံးမလျက်၊ ကုန်ဆုံးစေမည်မဟုတ်ဟုမိန့်တော်မူ၏။ 12 ထာဝရဘုရားကလည်းသင်သည်ကုသမရသောဒဏ်ချက်ကိုခံရ၍၊ အနာပြင်းလှ၏။ 13 သင့်အမှုကိုလဲလျှောက်သူမရှိ။ အနာကိုကုသရန်ဆေးဝါးမရှိချေ။ 14 သင့်ဒုစရိုက်များပြားလျက်၊ ပြစ်မှုတိုးပွားသည့်အတွက်၊ ရက်စက်သောရန်သူသဖွယ်၊ ငါဒဏ်ခတ်ဆုံးမသောကြောင့်၊ ချစ်ခင်ကျွမ်းဝင်သူအပေါင်းတို့ပင်၊ သင့်ကိုမလိုက်မရှာဘဲ မေ့လျော့ကြပြီ။ 15 ဒဏ်ချက်အတွက် အဘယ့်ကြောင့်အော်သနည်း။ အနာသည်ကု၍မရဖြစ်၏။ ဒုစရိုက်များပြားလျက် ပြစ်မှုတိုးပွားသဖြင့်၊ ထိုအတိုင်းငါစီရင်လေပြီ။ 16 သို့ဖြစ်၍ သင့်ကိုမျိုစားသူအပေါင်းတို့သည် မျိုစားခြင်း၊ရန်ဘက်ဟူသမျှသည်သုံ့ပန်းခြင်း၊ လုယူသူတို့လည်းလုယူခြင်းခံရလျက်၊ လုယက်သူအပေါင်းတို့ကိုလုယက်ခြင်းသို့ ငါလွှဲအပ်လိမ့်မည်။ 17 လိုက်ရှာသူမရှိဘဲ၊ နှင်ထုတ်ခံရသောဇိအုန်မြို့ပေတည်းဟုခေါ်ဝေါ်လေ့ရှိကြသည်ကိုထောက်လျက်၊ ငါသည် ကျန်းမာခြင်းသို့ရောက်အောင်၊ အနာကုသမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏။ 18 တစ်ဖန်ထာဝရဘုရားက၊ ငါသည်သုံ့ပန်းခံရသောယာကုပ်လူမျိုး၏ အိမ်များကိုပြန်ပို့ခြင်း၊ နေထိုင်ရာများကို၊ ကရုဏာသက်ခြင်းပြုလျက်၊ ရှိရင်းကုန်းပေါ်တွင်ပြုစုမည့် မြို့တော်၊ ရှေးနည်းတူမင်းစံမည့်နန်းတော်များမှ၊ 19 ပျော်ရွှင်သူတို့ချီးမွမ်းသံ၊ ကြွေးကြော်သံထွက်လျက်၊ မတိမ်မကောအောင်များပြားခြင်း၊ မသိမ်မဖျင်းအောင်ဂုဏ်ရောက်ခြင်းကို ငါပြုသဖြင့်၊ 20 ရှေးကာလကဲ့သို့ သားသမီးများပြားလျက်၊ ရှေ့တော်တွင် လူပရိသတ်တည်မြဲကြရာ၊ ညှဉ်းပန်းသူတို့ကို ငါဒဏ်ခတ်လိမ့်မည်။ 21 အုပ်စိုးရသောမင်းသည်၊ ကိုယ့်လူမျိုးဘောင်မှ ပေါ်ထွန်းလျက်၊ ငါ့အခွင့်မရဘဲမည်သူမျှ တိုးဝင်ဝံ့သောသဘောမရှိသည့်အတွက်၊ အခွင့်အတိုင်းအထံတော်သို့တိုးဝင်ရလိမ့်မည်။ 22 သင်တို့သည် ငါ့လူမျိုး၊ ငါလည်းသင်တို့ဘုရားသခင်ဖြစ်မည်ဟုမိန့်တော်မူ၏။
23 မိုးသက်မုန်တိုင်းတည်းဟူသော၊ ထာဝရဘုရား၏ဒေါသသည်၊ ထွက်သွားတိုက်ဝှေ့သည့်အလျောက်၊ လူဆိုးတို့ဦးခေါင်းကိုတိုက်ခတ်လိမ့်တကား။ 24 ထာဝရဘုရားသည် စိတ်တော်ပြဋ္ဌာန်းချက်များအတိုင်း၊ မစီမရင်၊ အတည်မပြုမချင်း၊ အမျက်တော်အရှိန်ကိုရုပ်သိမ်းတော်မူမည်မဟုတ်ကြောင်း၊ နောင်ကာလသင်တို့နားလည်ကြရလတ္တံ့။