2
1-2 ဇိအုန်မြို့၌ တံပိုးမှုတ်လျက်၊ သန့်ရှင်းရာငါ့တောင်ပေါ်တွင် အချက်သံပေးကြလော့။ ပြည်သူပြည်သားအပေါင်းတို့တုန်လှုပ်ကြစေ။ မိုးပိတ်လျက် မှောင်အတိနေ့၊ မိုးအုံ့၍ မှောင်ကျရာနေ့၊ ထာဝရဘုရား၏နေ့ရက်တော်သည်၊ နီးကပ်၍ ရောက်အံ့ဆဲဖြစ်၏။ ခွန်အားကြီး၍များပြားသဖြင့်၊ ရှေးကာလကမဖြစ်စဘူး၊ နောင်ကာလအစဉ်အဆက် မဖြစ်လတ္တံ့သောအလုံးအရင်းသည်၊ တောင်တန်းပေါ်တွင်၊ အမိုက်တိုက်ကဲ့သို့ ဖုံးလွှမ်းကြသည်တကား။
3 ရှေ့ကကျွမ်းလောင်သောမီး၊ နောက်ကတောက်ပသောမီးလျှံထွက်သဖြင့်၊ မရောက်သေးသောမြေသည်၊ ဧဒင်ဥယျာဉ်ကဲ့သို့ရှိသော်လည်း၊ ရောက်ပြီးမှအကြွင်း အကျန်မဲ့၊ ဆိတ်ညံရာတောဖြစ်လေ၏။
4 မြင်း၏အသွင်တူလျက်၊ စီးမြင်းနှင့်အမျှလျင်မြန်လျက်၊
5 စစ်ရထားဘီးသံ၊ ရိုးပြတ်ကိုကျွမ်းလောင်သံ၊ အင်အားကြီးသောအလုံးအရင်းခင်းကျင်းသံများနှင့်၊ တောင်တန်းပေါ်တွင်ခုန်ပေါက်ကြသော၊
6 ထိုအကောင်များရှေ့တွင် လူမျိုးတို့သည်၊ စိတ်ပန်းလျက်။ ရှိသမျှသောသူတို့သည်၊ မျက်နှာ ညှိုးရာရောက်လေပြီ။
7 သူရဲတို့ဘာဝပြေးဝင်လျက်၊ ရဲမက်တို့ဘာဝစည်းရိုးကိုတက်ကျော်သောအသီးအသီးတို့သည်၊ မယိမ်းမယိုင်၊
8 အချင်းချင်းမတိုးမဝှေ့ဘဲ၊ ကိုယ့်လမ်းသို့လိုက်ချီလျက်၊ စစ်လက်နက်များဖြင့် ကျလဲသော်လည်း၊ မတွန့်မဆုတ်ချေ။
9 မြို့ကို တိုက်လာကြရာ၊ မြို့ရိုးကိုကျော်လျက်၊ အိမ်များကို တက်လျက်၊ သူခိုးကဲ့သို့ ပြတင်းပေါက်များဖြင့်ဝင်ကြသော၊
10 ထိုအကောင်များကြောင့် မိုးမြေတုန်လှုပ်လျက်၊ နေလမိုက်လျက်၊ ကြယ်နက္ခတ်အလင်းကွယ်ရ၏။
11 တပ်တော်အလွန်ကြီးကျယ်သောကြောင့်လည်းေကာင်း၊ အမိန့်တော်အတိုင်းစီရင်သောဗိုလ်ထုသည်၊ ခွန်အားကြီးသောကြောင့်လည်းေကာင်း၊ ထာဝရဘုရား၏နေ့ရက်တော်သည်၊ ခံရပ်သူမရှိသည့်တိုင်အောင်၊ ကြီးလှ၍ ကြောက်ရွံ့ဖွယ်ကောင်းသောကြောင့်လည်းေကာင်း၊ ထိုအလုံးအရင်းတော်ရှေ့၊ ထာဝရဘုရားသည် အသံကိုလွှင့်တော်မူ၏။
12 သို့ရာတွင်၊ ယခုကာလပင် အစာရှောင်လျက်၊ ငိုကြွေးမြည်တမ်းလျက်၊ စိတ်ပါကိုယ်ရောက် ငါ့ထံသို့ပြန်လာကြလော့ဟု ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း၊
13 ကျေးဇူးပြုသောသဘော၊ သနားသောသဘော၊ စိတ်ရှည်သောသဘော၊ ကရုဏာကြွယ်ဝသောသဘော၊ ပေးအံ့သောဘေးမှပြောင်းလဲသောသဘောနှင့်ပြည့်စုံတော် မူသော၊ သင်တို့ဘုရားသခင်ထာဝရဘုရားထံ၊ အဝတ်ကိုမဟုတ်၊ စိတ်နှလုံးကိုဆုတ်လျက်ပြန်လာကြလော့။
14 ကိုယ်တော်လည်း၊ ပြန်ကြွလျက် စိတ်တော်ပြောင်းလဲ၍ သင်တို့ဘုရားသခင်ထာဝရဘုရားအဖို့၊ ဘောဇဉ်သက္ကာ၊ သွန်းလောင်းရာသက္ကာအဖြစ် မင်္ဂလာဆုချထား တော်မူမည်မမူမည်ကို၊ မည်သူသိနိုင်သနည်း။
15 ဇိအုန်မြို့၌ တံပိုးမှုတ်၍အစာရှောင်ရာနေ့၊ စည်းဝေးရာနေ့သန့်ခြားလျက် ကြော်ငြာကြလော့။
16 လူပရိသတ်ကိုခေါ်ဖိတ်၍သီးသန့်စေကြလော့။ အသက်ကြီးသူတို့မှစ၍၊ နို့စို့၊ နို့ညှာ သူငယ်တို့ကိုခေါ်ဖိတ်စုရုံးကြလော့။ မင်္ဂလာဆောင်တိုက်ခန်းမှပင်သတို့သား သတို့သမီးတို့ထွက်လာကြစေ။
17 ထာဝရဘုရား၏အမှုတော်ဆောင် ပရောဟိတ်တို့သည်၊ မုတ်ဆောင်နှင့် ပူဇော်ရာ ပလ္လင်တော်ကြားတွင် ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ လူမျိုးတော်ကိုစာနာ တော်မူပါ။ လူမျိုးခြားတို့ပုံခိုင်းရာ၊ ကဲ့ရဲ့ရာအဖြစ်၊ ပိုင်ရာတော်ကို ထားတော်မမူပါလင့်။ ချင်းတို့ဘုရားကား အဘယ်မှာနည်းဟူသောဆိုခွင့်ကို၊ လူမျိုးခြားတို့သည်၊ အဘယ်ကြောင့် ရကြပါအံ့နည်းဟု တောင်းလျှောက်ကြစေ။
18 သို့နှင့်အညီထာဝရဘုရားသည်၊ ပြည်တော်အတွက် ရှုစိတ်တော်မမူဘဲ၊ လူမျိုးတော်ကို ညှာတာလျက်၊ တုံ့ပြန်မိန့်မြွက်တော်မူသည်မှာ၊
19 ငါသည်၊ ဆန် စပါး၊ စပျစ်ရည်၊ ဆီများကို၊ တင်းတိမ်အောင် ပေးသနားမည့်အလျောက်၊ လူမျိုးခြားတို့ကဲ့ရဲ့ရာအဖြစ်၊ ဆက်လက်ထားမည်မဟုတ်။
20 အားကြီးစွာပြုခဲ့သောထိုမြောက်ပိုင်းလာတပ်ကိုသင်တို့မှ ကွာဝေးစေလျက်၊ တပ်ဦးကား၊ အရှေ့ဘက်ပင်လယ်၊ တပ်မကား၊ အနောက်ဘက်ပင်လယ်၌မြုပ်၍၊ ပုပ်ညှီ နံစော်သည့်တိုင်အောင်၊ သွေ့ခြောက်ဆိတ်ညံရာပြည်သို့မောင်းနှင်မည်။
21 အိုပြည်တော်၊ မကြောက်ရွံ့လင့်။ ငါထာဝရဘုရားသည် အားကြီးစွာစီရင်မည်ကိုထောက်၍၊ အားရရွှင်လန်းလော့။
22 အိုသားယဉ်သားရိုင်းတို့၊ မကြောက်ရွံ့ကြလင့်။ တောတောင်စားကျက်များသည် စိမ်းလန်းလျက်၊ သစ်ပင်များသည် အသီးသီးလျက်၊ သဖန်း၊ စပျစ်ပင်များသည်ဖွံ့ဖြိုး လျက် ရှိဦးမည်။
23 အိုဇိအုန်မြို့သူမြို့သားတို့၊ သင်တို့ဘုရားသခင်ငါထာဝရဘုရားကြောင့်၊ အားရရွှင်လန်းကြလော့။ ငါသည် ထိုက်သင့်ရာမိုးဦးကိုပေးသနားလျက်၊ မိုးဦးမိုးနှောင်း ကိုလည်း တင်ကူး၍ ကျရွာစေသဖြင့်၊
24 ကောက်နယ်တလင်းများသည် ဆန်စပါးနှင့်ပြည့်လျက်၊ ဖိနင်းရာကျင်းများလည်း၊ ဆီ၊ စပျစ်ရည်နှင့်လျှံလိမ့်မည်။
25 ငါလွှတ်ခဲ့သောအလုံးအရင်းတော်ကြီး၊ အရာဘ၊ ယာလက်၊ ခါသိလ၊ ဂါဇံကျိုင်းအုပ်များစားခဲ့သောနှစ်များအတွက်၊ ပြန်ဆပ်မည့်အလျောက်၊
26 ဝစွာစားသောက်ခွင့်ရသောသင်တို့သည်၊ အထူးအဆန်းပြုစုသော သင်တို့ဘုရားသခင်၊ ငါထာဝရဘုရား၏နာမတော်အား ထောမနာပြုကြလတ္တံ့။ လူမျိုးတော်အဆက် ဆက်ကျိုးယုတ်ခြင်းမရှိ။
27 အခြားမဟုတ်၊ ငါသာလျှင်၊ ဣသရေလလူမျိုးဘောင်တွင်စံနေသော၊ သင်တို့ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း၊ သင်တို့သိရကြလတ္တံ့။ လူမျိုးတော်အဆက် ဆက်ကျိုးယုတ်ခြင်းမရှိချေ။
28 ထိုနောက် လူအပေါင်းတို့အပေါ်သို့၊ ဝိညာဉ်တော်ကိုငါသွန်းလောင်းသဖြင့်၊ သင်တို့ သားသမီးများသည်၊ တရားဟောလျက်၊ လူအိုတို့သည်၊ အိပ်မက်လျက်၊ လူပျိုသည်၊ ရူပါရုံမြော်မြင်လျက်နေရကြလတ္တံ့။
29 ၎င်းပြင်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့၊ ထိုနေ့ရက်ကာလ၌၊ ဝိညာဉ်တော်ကိုငါသွန်းလောင်းမည်။
30 မိုးမြေ၌လည်း၊ သွေးရောင်၊ မီးလျှံ၊ မီးခိုးတိုင်တည်းဟူသောသက်သေနိမိတ်များကိုငါပြမည့်အတိုင်း၊
31 ငါထာဝရဘုရား၏ကြောက်မက်ဖွယ်ကောင်းသော၊ နေ့တော်ကြီးမတိုင်မီ၊ နေကိုအမိုက်၊ လကိုအသွေးဖြစ်စေမည်။
32 ငါထာဝရဘုရားကတိပေးသည့်အတိုင်း၊ ဇိအုန်တောင် ယေရုရှလင်မြို့တွင်၊ ဘေးလွှတ်ခွင့်ရသူတို့၊ ကျန်ကြွင်းသူတို့တွင်၊ ငါထာဝရဘုရားခေါ်ေဆာင်မည့်သူတို့ရှိေနသည့်အေလျာက်၊ ငါထာဝရဘုရား၏နာမတော်ကိုပဌနာပြုသူတိုင်း၊ ဘေးလွတ်ခွင့်ရလတ္တံ့။