19
1 ဣသရေလလူမျိုးတွင် ဘုရင်မရှိသေးသည့်ကာလ၊ ဧဖရိမ်ခင်တန်းအစွန်းအဖျားတွင် တည်းခို သောလေဝိဂိုဏ်းသားတစ်ယောက်သည် ယုဒနယ်၊ ဗက်လင်မြို့သူအပျော်မယားတစ်ယောက်ကို သိမ်း ယူလေ၏။
2 ထိုမိန်းသည် မျောက်မထားပြီးလျှင်၊ အဖအိမ်သို့ပြန်သွားလျက် လေးလတိုင်တိုင်နေရာ၊
3 လင်ထ၍ ငယ်သားတစ်ယောက်နှင့်မြည်းနှစ်စီးပါ ဖျောင်းဖျပြောဆိုပြန်သိမ်းရန် လိုက်သွား ရောက်ရှိသော်၊ အဖအိမ်သို့မယားခေါ်သွင်းသဖြင့် အဖမြင်လျှင်မြင်ချင်း ဝမ်းမြောက်စွာလက်ခံလေ၏။
4 မယား၏အဖဖြစ်သော ယောက္ခမဆိုင်းထားသည့်အတိုင်း၊ သမက်သည်သုံးရက်တိုင်တိုင် စားသောက်လျက် တည်းခိုနေပြီးနောက်၊
5 လေးရက်မြောက်သော နံနက်အချိန်တွင်ထွက်သွားမည့်အကြံနှင့် ထသောအခါ မယား၏အဖ က၊ ခဲဖွယ်စားဖွယ်အနည်းငယ်ကို စားသောက်၍ အားရှိပြီးမှသွားပါဟုဆိုသည့်အလျောက်
6 နှစ်ယောက်လုံးပင်စားသောက်နေထိုင်ကြ၏။ ယနေ့တစ်ညဉ့်စိတ်ရွှင်လန်းစွာနေပါဦးဟု သမက်အားဆိုပြန်လျှင် သွားခြင်းငှါထသော်လည်း
7 ယောက္ခမတိုက်တွန်းသဖြင့် ထိုညဉ့်အိပ်ပြန်လေ၏။
8 ငါးရက်မြောက်သောနံနက်အချိန်သွားခြင်းငှါ ထသောအခါ ယောက္မက၊ မွန်းလွဲသည့်တိုင်အောင် အားရစွာနေပါဦးဟု ဆိုသည့်အတိုင်း နှစ်ယောက်လုံးစားသောက်နေကြပြီးလျှင်၊
9 မယားနှင့်ငယ်သားပါ သွားခြင်းငှါ ထပြန်ကြသည့်ကာလ၊ ယောက္ခမဖြစ်သော ထိုမိန်းမ၏အဖက၊ ကြည့်ပါလော့။ ယနေ့နေစောင်းပြီဖြစ်၍ ယနေ့ညဉ့်ကိုလည်းအိပ်ပါဦး။ နေကျသဖြင့် စိတ်ရွှင်လန်းစွာ ဤအိမ်တွင်တည်းခိုဦးလော့။ နက်ဖြန်နံနက်ခရီးထွက်၍ အိမ်ကိုပြန်သွားပါတော့ဟုဆိုသော်လည်း
10 သမက်သည် မဆိုင်းလို၍ ထသွားပြီးလျှင် ယေရုရှလင်တည်းဟူသော ယေဗုတ်မြို့နှင့်ရင်ဆိုင် အရပ်သို့ကုန်းတင်ပြီး မြည်းနှစ်စီးနှင့် မယားပါရောက်လေ၏။
11 ယေဗုတ်မြို့အနီးသို့ရောက်လျှင် နေကျသည်ကိုမြင်၍ ငယ်သားက၊ ယေဗုသိလူမျိုးတို့နေရာ ဤမြို့အတွင်းတစ်ညဉ့်ဝင်ရောက်တည်းခိုကြစို့ဟု သခင်အားဆိုသော်
12 ဣသရေလအမျိုးသားတို့နှင့် မဆိုင်သောလူမျိုးခြားတို့နေရာ ထိုမြို့အတွင်းသို့ မဝင်ထိုက်။
13 ဂိဗာမြို့အရောက်သွားမည်ဟူ၍လည်းေကာင်း၊ ဂိဗာဖြစ်စေ၊ ရာမဖြစ်စေ၊ တစ်မြို့မြို့တွင် တည်းခိုအံ့။ သွားဦးလော့ဟူ၍လည်းေကာင်း၊
14 ငယ်သားအားဆိုလျက် ခရီးသွားမြဲသွားလျှင် ဗင်္ယာမိန့်နယ်၊ ဂိဗာမြို့အနီးရောက်သည့်ကာလ၊ နေဝင်လေ၏။
15 ဂိဗာမြို့တွင် တည်းခိုမည့်အကြံနှင့် မြို့တွင်းသို့ဝင်ရောက်ရာ အိမ်တွင်တည်းခိုရန် ခေါ်ဖိတ်သူမရှိသည်နှင့် လမ်းဆုံမှာထိုင်နေရ၏။
16 ဗင်္ယာမိန့့်အနွယ်သားတို့နေရာ ထိုဂိဗာမြို့တွင် ခိုကပ်နေထိုင်သူ၊ ဧဖရိမ်ခင်တန်းသား၊ လူအိုတစ်ယောက်သည် ညဉ့်ချမ်းအချိန်လယ်ယာမှပြန်လာစဉ်
17 လမ်းဆုံတွင်ခရီးသည်တစ်ယောက်ထိုင်နေသည်ကို မျှော်ကြည့်သိမြင်လျှင် ဘယ်ကိုသွား၍ ဘယ်ကလာသနည်းဟုမေးသော်
18-19 ယုဒနယ်၊ ဗက်လင်မြို့မှ ဧဖရိမ်ခင်တန်းအစွန်းအဖျားအရောက် ခရီးလာခဲ့ပါသည်။ ကျွန်တော်သည် ထိုခင်တန်းသားဖြစ်ပါ၍ ယုဒနယ်ဗက်လင်မြို့သို့အလည်သွားရာမှ အိမ်သို့ယခု ပြန်လာသော် မြည်းအဖို့ကောက်ရိုးနှင့်အခြားအစာများပါရှိသည့်ပြင် ကျွန်တော်မှစ၍ အရှင့်ကျွန်မ နှင့်လိုက်ခဲ့သူငယ်သားအဖို့ စားသောက်ရန်ပါရှိသည်ဖြစ်၍ လိုလေသေးသည်မရှိပါသော်လည်း၊ တည်းခိုရန် ခေါ်ဖိတ်သူမရှိချေဟုဆိုလျှင်၊
20 လူအိုက၊ စိတ်သာချလော့။ လိုသမျှမှာ ငါ့တာဝန်ရှိစေတော့။ လမ်းဆုံတွင် မတည်းခိုနှင့်ဟု ဆိုလျက်၊
21 အိမ်တွင်းသို့ခေါ်သဖြင့် သူတို့သည်ခြေဆေး၍ စားသောက်ခွင့်ရကြ၏။ မြည်းများကိုလည်း ကျွေးမွေးလေ၏။
22 ထိုသို့စိတ်ရွှင်လန်းစွာနေကြသောအခါ တရားမဲ့မြို့သားအချို့တို့သည် အိမ်ကိုဝန်းဝိုင်း၍ တံခါးကိုပြင်းစွာရိုက်ခတ်ကြလျက် သင့်အိမ်တွင်ဝင်နေသောယောက်ျားနှင့်ငါတို့ဆက်ဆံလိုသည်ဖြစ် ၍ ငါတို့ထံထုတ်ခဲ့လော့ဟု အိမ့်ရှင်ဖြစ်သောလူအိုအား ဆိုကြသော်၊
23 သူတို့ရှိရာသို့ အိမ်ရှင်ထွက်၍ အမောင်တို့ ထိုသို့မပြစ်မှားကြနှင့်။ ထိုသူသည် ငါ့အိမ်၌ဧည့်သည် ဖြစ်ပါ၍ ယုတ်မာစွာမပြုကြပါနှင့်။
24 ငါ့တွင် ကညာဖြစ်သောသမီးနှင့် ထိုလူ၏အပျော်မယားရှိ၍ သူတို့ကို သင်တို့ထံထုတ်ပေးပါ မည်။ အသရေရှုတ်ချ၍ ပြုလိုသမျှအတိုင်း ပြုကြပါလေ။ ထိုလူကိုကား ယုတ်မာစွာမပြုကြပါနှင့်ဟုတောင်းပန်သော်လည်း၊
25 မနာမယူကြသောကြောင့် ထိုဧည့်သည်သည် ကိုယ့်အပျော်မယားကိုကိုင်ဆွဲထုတ်ပေးသဖြင့် ရက်စက်ကြမ်းကြုတ်စွာတညဉ့်လုံးပြုပြီးနောက် မိုးသောက်မှလွှတ်လိုက်ကြ၏။
26 ထိုအချိန်တွင် မိန်းမပြန်ရောက်၍ ကိုယ့်သခင့်အိမ်တံခါးရှေ့မှာလဲလျက် မိုးလင်းသည့်တိုင်အောင်နေလေ၏။
27 သူ့သခင်လည်းနံနက်အချိန်ထလျက် ခရီးသွားခြင်းငှါ အိမ်တံခါးကိုဖွင့်၍ထွက်သော်၊ မယားသည် တံခါးခုံကိုလက်တင်၍ လဲလျက်နေသည်ကိုမြင်လျှင်၊
28 ထလော့ သွားကြကုန်အံ့ဟုဆိုသော်လည်း ပြန်ဆိုခြင်းမရှိသောကြောင့် မြည်းပေါ်တွင်သူ့ကို တင်လျက် ကိုယ့်ဌာနအရောက်ခရီးနှင်လေ၏။
29 ကိုယ့်အိမ့်အတွင်းဝင်လျက် ဓားကိုဆွဲ၍ မယား၏အလောင်းကို ဆယ့်နှစ်ပိုင်းပိုင်းဖြတ်ပြီးလျှင်၊ ဣသရေလပြည်တစ်ဝှမ်းလုံးသို့ပေးဝေလိုက်သဖြင့်
30 သိမြင်သူအပေါင်းတို့က၊ ဣသရေလအမျိုးသားတို့သည် အိဂျစ်ပြည်မှထွက်လာခဲ့သည့်နေ့မှစ၍ ယနေ့တိုင်အောင် ဤသို့သောအမှုကို တစ်ကြိမ်တစ်ခါမျှ မမြင်မဖြစ်စဘူးသောကြောင့် နှလုံးသွင်းခြင်း၊ ကြံစည်ခြင်းပြု၍ တိုင်ပင်ကြဦးလော့ဟု ပြောဆိုကြ၏။