ယုဒဩဝါဒကျမ်း
1
ယေရှုခရစ်၏ကျွန်၊ ယာကုပ်၏ညီဖြစ်သောယုဒက အဘဘုရားသခင်ချစ်တော်မူသူ ၊ ယေရှုခရစ်အဖို့စောင့်ထိန်း၍ ခေါ်ထားတော်မူသူတို့ထံရေးလိုက်သည်မှာ၊ သင်တို့၌ မေတ္တာတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းများပြားပါစေသော။
ချစ်သူတို့၊ ငါတို့ဆက်ဆံကြသောကယ်တင်တော်မူခြင်းအကြောင်း သင်တို့ထံရေးလိုက်ရန်စေတနာရှိသော် သီးသန့်ထားတော်မူသူတို့အား အပြီးသတ်လွှဲအပ်တော်မူခဲ့သည့် ယုံကြည်ခြင်းတရားတော်အဖို့ လုံ့လထုတ်ကြအံ့သောငှာ နှိုးဆော်စာငါရေးလိုက်၏။ အသို့ဆိုသော် ရှေးဟောင်းကျမ်းချက်အရ သင့်လတ္တံ့သောစီရင်ဒဏ်ခံရမည့် ဘုရားတရားမဲ့သူအချို့တို့သည် လျှို့တဝှက်ဝင်လာ၍ ငါတို့ဘုရားသခင့်ကျေးဇူးတော်ကို ကာမဂုဏ်လိုက်စားခြင်း အကြောင်းဖြစ်စေလျက် တစ်ပါးတည်းသောငါတို့အရှင်သခင်ယေရှုခရစ်ကို ငြင်းဆိုကြလေစွ။
ငါသတိပေးလိုသည့်အကြောင်းမှာ အထက်ကအစုံအလင်သင်တို့သိခဲ့ကြသည့်အတိုင်း ထာဝရဘုရားသည် လူမျိုးတော်ကို အိဂျစ်ပြည်ထဲကကယ်လွှတ်ပြီးလျှင် နောက်တစ်ဖန်မယုံကြည်သူတို့ကို ဖျက်ဆီးတော်မူကြောင်း၊ ကိုယ့်အခွင့်အာဏာကိုမစောင့်၊ နေရာရင်းမှစွန့်ခွာသောစေတမန်တော်တို့ကို စီရင်ဆုံးဖြတ်ရာနေ့တော်ကြီးမတိုင်မချင်း မှောင်မိုက်ထဲတွင် ထာဝရအချုပ်နှင့်နှောင်ထားတော်မူကြောင်း၊ သောဒုံ၊ ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်ရှိမြို့ရွာများကိုလည်း ၎င်းတို့နည်းတူ မတရားမေထုန်ပြုကျင့်၍ ဓမ္မတာနှင့်ဆန့်ကျင်ကြသောကြောင့် ထာဝရမီးဒဏ်ခံရသောပုံထုံးအဖြစ် ထားတော်မူကြောင်းများတည်း။ ဤသို့ဖြစ်သော်လည်း ဆိုခဲ့သောယောင်ယမ်းသူတို့သည် ထိုနည်းတူကိုယ်ကိုညစ်ညူးစေလျက် အာဏာပိုင်များကိုမထီလေးစားခြင်း၊ ဘုန်းရှင်များကိုကဲ့ရဲ့ခြင်းပြုတတ်ကြ၏။ စေတမန်တော်မင်းမိက္ခေလပင် မောရှေ၏အလောင်းအကြောင်း မာရ်နတ်နှင့်ပြိုင်ဆိုင် ငြင်းခုံသည့်ကာလ ကဲ့ရဲ့၍စွဲဆိုချက်မတင်ဝံ့ဘဲ ထာဝရဘုရားသည်သင့်ကိုဆုံးမတော်မူပါစေသောဟူ၍သာဆို၏။ 10 သူတို့မူကား ကိုယ်မသိသောအရာရှိသမျှကိုပုတ်ခတ်သည့်ပြင် ဉာဏ်မဲ့သောတိရစ္ဆာန်များကဲ့သို့ ပြကတေ့အတိုင်း နားလည်သောအရာများဖြင့် ပျက်စီးတတ်ကြ၏။ သူတို့၌အကျိုးနည်းလေစွ။ 11 ကာဣန၏နည်းလမ်းအတိုင်းေလျှာက်လျက် အခအဖို့ဗာလမ်၏မိုက်မှားခြင်းအလိုက်ပြေးလျက် ကောရ၏ခုခံခြင်းဖြင့် ပျက်စီးကြ၏။ 12 သင်တို့မေတ္တာပွဲများတွင် အတူစားသောက်စဉ် မကြောက်မရွံ့ဘဲကိုယ်ကိုကျွေးမွေးသဖြင့် အစွန်းအကွက်များ၊ လေတိုက်ရာရေကင်းသောမိုးတိမ်များ၊ အသီးအရွက်မဲ့လျက်နှစ်ထပ်သေ၍ အမြစ်ပါနုတ်ပြီးသစ်ပင်များ၊ 13 ကိုယ့်ရှက်ဖွယ်ရာကို အမြုပ်ထစေသောပင်လယ်လှိုင်းပြင်းများ၊ ကြယ်ပျံများဖြစ်ကြသည့်အလျောက် ချင်းတို့အဖို့ကာလအစဉ်မှောင်မိုက်အတိ ဒဏ်ရန်ထားလျက်ရှိ၏။ 14-15 ထိုသူတို့နှင့်စပ်၍လည်း အာဒံမှခုနစ်ဆက်မြောက်၊ ဧနောက်က ထာဝရဘုရားသည်လူခပ်သိမ်းတို့ကို ပြစ်ဒဏ်စီရင်ခြင်းငှာလည်းေကာင်း၊ တရားမဲ့သောအပြစ်သားတို့၌မတရားမှုပြုကြသော မတရားမှုရှိသမျှနှင့်ကိုယ်တော်ကို မတရားပုတ်ခတ်မှုရှိသမျှအတွက်ဆုံးမခြင်းငှာလည်းေကာင်း၊ သန့်ရှင်းသောအခြံအရံကုဋေသင်္ချေနှင့်တကွ ကြွလာတော်မူလိမ့်တကားဟု တင်ကူးဟောပြော၏။ 16 ထိုသူတို့သည် ဝန်တိုညည်းညူလျက် ကိုယ့်တပ်မက်ခြင်းအတိုင်းေလျှာက်လိုက်သူ၊ စကားလုံးကြီးများပြောဆိုသူ ကိုယ့်အကျိုးကိုငဲ့၍ မျက်နှာကြီးငယ်ထောက်သူများဖြစ်ကြ၏။
17-18 ချစ်သားဖြစ်သောသင်တို့မူကား အန္တိမကာလတွင် ကိုယ်မတရားသော၊ တပ်မက်ခြင်းများကိုလိုက်စားသော လူသရော်တို့ပေါ်လာမည်ဟု ငါတို့အရှင်ယေရှုခရစ်၏တမန်တော်တို့အထက် ဟောပြောသောစကားများကို သတိရကြလော့။ 19 ထိုသူတို့သည် ဝိညာဉ်တော်ကိုမရသဖြင့် ပြကတေ့လူဖြစ်လျက် သင်းခွဲတတ်ကြ၏။ 20 ချစ်သားဖြစ်သောသင်တို့မူကား သင်တို့အထူးသန့်ရှင်းသော ယုံကြည်ခြင်းတရားတော့်အပေါ်၌ ကိုယ်ကိုတည်ဆောက်လျက် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ပဌနာပြုလျက်၊ 21 ထာဝရအသက်ကို ဝင်စားရသည့်တိုင်အောင် ငါတို့အရှင်ယေရှုခရစ်၏ကရုဏာတော်ကို စောင့်ေမျှာ်လျက် ဘုရားသခင်၏မေတ္တာတော်၌ ကိုယ်ကိုစောင့်ထိန်းကြလော့။ 22 အချို့တို့ကို ယုံမှားသံသယရှိကြသည့်အလျောက် ကရုဏာသက်၍ မီးထဲမှဆွဲယူကယ်တင်ကြလော့။ 23 အချို့တို့ကား ဇာတိသဘောအားဖြင့် စွန်းကွက်သောအဝတ်အစားကိုပင်စက်ဆုပ်လျက် ကြောက်ရွံ့ခြင်းနှင့်တကွ ကရုဏာသက်ကြလော့။
24 သင်တို့ကို မလဲမပြိုစေရန်ကွယ်ကာလျက် အပြစ်အနာမရှိဘဲ ရွှင်လန်းသောစိတ်နှင့် ဘုန်းတော်ရှေ့ဆက်သနိုင်တော်မူထသော၊ 25 ငါတို့ကယ်တင်ရှင် တစ်ဆူတည်းသောဘုရားသခင်သည် ငါတို့အရှင်ယေရှုခရစ်အားဖြင့် အတိတ်၊ ပစ္စုပ္ပန် ကမ္ဘာအဆက်ဆက်၊ ဘုန်းတော်၊ တန်ခိုးတော်၊ အာနုဘော်တော်၊ အာဏာတော်ကြီးပါစေသတည်း။ အာမင်။