8
1 ထိုအခါ၊ ရှုအာ့အမျိုးသားဗိလဒဒ်တုံ့ပြန်မြွက်ဆိုသည်ကား၊
2 သင်သည် ထိုသို့ကြားပြော၍၊ လေပြင်းကဲ့သို့သောစကားများကို၊ မည်မျှကြာနှုတ်မြွက်မည်နည်း။
3 ဘုရားသခင်သည် အလွှဲဆုံးဖြတ်ခြင်း၊ အနန္တတန်ခိုးရှင်သည် တရားလွှဲခြင်းကိုပြုတော်မူသလော။
4 သင်၏သားသမီးတို့သည်၊ ကိုယ်တော်အားပြစ်မှားခဲ့လျှင်၊ ၎င်းလွန်ကျူးသောပြစ်ဒဏ်အောက်သို့ရောက်စေတော်မူလေပြီ။
5-6 သင်သည် စင်ကြယ်ဖြောင့်မှန်လျက်၊ ဘုရားသခင်ကိုစိတ်ဇောနှင့်ရှာဖွေ၍ ၊ အနန္တတန်ခိုးရှင်ထံအသနားတော်ခံပါမူ။ သင့်အဖို့မုချနိုးထပြီးလျှင်၊ ဖြောင့်မတ်စွာနေ သော အိမ်ယာကို လုံခြုံစေတော်မူသဖြင့်၊
7 အစအဦး၌ သိမ်ဖျင်းသော်လည်း၊ အဆုံး၌ များစွာတိုးပွားလိမ့်သတည်း။
8-9 အကျွန်ုပ်တို့ကား၊ ယမန်နေ့က ဖြစ်ပွား၍၊ မြေကြီးပေါ်တွင်အသက်တာလည်း၊ အရိပ်မျှသာဖြစ်သည့်အတိုင်းတစ်စုံတစ်ရာမသိနိုင်ကြသောကြောင့်၊ ရှေးလူဟောင်းထံမေး လျှောက်လျက်၊ ဘိုးဘေးတို့စီစစ်ရာကိုသတိမူပါလော့။
10 ထိုသူတို့သည် သင့်အားပြောဆိုညွှန်ပြလျက်၊ နှလုံးထွက်စကားများကို ပြန်ကြားမည်မဟုတ်လော။
11 ကြိမ်ပင်သည် စိမ့်မရှိဘဲပေါက်နိုင်သလော။ ကိုင်းပင်သည် ရေမရှိဘဲကြီးပွားနိုင်သလော။
12 ထိုအပင်သည် မဆွဲမနုတ်သည့်အခါ၊ စိမ်းလန်းလျက်ရှိသေးစဉ်၊ အပင်တကာထက်လွယ်ကူစွာညှိုးနွမ်းတတ်၏။
13 ဘုရားသခင်ကိုမေ့လျော့သူ ခပ်သိမ်းတို့၏အကျိုးဆက်ကား၊ ထိုသို့ပင်တည်း။ လူသရော်လူပျက်၏ စောင့်ေမျှာ်ခြင်းလည်း၊ ပျက်စီးလိမ့်မည်။
14-15 ထိုသူသည်၊ ပင့်ကူအိမ်၌စိတ်ချ၍ တံကဲပြုလျက်စွဲမြဲသည့်ပမာ၊ ကိုယ့်အိမ်မတည်မနေရာ။အားကိုးရာအားကိုးကြောင်းလည်း၊ ကျိုးပြတ်လိမ့်မည်။
16 သူသည်၊ နေရောင်ခြည်ဖြင့်ကြည်လင်၍၊ ဥယျာဉ်၌အခက်အလက်နှံ့ပြားလျက်၊
17 အမြစ်လည်းမြေစာပုံကိုပတ်စွဲ၍၊ ကျောက်ရှိရာကို သိမြင်တတ်သော်လည်း၊
18 နုတ်ပစ်ခံရသောအခါ၊ နေရင်းအရပ်က၊ နင့်ကို ငါမမြင်စဘူးဟုငြင်းဆိုလိမ့်မည်။
19 ထိုသူ၏ရွှင်လန်းရာအကျိုးဆက်ကား၊ ထိုသို့ပင်တည်း။ မြေမှလည်းအခြားသူတို့ပေါက်ကြဦးမည်။
20 ဘုရားသခင်သည်၊ စုံလင်သောသူ့ကိုမငြင်းမပယ်။ လူဆိုးတို့ကိုကား၊ လက်ရုံးအားပေးတော်မူမည်မဟုတ်။
21 သင်၏ခံတွင်းကိုရယ်မောခြင်းနှင့်လည်းေကာင်း၊ နှုတ်ခမ်းကိုကြွေးကြော်ခြင်းနှင့်လည်းေကာင်း၊ ပြည့်ဝစေတော်မူဦးမည်။
22 သင့်အားမုန်းထားသူတို့သည်၊ အရှက်ကွဲခြင်းကိုလွှမ်းခြုံလျက်၊ လူသွမ်းတို့၏ တဲလည်းမတည်မနေရာဟု မြွက်ဆိုလေ၏။