28
ငွေသတ္တုအရပ်၊ ချွတ်လှော်ရသော ရွှေနေရာရင်းမုချရှိ၏။ မြေကြီးထဲမှ သံကိုထုတ်ယူလျက်၊ ကျောက်ကိုအရည်ကျို၍ ကြေးထွက်၏။ လူသည် မြေထုစွန်းတိုင်အောင်၊ သေမင်းအရိပ်၌ မှောင်အတိ၌ရှိသောကျောက်မျက်များကိုလိုက်စစ်၍၊ ထိုမှောင်မိုက်ကိုပျောက်လင်းစေတတ်၏။ လူတို့နေရာအရပ်နှင့် ကွာဝေးသော သတ္တုတွင်းကို ဖောက်ထွင်းပြီးလျှင်၊ လူတို့နှင့်ကွင်း၍ တွဲလဲလွှဲဆင်းရာ၊ ကျော်နင်းသူတို့ပင်မေ့လျော့ကြကုန်၏။ မြေကြီးမူကား၊ အပေါ်မှာအစာအာဟာရပေါက်သော်လည်း၊ အောက်၌မီးလောင်သကဲ့သို့လှိမ့်လှန်ခံရလေ၏။ ထိုမြေ၌ရွှေသတ္တုရှိသည့်ပြင်၊ ကျောက်များ၌ကား၊ နီလာနေရာရင်းတည်း။ ထိုလမ်းကို မည်သည့်ငှက်ရဲမသိ။ စွန့်မျက်စိပင်မမြင်ရ။ သားရဲများမနင်းရ။ ခြင်္သေ့လည်း မတိုးမသွားချေ။ လူသည် သံကျောက်ကိုလက်တွန်း၍၊ တောင်များကို အခြေအမြစ်ပါမှောက်လှန်တတ်၏။ 10 ကျောက်တောင်တွင် မြောင်းများကိုဖောက်ချသဖြင့်၊ ရတနာအမျိုးမျိုးကို မျက်စိနှင့်မြင်ရ၏။ 11 မယိုမဖိတ်စေခြင်းငှာ မြောင်းရေကို ဆည်းပိတ်၍၊ ကွယ်ဝှက်သမျှကို ထုတ်ဖော်တတ်၏။ 12 ဉာဏ်ပညာကိုကား။ အဘယ်မှာရှာ၍ တွေ့မည်နည်း။ ဉာဏ်ပဋိဘာန် နေရာရင်းလည်း၊ အဘယ်မှာနည်း။ 13 ထိုအကဲကို လူတို့မခတ်နိုင်။ အသက်ရှိသူတို့နေပြည်၌လည်း ရှာ၍မတွေ့ချေ။ 14 ရေထုက ငါ၌မရှိသမုဒ္ဒရာကလည်း၊ ငါနှင့်အတူမနေဟု ဆိုကြ၏။ 15 သိင်္ဂနိက်ပင်အစားမရ၊ တန်ဖိုးမျှတရန် ငွေကိုမချိန်နိုင်။ 16 ဩဖိရရွှေ၊ မဟူရာကျောက်မျက်၊ နီလာများနှင့်မစက်နိုင်ရာ။ 17-18 ပန်းရည်ကျောက်နှင့်ကျောက်သလင်းကိုမဆိုနှင့်ဦး။ ရွှေထည်၊ဖန်ထည်များသည်မမျှ၊ ရွှေစင်ရတနာများနှင့်လည်းလဲလှယ်၍မရ။ သန္တာကျောက်ကိုငုတ်ယူရသည်ထက်၊ ပညာကိုယူရခြင်း ခက်လှသည့်ပြင်၊ 19 ကုရှပြည်ဥဿဘယား မညီမျှဘဲ၊ လှော်ပြီးရွှေနှင့်လည်း မစက်နိုင်ချေ။ 20-21 သို့ဖြစ်၍၊ ဉာဏ်ပညာသည်၊ အဘယ်မှထွက်သနည်း။ ဉာဏ်ပဋိဘာန်နေရာရင်းကား၊ အဘယ်မှာနည်း။ လေသတ္တဝါမှစသောသက်ရှိသတ္တဝါဟူသမျှ၏မျက်ကွယ်ဝှက် ထားလျက်ရှိ၏။ 22 ငရဲမင်း၊ သေမင်းတို့က၊ သောတာရုံဖြင့် သိုးသိုးသန့်သန့်ကြားရသည်ဟု ဝန်ခံကြသတည်း။ 23 ဘုရားသခင်မူကား၊ ထိုလမ်းကိုမြင်၍ နေရာရင်းကိုသိတော်မူ၏။ 24-25 ကိုယ်တော်သည် လေကိုချိန်စက်လျက်၊ ရေအတိုင်းအတာကိုစီစဉ်ခြင်းငှာ၊ မြေကြီးစွန်းတိုင်အောင်ရှုကြည့်၍၊ မိုးကောင်းကင်အောက်တစ်ဝှမ်းလုံးအာရုံပြုတော်မူ၏။ 26 မိုးရွာခြင်းဥပဒေနှင့်၊ မိုးကြိုးပစ်ခြင်းနည်းလမ်းကိုစီရင်တော်မူသောအခါ၊ 27 ထိုဉာဏ်ကိုသိမြင်ဖော်ပြတည်ထောင်စီစစ်တော်မူပြီးလျှင်၊ 28 ထာဝရဘုရားကိုခန့်ညားသောသဘောသည်၊ ဉာဏ်ပညာဖြစ်၏။ ဒုစရိုက်ကိုကြဉ်ရှောင်သောသဘောလည်း၊ ဉာဏ်ပဋိဘာန်တည်းဟု၊ လူတို့အားမိန့်တော်မူသည်ဟူ၍ မြွက်ဆိုလေ၏။