15
1 ထိုအခါ၊ တေမန့်အမျိုးသားဧလိဖတ်တုံ့ပြန်မြွက်ဆိုသည်ကား၊
2-3 ပညာရှိသည် အသုံးမဲ့စကားဖြင့်လည်းေကာင်း၊ အကျိုးမဲ့အပြောအဆိုဖြင့်လည်းေကာင်း၊ ချေပ၍၊ လေသက်သက်ဖြစ်သောအသိပညာကိုမြွက်ဆိုနိုင်ရန်၊ အရှေ့လေဖြင့်ဝမ်းပြည့်စေမည် လော။
4 သင်မူကား၊ ဘုရားသခင်မျက်မှောက်တော်တွင်၊ ခန့်ညားခြင်းသဘောကိုပယ်ဖျက်၍၊ ကြည်ညှိခြင်း သဘောကိုလည်းဆီးတားလေပြီ။
5 အသို့ဆိုသော်သင့်နှုတ်ကိုဒုစရိုက်သွန်သင်သည့်အတိုင်း၊ စဉ်းလဲသောလျှာကိုသင်ရွေးချယ်လေပြီ။
6 အကျွန်ုပ်မဟုတ်။ သင့်စကားများပင်၊ သင့်ကိုအပြစ်စီရင်လေပြီ။ နှုတ်ခမ်းလည်းသင့်တစ်ဘက်၌လျှောက်လဲလေပြီ။
7 သင်သည် အဦးဆုံးဖွားသောလူလော။ တောင်များမတည်မီပေါက်ဖွားသလော။
8 ဘုရားသခင်၏ သုဓမ္မာသဘင်တွင်နားထောင်၍၊ ပညာတော်ကိုဥဿုံပိုင်သလော။
9 အကျွန်ုပ်တို့မသိဘဲ၊ မည်သည်ကို သိသနည်း။ အကျွန်ုပ်တို့နားမလည်ဘဲ၊ မည်သည်ကိုနားလည်သနည်း။
10 အကျွန်ုပ်တို့တွင်၊ သင့်အဘထက်အသက်ကြီးလျက်၊ ဆံဖြူအိုမင်းသူရှိ၏။
11 ဘုရားသခင်နှင့်စပ်လျဉ်းရာနှစ်သိမ့်ခြင်းစကားမှစ၍၊ ဖြည်းညှင်းသောစကားများသည်၊ သင့်အဖို့မလောက်ပါသလော။
12-13 သင်သည် ဘုရားသခင်အားမျက်မုန်းကြိုး၍၊ စကားများကို ထိုသို့နှုတ်မြွက်စေရန်၊ မျက်ဆံပြူးလျက်၊ ကိုယ့်စိတ်နှင့်ကိုယ်ကို အဘယ့်ကြောင့်သွေးဆောင်သနည်း။
14 လူသည် မည်သို့သော သတ္တဝါဖြစ်၍ သန့်စင်ရအံ့နည်း။ မိန်းမမှဖွားမြင်သောသူပင်မည်သို့သော သတ္တဝါဖြစ်၍ဖြောင့်မတ်ရအံ့နည်း။
15 သန့်ရှင်းသူတို့ကို ကိုးစားတော်မမူ။ အာကာသကောင်းကင်လည်း၊ မျက်မှောက်တော်တွင် စင်ကြယ်သည်မဟုတ်။
16 မတရားခြင်းကို ရေကဲ့သို့သောက်၍၊ စက်ဆုပ်ဖွယ်ဖောက်ပြန်တတ်သောလူမူကား၊ သာ၍မစင်ကြယ်သတည်း။
17-19 နားထောင်လော့။ အကျွန်ုပ်ဖော်ပြဦးမည်။ လူမျိုးခြားနှင့်မရောယှက်ဘဲ၊ တစ်မျိုးတည်းသာလျှင် နေပြည်ကိုရသောဘိုးဘေးတို့မှပညာရှိတို့ဆက်ခံ၍၊ မထိမ်မချန်မဝှက် မထား၊ ကြားပြောခဲ့သည့်အတိုင်း၊ အကျွန်ုပ်လည်း ဒိဋ္ဌမြင်ရသောအရာကိုပြန်ကြားပါမည်။
20 ဆိုးသွမ်းကြမ်းကြုတ်သောသူသည်၊ ဝင်စားရသော အသက်တာနှစ်ကာလပတ်လုံး၊ နာကျင်ခြင်းဝေဒနာကိုခံရ၍၊
21 ကြောက်မက်ဖွယ်အသံကိုကြားရသည့်အတိုင်း၊ ကောင်းစားစဉ်တွင်ပင်၊ လုယက်ဖျက်ဆီးသူရောက်လျက်၊
22 မှောင်မိုက်သောဘေးမှမလွတ်၊ ဓားဘေးအသင့်စောင့်နေသည်ဟုထင်သည်နှင့်၊
23 ထမင်းအဘယ်မှာနည်းဟူ၍ လှည့်လည်လိုက်ရှာတတ်၏။ မှောင်မိုက်သောနေ့ရက်သည် အရံသင့်ရှိကြောင်းကိုသိလျက်၊
24 ကျဉ်းကျပ်ခြင်း၊ ခဲယဉ်းခြင်းလည်း၊ သူ့ကိုချောက်လှန့်၍၊ တိုက်ရန်အသင့်ရှိသောရှင်ဘုရင်ကဲ့သို့အောင်နိုင်တတ်၏။
25 အသို့ဆိုသော်၊ ထိုသူသည် ဘုရားသခင်တစ်ဘက်၌ လက်ရုံးဆန့်လျက်၊ အနန္တတန်ခိုးရှင်နှင့် ဆန့်ကျင်ဘက်ရဲဝံ့ခဲ့ပြီ။
26 လည်ပင်းခိုင်မာ၍ ထူထပ်သော ဒိုင်းလွှားဦးဖြင့်ကွယ်ကာလျက်၊ ကိုယ်တော်ကိုဆီးကြိုပြေးဝင်လေပြီ။
27 မျက်နှာဆူဖြိုးလွန်း၍၊ ခါးလည်းတုတ်ဝလျက်၊
28 အမှိုက်ပုံဖြစ်သင့်သော မြို့ပျက်များ၊ လူမနေအပ်သောအိမ်များ၌တည်းခိုဝံ့လေပြီ။
29 ကြွယ်ဝမည်။ စည်းစိမ်တည်မည်မဟုတ်။ မြေပေါ်တွင် ပစ္စည်းပြန့်ပြောမည်မဟုတ်။
30 မှောင်မိုက်ဘေးမှမလွတ်ရဘဲ၊ အမျက်တော်ရှိန်ဖြင့် အခက်အလက်များညှိုးနွမ်းလျက်၊ ခံတွင်းတော်ရှူမှုတ်ခြင်းအားဖြင့်နှင့်ထုတ်ခံရလိမ့်မည်။
31 ကိုယ်ကိုမှောက်မှားစေလျက်၊ အနတ္တ၌မကိုးစားစေနှင့်။ အနန္တအကျိုးဆက်ကိုခံရလတ္တံ့။
32 အသက်တာမစေ့မှီပင်၊ အပြည့်အစုံခံရ၍၊ အရွက်တက်လည်းစိမ်းလန်းမည်မဟုတ်။
33 စပျစ်ပင်ကဲ့သို့အသီးမအောင်မာဘဲ၊ သံလွင်ပင်ကဲ့သို့အပွင့်များကြွေကျလတ္တံ့။
34 လူပျက် လူသရော်တို့အသင်းအပင်းကား၊ အပိုဖြစ်သတည်း။ တံစိုးစားသူတို့၏ တဲများလည်း မီးကျွမ်းလောင်လိမ့်မည်။
35 ထိုသူတို့သည်၊ မကောင်းသောအကြံကိုသန္ဓေယူ၍၊ လှည့်စားခြင်းကို ကိုယ်ဝန်ဆောင်လက်၊ ဒုရိုက်ကိုဖွားမြင်တတ်သည် ဟုမြွက်ဆို၏။