13
ထိုအရာရှိသမျှကို၊ ဒိဋ္ဌသုတငါမြင်ရကြားရ၍ နားလည်ခဲ့ပြီ။ သင်တို့သိသမျှကိုငါသိ၍၊ သင်တို့ထက်ငါယုတ်ညံ့သည်မဟုတ်။ ငါသည် အနနတ္တတန်ခိုးရှင်ထံလျှောက်ထား၍၊ ဘုရားသခင်ရှေ့၊ ချေပရန်အလိုရှိပါ၏။ သင်တို့ရှိသမျှမူကား၊ မုသာမွမ်းမံသူ၊ အသုံးမဲ့ဆေးသမားများဖြစ်ကြသတည်း။ တိတ်တိတ်ဆိတ်ဆိတ်နေကြပါချေက၊ ဉာဏ်ပညာရှိရာရောက်တော့မည်။ ငါဆုံးမချက်ကိုလည်းေကာင်း၊ နှုတ်မြွက်သောပဲ့ပြင်ချက်ကိုလည်းေကာင်း၊ နားထောင်နာခံကြကုန်။ ဘုရားသခင်ဘက်၌၊ မတရားသဖြင့်လည်းေကာင်း၊ ပရိယယ်ဖြင့်လည်းေကာင်း၊ ပြောဆိုဝံ့ကြသလော။ မျက်နှာတော်ကိုငဲ့၍၊ ဘုရားသခင်ဘက်၌ထုချေကြမည်လော။ စီစစ်တော်မူခြင်းကိုခံရကြလျှင်၊ သင်တို့၌အကျိုးရှိမည်လော။ လူချင်းလှည့်စားသကဲ့သို့၊ ကိုယ်တော်ကိုလှည့်စားကြမည်လော။ 10 မျက်နှာကိုလျှို့တဝှက်ထောက်ကြလျှင်၊ သင်တို့ကိုဆုံးမတော်မူလိမ့်မည်။ 11 မြင့်မြတ်တော်မူခြင်းကြောင့်၊ သင်တို့သည်ထိန့်လန့်လျက်၊ ကိုယ်တော်အားကြောက်ရွံ့ရာရောက်ကြမည်မဟုတ်လော။ 12 သင်တို့ဥဒါန်းစကားများသည်၊ ပြာပုံသဖွယ်ကတုတ်များလည်း သရွတ်သဖွယ်ဖြစ်လိမ့်သတည်း။ 13 တိတ်နေကြလော့၊ ငါပြောဆိုပါမည်။ ဖြစ်လိုရာဖြစ်ပါစေ။ 14 မုချအားဖြင့်၊ ငါ့အလောင်းကိုငါကိုက်ချီ၍၊ အသက်ကိုလည်းဆောင်ကိုင်တော့မည်။ 15 ငါ့ကိုကွပ်မျက်တော်မူ၍၊ စောင့်ေမျှာ်ရန်အကြောင်းမရှိသော်လည်း၊ မျက်မှောက်တော်တွင်ပင်၊ အမှုနည်းလမ်းများကို ချေပဦးမည်။ 16 လူသရော်လူပျက်တို့လည်း၊ ရှေ့တော်သို့မဝင်နိုင်ကြသည်ကို ထောက်ချင့်၍၊ ငါသည် ကယ်တင်ရေးကယ်တင်ခွင့်ရလိမ့်မည်။
17 ငါပြောဆိုချက်ကိုနာခံနာယူ၍၊ ကြားပြောမည့်စကားကိုနားထောင်ကြပါလော့။ 18 တရားမှုကိုငါစီစဉ်ထားခဲ့လေပြီ။ ဖြောင့်မတ်သည်ဟူ၍စီရင်မည်ကိုငါသိ၏။ 19 ငါနှင့်မည်သူဘက်ပြိုင်မည်နည်း။ ထွက်ပေါ်လျှင်၊ ဆိတ်ဆိတ်နေ၍ငါအသေခံမည်။ 20 အကျွန်ုပ်၌ဒဏ်နှစ်ရပ်ကို စီရင်တော်မမူပါနှင့်။ မမူလျှင်မျက်နှာတော်ကွယ်အောင် ပုန်းရှောင်မည်မဟုတ်ပါ။ 21 အကျွန်ုပ်ကိုဘေးဖြင့်မခြောက်လှန့်ဘဲ၊ လက်တော်ကင်းဝေးစေတော်မူပါ။ 22 သို့မှခေါ်တော်မူသောအခါ၊ ထုချေပါမည်။ သို့တည်းမဟုတ်၊ အကျွန်ုပ်လျှောက်လဲရာကိုတုံ့ပြန်တော်မူပါ။ 23 အကျွန်ုပ်၏ဒုစရိုက်အပြစ်သည်၊ မည်မျှများပြားသနည်း။ လွန်ကျူးမှု၊ ပြစ်မှုများကိုလည်းသိစေတော်မူပါ။ 24 အကျွန်ုပ်ကိုရန်သူသဖွယ်ထင်မှတ်၍၊ အဘယ့်ကြောင့်မျက်နှာလွှဲတော်မူပါသနည်း။ 25 လေတိုက်သောသစ်ရွက်ကိုလှုပ်ရှား၍၊ ဖွဲခြောက်ကိုလည်း လိုက်လံတော်မူမည်လော။ 26 ကိုယ်တော်သည်၊ အကျွန်ုပ်နှင့်စပ်၍နစ်နာစရာများကိုမှတ်သားလျက်၊ ငယ်ပြစ်များကိုပြန်ပေးတော်မူပြီ။ 27 အကျွန်ုပ်ကိုခြေထိပ်ခတ်တော်မူပြီ။ သွားလေရာရာကို စောင့်ကြည့်လျက်၊ ခြေရာများကိုလည်း ကန့်သတ်တော်မူ၏။ 28 ဆွေးမြေ့သောအရိုး၊ ပိုးစားသောအဝတ်ကဲ့သို့၊ အားလျော့ရသူဖြစ်လေစွတကား။