14
အသို့ဆိုသော်၊ ထာဝရဘုရားသည်၊ ယာကုပ်အမျိုး၌ကရုဏာသက်၍၊ ဣသရေလအမျိုးကိုထပ်မံရွေးချယ်လျက်၊ နေရင်းပြည်တွင်နေရာချတော်မူပြီးလျှင်၊ ဝင်နေသူတို့ သည် ယာကုပ်အမျိုးသားတို့နှင့်ဆက်ဆံပေါင်းသင်းကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်သို့ပို့ဆောင်သောတစ်ပါးအမျိုးသားတို့ကို၊ ထာဝရဘုရား၏ ပြည်တော်တွင်ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ်ဖြင့်ပိုင်ရသည့် အတိုင်း၊ သုံ့ပန်းဖူးသူတို့ကို သုံ့ဖမ်း၍၊ ညှဉ်းပန်းဖူးသူတို့ကို အုပ်စိုးကြလိမ့်မည်။
သင်ခံခဲ့ရသောညှဉ်းဆဲခြင်း၊ နှောင့်ရှက်ခြင်း၊ အကျပ်အတည်းစေစားခြင်းများမှ ထာဝရဘုရားကင်းလွတ်ချမ်းသာစေတော်မူအံ့သောနေ့ရက်၌၊ ဗာဗုလုန်ဘုရင်ကိုရည်၍၊ ပြက်ရယ်တေးဖွဲ့ဆိုရသည်မှာ၊ ညှဉ်းပန်းသူနှင့် နှောင့်ရှက်ပြင်းထန်ခြင်းသည်၊ ပြတ်ကင်းခဲ့ပြီတကား။ 5-6 အမျက်ထွက်သဖြင့် လူမျိုးတို့အား၊ မလွှဲနိုင်သည့် ဒဏ်ခတ်ခြင်းကိုလည်း‌ေကာင်း။ ဒေါသထားသဖြင့် လူမျိုးခြားတို့အား အုပ်စိုးလျက်၊ မဆီးတားနိုင်သောညှဉ်းပန်းခြင်းကိုလည်း‌ေကာင်း၊ စီရင်သောလူဆိုးတို့တုတ်၊ အမင်းမင်းတို့၏လှံတံကို၊ ထာဝရဘုရားချိုးဖြတ်တော်မူလေပြီ။ မြေတစ်ပြင်လုံးချမ်းသာငြိမ်သက်သဖြင့်၊ ရွှင်လန်းစွာကြွေးကြော်ကြသည်နှင့်အညီ၊ လေဗနုန်တောရှိသစ်ကတိုးပင်နှင့် ထင်းရူးပင်တို့က၊ သင်အိပ်လဲသည့်ကာလတွင်၊ ငါတို့ကိုခုတ်လှဲမည့်သူ မတက်မလာဟူ၍ ရွှင်လန်းတတ်ကြ၏။ အောက်အရပ်ရှိမရဏာ့နိုင်ငံသည် သင်ရောက်လာသည့်အတွက်၊ ခရီးဦးကြိုပြုရန်နိုးထရာ၊ သင်္ချၖိုင်းသားတည်းဟူသော မြေပထဝီမင်းများနှင့်တကွ၊ ရာဇပလ္လင်စံ၊ လူအမျိုးမျိုး၏ ဘုရင်မင်းများကိုနှိုးဆော်သဖြင့်၊ 10 ရှိသမျှတို့က သင်လည်း ငါတို့ကဲ့သို့အားနည်းရသလော၊ ငါတို့နှင့်တူစွာ ဖြစ်ရသလောဟုမေးမြန်းကြလိမ့်မည်။ 11 စောင်းတီးသံနှင့်တကွ၊ သင်၏ဘုန်းတော်ဂုဏ်တော်ကို၊ မရဏာ့နိုင်ငံတိုင်အောင်ရှုတ်ချလေပြီ။ လောက်ကိုနေရာတော်ခင်း၍၊ ပိုးကောင်ကိုခြုံပါသည်တကား။ 12 အိုအရုဏ်၏သား၊ မိုးသောက်ကြယ်၊ ကောင်းကင်မှ ပစ်ချခံရပြီတကား။ လူမျိုးခြားတို့ကို နှိမ့်ချခဲ့သောသင်သည်၊ မြေကြီးတိုင်ခုတ်လှဲခံရပြီတကား။ 13 သင်က၊ မိုးကောင်းကင်သို့ငါတက်၍ ဘုရားသခင်၏ ကြယ်တကာတို့ထက်၊ ရာဇပလ္လင်ကိုချီးမြှင့်လျက်၊ နတ်တို့စည်းဝေးရာမြောက်မျက်နှာရှိတောင်ပေါ်မှာငါစံ၍၊ 14 တိမ်ထွဋ်သို့တက်ပြီးလျှင် မြင့်မြတ်သောအရှင်နှင့်တူညီလိမ့်မည်ဟု အောက်မေ့သော်လည်း။ 15 မရဏာ့နိုင်ငံအောက်ဆုံးတိုင်အောင်ကျရောက်သော်၊ 16-18 မြင်သူတို့သည် ရှုကြည့်၍ မြေပထဝီကိုတုန်လှုပ်ခြင်း၊ တိုင်းနိုင်ငံများကိုချောက်ခြားခြင်းပြုလုပ်သူ၊ တစ်လောကလုံးကိုသဲကန္တာရကဲ့သို့ဖြစ်စေ၍၊ မြို့များကိုဖြိုလှဲသောသူ ကား ဤသူလောဟု ဆင်ခြင်တွေးတောကြလိမ့်မည်။ နေရာရင်းသို့မလွှတ်ဘဲ သုံ့ဖမ်းဖူးသူ၊ လူအမျိုးမျိုးတို့၏ဘုရင်ရှိသမျှသည်၊ ဆိုင်ရာဆိုင်ရာသင်္ချၖိုင်းနန်းတွင်ဘုန်းအသရေ နှင့် သိပ်ထားရပါလျက်၊ 19 သင်မှာမူ နံစော်သောအကိုင်းအခက်၊ ကျော်နင်းရာ အလောင်းသဖွယ်၊ ဓားခုတ်၍ ကျဆုံးသူ၊ ကျောက်ပုံအတွင်းဆင်းရသူတို့နှင့် ဖုံးအုပ်လျက်၊ သင်္ချၖိုင်းတွင်းအပစွန့် ပစ်ခံခဲ့ပြီ။ 20 ကိုယ့်ပြည်ကျိုးကို ဖျက်၍နိုင်ငံသားတို့ကိုကွပ်မျက်သောကြောင့်၊ ဆိုခဲ့သော ဘုရင်တို့ကဲ့သို့စျာပနပြုခြင်းမခံရ။ လူဆိုးတို့အဆက်အနွယ်အမည်ကို၊ ကာလအစဉ်မှည့် ခေါ်ကြမည်မဟုတ်။ 21 ဘိုးဘေးတို့ပြစ်မှုအလျောက်၊ သားမြေးတို့အား ကွပ်မျက်ရာကိုပြင်ဆင်ကြလော့။ ချင်းတို့မပေါ်မထွက်ရ၊ တိုင်းနိုင်ငံကိုမပိုင်ရ၊ မြေပြည်အနှံ့အပြားမြို့ရွာများကိုမတည်ထောင်ရဟု ဖွဲ့ဆိုကြကုန်၏။ 22 ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်ချင်းတို့တစ်ဘက်၌ထရပ်လျက်၊ ဗာဗုလုန်မြို့အမည်မှစ၍၊ သားမြေးတို့နှင့်တကွ အကြွင်းအကျန်တို့ကိုကင်းပြတ်စေမည်ဟူ၍လည်း‌ေကာင်း၊ 23 ထိုမြို့ကိုဗျိုင်းပိုင်ရာဗွက်အိုင် ဖြစ်စေလျက်၊ ပယ်ရှင်းခြင်း တံမြက်နှင့်လှည်းလိမ့်မည်ဟူ၍လည်း‌ေကာင်း၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။
24-25 ဗိုလ်ခြေတို့အရှင်ထာဝရဘုရား သစ္စာထား၍ မိန့်တော်မူသည်ကား။ အာရှုရိဘုရင်ကိုပြည်တော်တွင်ချိုးဖျက်ခြင်း၊ တောင်တော်များပေါ်တွင် နှိမ်နှင်းခြင်းပြုလျက်၊ ပြည်တော်သားတို့အပေါ်မှထမ်းပိုးကိုလွှတ်၍ ပခုံးမှဝန်ကိုချမည်ဟု ကြံစည်တော်မူသည့်အတိုင်း ထမြောက်လျက်၊ ပြဋ္ဌာန်းတော်မူသည့်အလျောက်တည်လိမ့်မည်။ 26 မြေတစ်ပြင်လုံးနှင့်စပ်လျဉ်းသောပြဋ္ဌာန်းချက်ကား၊ ထိုသို့ပင်တည်း။ လူအမျိုးမျိုးအပေါ်တွင် ဆန့်တန်းသည်ကား ဤလက်ရုံးတော်တည်း။ 27 ဗိုလ်ခြေတို့အရှင်ငါထာဝရဘုရားပြဋ္ဌာန်းတော်မူချက်ကို အချည်းနှီးဖြစ်စေနိုင်သူကား မည်သူနည်း။ ဆန့်တန်းသော လက်ရုံးတော်ကိုရုပ်စေနိုင်သူကား မည်သူနည်းဟု မိန့်တော်မူ၏။
28 အာခတ်မင်းကွယ်လွန်သောနှစ်တွင်၊ ခံရသောဗျာဒိတ်ချက်ဟူမူကား။ 29 အိုဖိလိတ္တိပြည်၊ သင်တို့အားဒဏ်ခတ်သောလှံတံကျိုးပြတ်သည်ကိုထောက်၍ လုံးလုံးရွှင်လန်းခြင်းမရှိကြနှင့်။ မြွေအမြစ်မူလမှမြွေဆိုးပေါ်ထွက်လျက်၊ ၎င်းအနွယ်သည် နဂါးပျံဖြစ်လိမ့်တကား။ 30 လူမျိုးတော်အနက်အလွန်နွမ်းပါးသောသူတို့သည်၊ စားကွက်ရကြလျက်၊ သူဆင်းရဲတို့လည်းစိတ်ချ၍ အိပ်ရကြမည်။ သင်၏အမြစ်ကား၊ မွတ်သိပ်သဖြင့်သေ၍၊ အကြွင်း အကျန်တို့ကွပ်မျက်ခံရကြလတ္တံ့။ 31 အိုမြို့တံခါးတို့၊ အော်ကြလော့။ အိုမြို့ရွာတို့ဟစ်ကြလော့။ အိုဖိလိတ္တိပြည်၊ သင်လုံးလုံးပျက်ပြားရလိမ့်မည်။ အသို့ဆိုသော်၊ အလုံးအရင်းတွင် တစ်ယောက်မျှမကွဲဘဲ၊ မီးခိုးသဖွယ် မြောက်ပြည်ကချီလာ၏။ 32 ထိုလူမျိုးထံမှ ရောက်လာသောသံတမန်တို့အား၊ မည်သို့ပြန်ဆိုရမည်နည်း။ ထာဝရဘုရားတည်ထောင်တော်မူသောဇိအုန်မြို့သည်၊ လူမျိုးတော်ဆင်းရဲသားတို့ခိုလှုံရာ ဖြစ်သည်ဟု ပြန်ဆိုရလိမ့်သတည်း။