2
ညီအစ်ကိုတို့ အရှင်ယေရှုခရစ်ကြွလာတော်မူခြင်းနှင့် ငါတို့စုရုံးရခြင်းကိုရည်၍ဆိုသော်၊ ငါတို့ထံမှရောက်ဟန်ဆောင်သော မျှော်မြင်ချက်၊ ဟောပြောချက်၊ ရေးထားချက်တစ်ခုခု၌ အရှင်ဘုရား၏နေ့တော်ရောက်ခဲ့ပြီဟူသောအဆိုအတွက် ရှောင်တခင်စိတ်လှုပ်ရှား၍ မကြောင့်ကြရန် တောင်းပန်ပါ၏။ မည်သည့်နည်းနှင့်မဆို မည်သူ့လှည့်ဖြားခြင်းကိုမျှမခံကြနှင့်။ ထိုနေ့တော်မရောက်မီ ဖောက်ပြန်ခြင်းဖြစ်လာသည့်ပြင် ပျက်စီးထိုက်သောဒုစရိုက်သားသည် ဆန့်ကျင်ဘက်ပြုလျက်၊ ကိုးကွယ်ကြသောဘုရားဟူသမျှထက် ကိုယ်ကိုချီးမြှင့်လျက်ပေါ်လာပြီးလျှင် ကိုယ်ကိုဘုရားလုပ်၍ ဘုရားသခင့်ဗိမာန်တော်တွင် ထိုင်နေရဦးမည်။ သင်တို့နှင့်အတူရှိသေးစဉ် ထိုသို့ငါပြောဆိုကြောင်း သတိမရကြလော။ အချိန်တန်မှသာ ထိုသူပေါ်လာစေခြင်းငှါ ယခုဆီးတားရာဆီးတားကြောင်းကို သင်တို့သိကြ၏။ ဒုစရိုက်နက်နဲရာသည် ယခုပင်ပြုပြင်လျက်ရှိသော်လည်း ဆီးတားသူမပြောင်းလဲမီမပေါ်နိုင်။ ပြောင်းလဲသည့်ကာလ ပေါ်လာမည့်ထိုဒုစရိုက်ကောင်ကို အရှင်ယေရှုသည်ထွက်သက်လေနှင့်ကွပ်မျက်၍ ကြွလာတော်မူခြင်းအရှိန်ဖြင့် ပယ်ဖျက်တော်မူလိမ့်မည်။ 9-10 ကယ်တင်ခြင်းခံရအံ့သောငှါ ဓမ္မ၌မွေ့လျော်သောစိတ်ကိုမခံမယူကြသောကြောင့် ပျက်စီးရာလိုက်သူတို့ရှေ့ မိစ္ဆာ၏ဆိုင်ရာအံ့ဖွယ်သောတန်ခိုးနိမိတ်လက္ခဏာအမျိုးမျိုး၊ မဖြောင့်မတ်သောလှည့်စားခြင်းအမျိုးမျိုးဖြင့် စာတန်ပြုပြင်သည့်အတိုင်း ထိုသူပေါ်လာလိမ့်မည်။ 11-12 ထိုအကြောင်းကြောင့်လည်း ဓမ္မကိုမယုံဘဲ အဓမ္မ၌နှစ်သက်သူခပ်သိမ်းကို အပြစ်စီရင်တော်မူအံ့သောငှါ ဘုရားသခင်သည် ထိုသူတို့အတွင်းသို့မုသာယုံစေရန် တိုက်တွန်းသောမိစ္ဆာအယူကိုလွှတ်တော်မူ၏။
13-14 သို့ရာတွင် အရှင်ဘုရားချစ်တော်မူသောညီအစ်ကိုတို့၊ ဝိညာဉ်တော်၏သန့်ရှင်းစေခြင်းနှင့် သမ္မာတရားကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်တော်မူရာရောက်ကြစေရန် ဘုရားသခင်သည်သင်တို့ကို မဆွကရွေးကောက်တော်မူသည့်အတိုင်း ငါတို့အရှင်ယေရှုခရစ်၏ဘုန်းတော်ကိုဝင်စားကြစေခြင်းငှါ ငါတို့ကြားပြောချက်အားဖြင့်ခေါ်ထားတော်မူသောကြောင့် ဘုရားသခင့်ကျေးဇူးတော်ကို ငါတို့အစဉ်ချီးမွမ်းရကြ၏။ 15 သို့ဖြစ်၍ညီအစ်ကိုတို့၊ တည်ကြည်စွာနေလျက် ငါတို့ဟောပြောချက်၊ ရေးထားချက်အားဖြင့် သင်ကြားခဲ့ရသောထုံးနည်းများကို စွဲကိုင်ကြလော့။
16 ငါတို့အရှင်ယေရှုခရစ်ကိုယ်တော်တိုင်နှင့် ငါတို့ကိုချစ်၍ ကျေးဇူးတော်ကြောင့်ထာဝရနှစ်သိမ့်ခွင့်၊ ချမ်းသာစွာမျှော်လင့်ခွင့်များကို သနားတော်မူသော၊ 17 ငါတို့အဘဘုရားသခင်သည် သင်တို့စိတ်နှလုံးများကိုနှစ်သိမ့်စေ၍ ကောင်းသောအကျင့်အကြံ အပြောအဆိုရှိသမျှ၌ အားပေးတော်မူပါစေသော။