4
အဆုံးစကားမှာ ညီအစ်ကိုတို့၊ အရှင်ယေရှုအားဖြင့်ငါတို့တောင်းပန်နှိုးဆော်သည်ကား၊ သင်တို့သည်မည်သို့ကျင့်ကြံပြုမူလျက် ဘုရားသခင့်စိတ်တော်နှင့် တွေ့ရမည့်အကြောင်း ငါတို့ထံနာခံခဲ့သည့်အတိုင်းကျင့်ကြံပြုမူသည်နှင့်အညီ တိုးတက်ကျင့်ကြံပြုမူကြလော့။ အရှင်ယေရှုကြောင့် ငါတို့မည်သို့မှာထားခဲ့ကြောင်း သင်တို့သိကြသည့်အတိုင်း၊ ဘုရားသခင့်အလိုတော်မှာ သင်တို့သန့်ရှင်းစေရန် မတရားသောမေထုန်ကိုကြဉ်ရှောင်ခြင်း၊ 4-5 ဘုရားသခင်ကိုမသိသော လူမျိုးခြားတို့ကဲ့သို့ ကာမဂုဏ်မလိုက်စားဘဲ၊ အသီးအသီးကိုယ့်ခန္ဓာကို သန့်ရှင်းရိုသေစွာတည်တံ့ရန် နားလည်ခြင်း၊ မည်သူမဆိုညီအစ်ကိုချင်းကို ထိုအမှုမျိုး၌မလွန်ကျူး မပြစ်မှားဘဲနေခြင်းများတည်း။ ဤအပြစ်မျိုးနှင့်စပ်၍ ငါတို့တင်ရင်နှိုးဆော်သတိပေးခဲ့ကြသည့်အတိုင်း၊ အရှင်ဘုရားသည်ဒဏ်စီရင်တော်မူ၏။ ဘုရားသခင်သည် ငါတို့ကိုညစ်ညူးရာသို့မဟုတ်၊ သန့်ရှင်းရာသို့ခေါ်ထားတော်မူ၏။ ထို့ကြောင့်ငြင်းပယ်သူသည် လူကိုမဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို့အားသနားတော်မူသောဘုရားသခင်ကို ငြင်းပယ်ရာရောက်၏။
သင်္ဂဟဝတ်နှင့်စပ်၍မှာ သင်တို့အားရေးရန်မလို။ အချင်းချင်းမေတ္တာကို ဘုရားသခင်သွန်သင်တော်မူရာ ကိုယ်တိုင်ခံရသည်နှင့်အညီ၊ 10 မာကေဒေါနိပြည်တစ်ဝှမ်းလုံးရှိ ညီအစ်ကိုခပ်သိမ်းတို့ကိုချစ်ကြပေ၏။ သို့ရာတွင်ညီအစ်ကိုတို့ ထိုထက်ချစ်ကြစေရန်လည်းေကာင်း၊ 11 ငါတို့မှာထားခဲ့သည့်အတိုင်းသေဝပ်စွာနေထိုင်လျက်၊ ကိုယ့်အမှုအရေးကိုဂရုစိုက်လျက်၊ ကိုယ့်လက်ဖြင့် လုပ်ကိုင်လျက်ကြိုးစားကြစေရန်လည်းေကာင်း၊ ငါတို့နှိုးဆော်ကြ၏။ 12 သို့မှမတောင့်တဘဲ သာသနာပတို့ရှေ့တင့်တယ်စွာကျင့်ကြံပြုမူကြရလိမ့်မည်။
13 ၎င်းပြင်ညီအစ်ကိုတို့၊ ေမျှာ်လင့်ခြင်းကင်းသော ကြွင်းရစ်သူတို့ကဲ့သို့မပူပန်စေရန်၊ အိပ်ပျော်သူတို့နှင့်စပ်လျဉ်း၍ သင်တို့မသိဘဲမနေစေလို။ 14 ယေရှုသည်အသေခံပြီးနောက် ရှင်ပြန်ထမြောက်တော်မူကြောင်းငါတို့ယုံလျှင် ယေရှုအားဖြင့်အိပ်ပျော်သူတို့ကိုလည်း ကိုယ်တော်နှင့်တကွထိုနည်းတူ ဘုရားသခင်ပို့ဆောင်တော်မူလိမ့်မည်။ 15 အရှင်ဘုရား၏ဗျာဒိတ်တော်အတိုင်း ငါတို့ပြောဆိုသည်ကား၊ အရှင်ဘုရားကြွလာသည့်တိုင်အောင် အသက်ရှင်လျက် ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်သူတို့အရင်ရောက်ရမည်မဟုတ်။ 16 စေတမန်တော်မင်းဟစ်သံ၊ ဘုရားသခင့်တံပိုးတော်မှုတ်သံတည်းဟူသောကြွေးကြော်သံနှင့် အရှင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှဆင်းသက်တော်မူသည့်ကာလ၊ ခရစ်တော်၌သေလွန်သူတို့သည် ဦးစွာရှင်ပြန်ထမြောက်ကြလိမ့်မည်။ 17 ထို့နောက်အသက်ရှင်လျက်ကျန်ကြွင်းသောငါတို့သည် အာကာသ၌အရှင်ဘုရားကိုကြိုဆိုခြင်းငှါ၊ ထိုသူတို့နှင့်အတူ တိမ်တိုက်ဖြင့်ယူဆောင်ခံရ၍ အရှင်ဘုရားနှင့်ကာလအစဉ်စံနေကြလိမ့်မည်။ 18 သို့ဖြစ်၍ ဤစကားများနှင့် အချင်းချင်းနှစ်သိမ့်စေကြလော့။