ကမ္ဘာဦးကျမ်း
1
1 အစအဦး၌ ဘုရားသခင်သည် မိုးမြေကို ဖန်ဆင်းတော်မူ၏။
2 မြေကြီးသည် ပုံသဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်လျက် ရေထုရေပြင်ပေါ်မှာမှောင်မိုက်၍ ဘုရားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ ကိန်းဝပ်တော်မူ၏။
3 ဘုရားသခင်က၊ အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။
4 ထိုအလင်းကောင်းသည်ကို ဘုရားသခင်ရှုမြင်၍၊ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူ၏။
5 အလင်းကို နေ့ဟူ၍လည်းေကာင်း၊ မှောင်မိုက်ကို ညဉ့်ဟူ၍လည်းေကာင်း ဘုရားသခင်သမုတ်တော်မူ၏။ တစ်ရက်တည်းဟူသောညဉ့်နှင့်နေ့ဖြစ်လေ၏။
6 ဘုရားသခင်ကလည်း ရေအလယ်၌မိုးပိတာန်ဖြစ်စေသဖြင့် ရေနှင့်ရေချင်းပိုင်းခြားခွဲထားစေဟု အမိန့်တော်ရှိလျက်၊
7 မိုးပိတာန်ကို ဘုရားသခင်ကြက်တော်မူ၍ မိုးပိတာန်အောက်၌ရှိသောရေနှင့်မိုးပိတာန်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည့်အတိုင်း ဖြစ်လေ၏။
8 မိုးပိတာန်ကို ကောင်းကင်ဟု ဘုရားသခင်သမုတ်တော်မူ၏။ ဒုတိယရက်တည်းဟူသော ညဉ့်နှင့်နေ့ဖြစ်လေ၏။
9 ဘုရားသခင်ကလည်း ကောင်းကင်အောက်၌ရှိသောရေများ တစ်နေရာ၌စုဝေးစေ၊ ကုန်းလည်းပေါ်စေဟု အမိန့်တော်ရှိသည့်အတိုင်း ဖြစ်လေ၏။
10 ကုန်းကိုမြေဟူ၍လည်းေကာင်း၊ ရေစုဝေးရာကိုသမုဒ္ဒရာဟူ၍လည်းေကာင်း၊ ဘုရားသခင်သမုတ်တော်မူလျက်၊ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်ရှုမြင်တော်မူ၏။
11 ဘုရားသခင်ကလည်း မြေသည် အပင်အမျိုးမျိုးတည်းဟူသော၊ အသီးအနှံဖြစ်စေသည့် ကောက်ပဲကိုလည်းေကာင်း၊ မျိုးစေ့ပါလျက် အမျိုးအလိုက် အသီးသီးသည့်သစ်ပင်ကိုလည်းေကာင်း၊ မိမိအပေါ်မှာပေါက်စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။
12 မြေသည် အပင်အမျိုးမျိုးတည်းဟူသော၊ အသီးအနှံဖြစ်စေသည့်ကောက်ပဲကိုလည်းေကာင်း၊ မျိုးစေ့ပါလျက် အမျိုးအလိုက်အသီးသီးသည့်သစ်ပင်ကိုလည်းေကာင်းပေါက်စေ၍ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်ရှုမြင်တော်မူ၏။
13 တတိယရက်တည်းဟူသော ညဉ့်နှင့်နေ့ဖြစ်လေ၏။
14 ဘုရားသခင်ကလည်း နေ့နှင့်ညဉ့်ကိုပိုင်းခြားစေခြင်းငှါ မိုးကောင်းကင်ပိတာန်၌ အလင်းအိမ်များတည်သဖြင့်၊
15 နိမိတ်လက္ခဏာ၊ ဥတုရာသီ၊ နှစ်၊ လ၊ နေ့ရက်များကို သတ်မှတ်ရန်ဖြစ်လျက်၊ မြေကြီးလင်းစေရန် မိုးကောင်းကင်ပိတာန်၌ အလင်းအိမ်ဖြစ်စေဟု အမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။
16 ထိုသို့ဘုရားသခင်သည် အလင်းအိမ်ကြီးနှစ်လုံးတည်းဟူသော နေ့ကိုအုပ်စိုးရန် အကြီးတစ်လုံး၊ ညဉ့်ကိုအုပ်စိုးရန် အငယ်တစ်လုံးနှင့်တကွ ကြယ်နက္ခတ်များကိုဖန်ဆင်းတော်မူပြီးလျှင်၊
17-18 မြေကြီးလင်းစေခြင်းငှါလည်းေကာင်း၊ နေ့နှင့်ညဉ့်ကိုအုပ်စိုးစေခြင်းငှါလည်းေကာင်း၊ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှါလည်းေကာင်း၊ မိုးကောင်းကင်ပိတာန်၌ဘုရားသခင်တည်ထား၍ ထိုအမှုအရာကောင်းသည်ကို ရှုမြင်တော်မူ၏။
19 စတုတ္ထရက်တည်းဟူသော ညဉ့်နှင့်နေ့ဖြစ်လေ၏။
20 ဘုရားသခင်ကလည်း သက်ရှိသတ္တဝါတို့ကို ရေသည်ဖြစ်ပွားများပြားစေ။ လေသတ္တဝါတို့လည်း မြေအထက်မိုးကောင်းကင်ပိတာန်ပြင်၀ယ် ပျံဝဲကြစေဟုအမိန့်တော်ရှိ၏။
21 ထိုသို့လျှင် ဘုရားသခင်သည် ငါးကြီးအာနန္ဒာမှစ၍ ရေမှအမျိုးအလိုက်ဖြစ်ပွားများပြားလျက်၊ လှုပ်ရှားတတ်သောသက်ရှိ သတ္တဝါအပေါင်းတို့ကိုလည်းေကာင်း၊ ပျံဝဲတတ်သောအမျိုးအလိုက် လေသတ္တဝါအပေါင်းတို့ကိုလည်းေကာင်း ဖန်ဆင်း၍ ထိုအမှုအရာကောင်းသည်ကို ရှုမြင်တော်မူ၏။
22 ဘုရားသခင်ကလည်း များပြားစွာပေါက်ဖွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။ လေသတ္တဝါတို့လည်း မြေပေါ်တွင်ပေါက်ပွားစေသတည်းဟု အမိန့်တော်ရှိ၍ ကောင်းကြီးပေးတော်မူ၏။
23 ပဥ္စမရက်တည်းဟူသော ညဉ့်နှင့်နေ့ဖြစ်လေ၏။
24 ဘုရားသခင်ကလည်း မြေသည်သက်ရှိသတ္တဝါမျိုးတည်းဟူသော သားယဉ်သားရဲမျိုး၊ တွားတတ်သောတိရစ္ဆာန်တို့ကို အမျိုးအလိုက်ပေါက်ပွားစေဟု အမိန့်တော်ရှိသည်အတိုင်း ဖြစ်လေ၏။
25 ထိုသို့ဘုရားသခင်သည် သားရဲသားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို အမျိုးအလိုက်ဖန်ဆင်း၍ ထိုအမှုအရာကောင်းသည်ကို ရှုမြင်တော်မူ၏။
26 ဘုရားသခင်ကလည်း ငါတို့ပုံသဏ္ဌာန်အသွင် လူကိုဖန်ဆင်းကြကုန်အံ့။ လူသည် ရေသတ္တဝါတို့ကိုလည်းေကာင်း၊ လေသတ္တဝါတို့ကိုလည်းေကာင်း၊ သားယဉ်တို့ကိုလည်းေကာင်း၊ မြေတစ်ပြင်လုံးနှင့်တကွ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းေကာင်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။
27 ထိုသို့ဘုရားသခင်သည် ပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်း၍ ယောက်ျားနှင့်မိန်းမကိုဖြစ်စေတော်မူ၏။
28 ဘုရားသခင်သည် ထိုသူတို့အားကောင်းကြီးပေးလျက် များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်နင်းကြလော့။ ရေသတ္တဝါတို့ကိုလည်းေကာင်း၊ လေသတ္တဝါတို့ကိုလည်းေကာင်း၊ မြေပေါ်မှာတွားတတ်သော သက်ရှိတိရစ္ဆာန်အပေါင်းတို့ကိုလည်းေကာင်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၏။
29 ဘုရားသခင်ကလည်း မြေတစ်ပြင်လုံး၌ အသီးအနှံဖြစ်စေသော ကောက်ပဲအမျိုးမျိုးကိုလည်းေကာင်း၊ မျိုးစေ့ပါလျက် အသီးသီးသောသစ်ပင်အမျိုးမျိုးကိုလည်းေကာင်း သင်တို့စားသုံးရန် ငါပေး၏။
30 မြေသတ္တဝါ၊ လေသတ္တဝါ၊ မြေပေါ်မှာတွားတတ်သောသက်ရှိသတ္တဝါအပေါင်းတို့စားကြရန် မြက်ပင်အမျိုးမျိုးကိုငါပေးသည်ဟု မိန့်တော်မူသည့်အတိုင်း ဖြစ်လေ၏။
31 ဘုရားသခင်သည် ဖန်ဆင်းတော်မူသမျှကို ကြည့်ရှုလျှင် အလွန်ကောင်းစွဟုသိမြင်တော်မူ၏။ ဆဌမရက်တည်းဟူသော ညဉ့်နှင့်နေ့ဖြစ်လေ၏။