3
အချင်းမိုက်မဲသောဂလာတိအသင်းတော်သားတို့၊ ကားတင်ခံပြီးယေရှုဟူသောကြော်ငြာချက်ကို ကိုယ့်မျက်စိဖြင့် ကြည့်မြင်ခွင့်ရသောသင်တို့အား မည်သူပြုစားဘိသနည်း။ သင်တို့သည် ဝိညာဉ်တော်ကိုရကြသည်မှာ ပညတ်တရားအလိုက်ကျင့်ခြင်းအားဖြင့်လော၊ ယုံကြည်၍နာယူခြင်းအားဖြင့်လော၊ ဤအကြောင်းတစ်ကြောင်းတည်းကို ငါသိလို၏။ နာမ်ခန္ဓာအားဖြင့်အစပြုပြီးလျင် ရုပ်ခန္ဓာအားဖြင့်ယခုအပြီးသတ်မည့်တိုင်အောင် မိုက်မဲကြသလော။ သင်တို့ဒုက္ခခံခြင်းမှာ အချည်းအနှီးဖြစ်သည်မှန်လျှင် ဤမျှလောက်သောဒုက္ခများကို အချည်းအနှီးခံခဲ့ကြသလော။ သင်တို့အားဝိညာဉ်တော်ကိုမစသနားလျက် သင်တို့၌အမှုကြီးများကို ပြုပြင်တော်မူသောအရှင်သည် ပညတ်တရားအလိုက်ကျင့်ခြင်းကြောင့် စီရင်တော်မူသလော။ ယုံကြည်၍နာယူခြင်းကြောင့် စီရင်တော်မူသလော။ အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သဖြင့် သူ့ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းဟု မှတ်တော်မူသည်ဟူသော ကျမ်းချက်အတိုင်းဖြစ်သတည်း။
ထိုကြောင့် သင်တို့သိကြသည်မှာ ယုံကြည်ခြင်းကိုတံကဲပြုသူတို့သည် အာဗြဟံ၏သားများဖြစ်လျက် လူမျိုးခြားတို့ကိုယုံကြည်ခြင်းကြောင့်၊ ဘုရားသခင်ဖြောင့်မတ်ရာရောက်စေတော်မူမည်ဟု ေမျှာ်မြင်သောကျမ်းဂန်တော်က သင့်အားဖြင့်လူအမျိုးမျိုးတို့ ကောင်းကြီးမင်္ဂလာခံရကြလိမ့်မည်ဟူ၍ အာဗြဟံအားတင်ရင် ကြားပြောသည့်အလျောက်၊ ယုံကြည်ခြင်းကို တံကဲပြုသူတို့သည် ယုံကြည်သောအာဗြဟံနှင့်အတူ ကောင်းကြီးမင်္ဂလာခံရကြ၏။ 10 ပညတ်တရားအလိုက်ကျင့်ခြင်းကို တံကဲပြုသမျှတို့မူကား ပညတ္တိကျမ်းချက်ဟူသမျှကိုမလိုက်နာ။ မတည်ကြည်သူတိုင်း အမင်္ဂလာရှိသည်ဟူသောကျမ်းချက်အရ အမင်္ဂလာအောက်ရောက်နေကြပြီ။ 11-12 ဖြောင့်မတ်သူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်ဟု ကျမ်းဆိုရှိသည့်အပြင် ပညတ်များအလိုက်ပြုကျင့်သူသာ အသက်ရှင်လိမ့်မည်ဟူသော ကျမ်းတစ်ချက်ရှိသည့်အလျောက် ပညတ်တရားတော်သည် ယုံကြည်ခြင်းတရားနှင့်မတော်မစပ်၊ ပညတ်တရားကြောင့်မည်သူမျှ ဘုရားသခင်ရှေ့ဖြောင့်မတ်ရာမရောက်နိုင်ကြောင်း ထင်ရှား၏။ 13-14 ယေရှုခရစ်အားဖြင့် လူမျိုးခြားတို့အပေါ်သို့ အာဗြဟံ့ဆိုင်ရာကောင်းကြီး မင်္ဂလာသက်ရောက်စေခြင်းငှာလည်းကောင်း၊ ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ငါတို့ခံရစေခြင်းငှာလည်းကောင်း၊ ကားတင်ခံရသူတိုင်း အမင်္ဂလာရှိသူဖြစ်သည်ဟူသောကျမ်းချက်အရ ခရစ်တော်သည် ပညတ်တရားတော့်ဆိုင်ရာအမင်္ဂလာမှ ငါတို့ကိုရွေးနှုတ်ရန် ငါတို့အတွက်အမင်္ဂလာဖြစ်တော်မူရလေစွ။
15 ညီအစ်ကိုတို့၊ လူ့အလိုက်ငါဆိုလျင် လူချင်းချုပ်ပြီးသောပဋိညာဉ်ကိုပင် မည်သူမျှမပယ်ဖျက်၊ မထည့်သွင်းနိုင်။ 16 အာဗြဟံနှင့်အမျိုးအနွယ်အား ပေးထားတော်မူသောကတိတော်မှာ ဗဟုဝုစ်အမျိုးအနွယ်တို့ဟုမမိန့်။ ခရစ်တော်ကိုဆိုလို၍ ဧကဝုစ်အမျိုးအနွယ်ဟုမိန့်တော်မူ၏။ 17 ငါဆိုသည်ကား ဘုရားသခင်တင်ရင်ချုပ်တော်မူပြီးသောပဋိညာဉ်တော်ကို နောက်နှစ်ပေါင်း လေးရာသုံးဆယ်ကြာမှ ရောက်လာသောပညတ်တရားသည် မပယ်မဖျက်။ ထိုကတိတော်ကို အချည်းအနှီးမဖြစ်စေနိုင်။ 18 အကယ်၍ ပညတ်တရားကြောင့်အမွေရသည်မှန်လျင် ကတိတော်ကြောင့်ရသည်မဟုတ်။ သို့ရာတွင်ကတိတော်အားဖြင့် အာဗြဟံအားဘုရားသခင်သနားတော်မူပြီ။ 19 သို့ဖြစ်လျှင် ပညတ်တရားတော်ကား မည်သည့်အရာနည်း။ ကတိတော်ခံရသောအမျိုးအနွယ်မပေါ်မချင်း လွန်ကျူးမှုများကြောင့် စေတမန်တော်တို့ဆင့်ဆိုလျက် စေ့စပ်သူလက်ဖြင့်ထပ်သွင်းစီရင်တော်မူရာတည်း။ 20 စေ့စပ်သူဆိုသော် တစ်ဖက်တည်းနှင့်မဆိုင်။ ဘုရားသခင်ကား တစ်ဆူတည်းဖြစ်၏။ 21 သို့ဖြစ်လျင် ပညတ်တရားတော်သည် ဘုရားသခင့်ဂတိတော်များနှင့်ဆန့်ကျင်သလော။ မဖြစ်စေရာ။ အကယ်၍အသက်ရှင်စေနိုင်သောတရားတစ်ပါးကို ပေးထားတော်မူပြီးဖြစ်လျှင် ထိုတရားကြောင့် ဖြောင့်မတ်ရာရောက်ခွင့်ရလေပြီ။ 22 ကျမ်းဂန်မှာမူ ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ခံစားရသောကတိတော်ကို ယုံကြည်သူတို့အား သနားတော်မူစေခြင်းငှာ ရှိသမျှကိုအပြစ်တရား၌ အကျဉ်းချထားလေပြီ။
23 ယုံကြည်ခြင်းတရားမရောက်မီ ငါတို့သည်ထင်ရှားမည့်ယုံကြည်ခြင်းတရားလက်ထက်တိုင်အောင် ပညတ်တရားအောက်အကျဉ်းချလျက် အစောင့်အကြပ်ခံရသည့်အလျောက်၊ 24 ခရစ်တော့်လက်ထက်တိုင်အောင် ပညတ်တရားတော်သည် ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာရောက်စေခြင်းငှာ ငါတို့သြဝါဒဆရာဖြစ်၏။ 25 ယခုမူကား ယုံကြည်ခြင်းတရားရောက်ပြီးဖြစ်၍ ငါတို့သည် သြဝါဒဆရာ့လက်အောက် ရှိနေတော့သည်မဟုတ်။ 26-27 ခရစ်တော်ထဲသို့ ဗတ္တိဇံမင်္ဂလာခံသမျှသောသင်တို့သည် ခရစ်တော်ကိုဝတ်ဆင်ပြီးဖြစ်သည့်အတိုင်း ယုံကြည်ခြင်းအားဖြင့်ခရစ်တော်ယေရှု၌ ဘုရားသခင့်သားများဖြစ်ကြ၏။ 28 သင်တို့ရှိသမျှသည် ခရစ်တော်ယေရှု၌တစ်ကိုယ်တည်းဖြစ်သည့်အလျောက် ယုဒလူမျိုးနှင့်လူမျိုးခြားအဖြစ်အနေ၊ ကျွန်နှင့်လူလွတ်အဖြစ်အနေ၊ ယောက်ျားနှင့်မိန်းမအဖြစ်အနေ မရှိရာ။ 29 ခရစ်တော့်ပိုင်ရာတော်ဖြစ်လျှင်လည်း အာဗြဟံ၏အမျိုးအနွယ် ကတိတော်အတိုင်းအမွေခံဖြစ်ကြသတည်း။