8
1 ထိုနောက် မောရှေအားထာဝရဘုရားက ဖာရောမင်းထံဝင်၍ ငါ့လူမျိုးကိုငါ့အားဝတ်ပြုရန် လွှတ်စေ။
2 မလွှတ်လိုငြင်းဆိုလျှင် သင့်ပြည်တစ်ဝှမ်းလုံးကို ဖားဘေးဒဏ်သင့်စေမည်။
3 မြစ်၌ဖားပွားများ၍ နန်းတော်မှစသော စက်ခန်း၊ စက်မွေ့ရာ၊ ကျေးကျွန်သင်းပင်းတို့အိမ်များ၌လည်းေကာင်း၊ ပြည်သူပြည်သားတို့အပေါ်၌လည်းေကာင်း၊ ပွဲတော်ဖို၊ အိုးခွက်တော်များ၌လည်းေကာင်း တက်ဝင်ကြအံ့။
4 မင်းမှစသော ပြည်သူပြည်သား ကျေးကျွန်သင်းပင်းအပေါင်းတို့အပေါ်သို့လည်း ဖားများတက်ကြအံ့ဟု ထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုလော့ဟူ၍လည်းေကာင်း၊
5 မြစ်ချောင်း၊ တူးမြောင်း၊ အင်းအိုင်များအပေါ်မှာ တောင်ဝေးကိုင်သောလက်ကိုဆန့်၍ အိဂျစ်ပြည်ကုန်းထက်သို့ ဖားများကိုတက်စေရန် အာရုန်အားကြားပြောလော့ဟူ၍လည်းေကာင်း မိန့်တော်မူသည့်အတိုင်း၊
6 အာရုန်သည် အိဂျစ်ပြည်ရှိရေပေါ်မှာလက်ဆန့်သဖြင့် ဖားများတက်၍ အိဂျစ်တစ်ပြည်လုံးကို ဖုံးလွှမ်းကုန်၏။
7 ဗေဒင်တတ်ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် ထိုနည်းတူပြု၍ အိဂျစ်ပြည်ကုန်းထက်သို့ ဖားများကိုတက်စေကြ၏။
8 ထိုနောက်ဖာရောမင်းသည် မောရှေနှင့်အာရုန်တို့ကိုခေါ်၍ ဖားများကို ငါနှင့်တကွ ပြည်သူပြည်သားတို့ထံမှ ထာဝရဘုရားပယ်ရှားတော်မူပါမည့်အကြောင်း တောင်းပန်ပါလော့။ ထာဝရဘုရားထံ ပူဇော်ရန် ထိုလူမျိုးကိုငါလွှတ်အံ့ဟုဆို၏။
9 မောရှေကလည်း ဘုရင်မင်းနှင့်တကွ ကျေးကျွန်သင်းပင်းပြည်သူပြည်သားတို့အဖို့၊ ကျွန်တော်တောင်းပန်သဖြင့် ဘုရင်မင်းနှင့်နန်းတော်ဆောင်များမှ ဖားများကိုပယ်ရှားဖျက်ဆီးလျက် မြစ်၌သာကျန်ရှိစေရမည့်အချိန်ကို ဘုန်းတော်ကြောင့်ချိန်းချက်တော်မူပါဟု ဖာရောမင်းအား လျှောက်ထားသော်၊
10 နက်ဖြန်ဟုဆိုလျှင် ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားနှင့် တူသူမရှိကြောင်း ကိုယ်တော်သိစေခြင်းအလို့ငှါ အမိန့်တော်အတိုင်းဖြစ်လျက်၊
11 ဖားများသည် ကိုယ်တော်နှင့်နန်းတော်ဆောင်များမှလည်းေကာင်း၊ ကျေးကျွန်သင်းပင်းပြည်သူပြည်သားတို့ထံမှလည်းေကာင်း ပပျောက်၍ မြစ်၌သာကျန်ရှိပါအံ့ဟု မောရှေလျှောက်ပြီးလျှင်၊
12 အာရုန်နှင့်အတူ ဖာရောမင်းထံမှထွက်သွား၍ ဖာရောမင်းအပေါ်သို့ ထာဝရဘုရားသင့်ရောက်စေတော်မူသော ဖားဘေးဒဏ်အကြောင်း မောရှေပဌနာပြု၏။
13 ထာဝရဘုရားသည် မောရှေ့ပဌနာစကားအရပြုတော်မူသဖြင့် ဖားများသည် နေအိမ်၊ ၀င်းမြေ၊ လယ်ပြင်များတွင်သေကြရာ၊
14 ကောက်ပုံစုထားကြ၍ တစ်ပြည်လုံးနံစော်လေ၏။
15 ဖာရောမင်းလည်း သက်သာခွင့်ရကြောင်းသိမြင်သောအခါ ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း စိတ်နှလုံးခက်မာ၍ သူတို့စကားကိုနားမထောင်ဘဲနေသေး၏။
16 ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်မှာ အိဂျစ်တစ်ပြည်လုံးတွင် မြေလှေးဖြစ်အံ့သောငှါ၊ တောင်ေဝးကိုဆန့်မိုး၍ မြေမှုန့်ကိုရိုက်စေရန် အာရုန်အားကြားပြောလော့ဟု မိန့်တော်မူသည့်အတိုင်းပြုကြရာ၊
17 အာရုန်သည် တောင်ဝေးကိုင်သောလက်ကိုဆန့်၍ မြေမှုန့်ကိုရိုက်လျှင် အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် မြေမှုန့်ရှိသမျှသည် မြေလှေးအတိဖြစ်၍ လူ၌လည်းေကာင်း၊ တိရစ္ဆာန်၌လည်းေကာင်း တွယ်ကပ်ကုန်၏။
18 ဗေဒင်တတ်ဝိဇ္ဇာဆရာတို့လည်း ဝိဇ္ဇာအတတ်အားဖြင့် မြေလှေးဖြစ်ပွားစေခြင်းငှါ ထိုနည်းတူပြုသော်လည်း မတတ်နိုင်ကြ။ လူနှင့်တိရစ္ဆာန်တို့၌ မြေလှေးတွယ်ကပ်လျက်ပင်ရှိ၏။
19 ထိုအခါ ၎င်းဝိဇ္ဇာဆရာတို့က၊ ဤအမှုကား ဘုရားသခင့်လက်ချက်တော်တည်းဟု ဖာရောမင်းအား ေလျှာက်ထားကြသော်လည်း ထာဝရဘုရားမိန့်တော်မူခဲ့သည့်အတိုင်း ဖာရောမင်းသည် စိတ်နှလုံးခဲယဉ်း၍ သူတို့စကားကိုနားမထောင်ဘဲ နေသေး၏။
20 တစ်ဖန်မောရှေအား ထာဝရဘုရားမိန့်တော်မူသည်မှာ၊ သင်သည်နံနက်အချိန်ထ၍ ရေဆိပ်သို့ထွက်သွားသော ဖာရောမင်းရှေ့တွင်ရပ်တန့်လျက် ထာဝရဘုရားက၊ ငါ့လူမျိုးကို ငါ့အားဝတ်ပြုရန်လွှတ်စေ။
21 လူမျိုးတော်ကိုမလွှတ်နေလျှင် သင်မှစ၍ ကျေးကျွန်သင်းပင်းပြည်သူပြည်သားတို့အပေါ်သို့လည်းေကာင်း၊ နန်းတော်ဆောင်များထဲသို့လည်းေကာင်း၊ မှက်များကို ငါစေလွှတ်သဖြင့် အိဂျစ်လူတို့နေအိမ်နှင့်တကွ တည်နေရာမြေလည်း မှက်ကောင်များနှင့်ပြည့်လိမ့်မည်။
22 ငါသည်မြေကြီးပေါ်တွင် ထာဝရဘုရားဖြစ်ကြောင်း သင်သိစေခြင်းအလို့ငှါ ငါ့လူမျိုးနေရာဂေါရှင်ပြည်ကို ထိုနေ့ပိုင်းခြားထား၍ ၄င်းပြည်တွင်မှက်ကောင်မရှိစေရ။
23 ငါ့လူမျိုးတစ်ဘက်၊ သင့်လူမျိုးတစ်ဘက်၊ ငါခွဲခြားထားမည်။ နက်ဖြန်ပင် ထိုလက္ခဏာသက်သေထင်ရှားလိမ့်မည်ဟူ၍ မိန့်တော်မူကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
24 ထိုသို့ထာဝရဘုရားပြုတော်မူသဖြင့် ဆိုးသောမှက်ရဲတို့သည် ဖာရောမင်းနန်းတော်အစရှိသော ကျေးကျွန်သင်းပင်းတို့အိမ်၌လည်းေကာင်း၊ အိဂျစ်ပြည်တစ်ဝှမ်းလုံး၌လည်းေကာင်းပေါ်ပေါက်၍ ထိုမှက်ကောင်များကြောင့် တိုင်းပြည်ပျက်ပြားလေ၏။
25 ထိုအခါ ဖာရောမင်းသည် မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီးလျှင် ပြည်တော်အတွင်း သင်တို့ဘုရားသခင့်ထံ ပူဇော်ကြလော့ဟု မိန့်ဆိုသော်၊
26 မောရှေက၊ ထိုသို့ပြုရန်မသင့်လျော်ပါ။ အိဂျစ်လူတို့ရွံရှာဖွယ်ရာကို ကျွန်တော်တို့ဘုရားသခင်ထာ၀ရ ဘုရားအားပူဇော်ရမည်။ ၎င်းတို့ရွံရှာဖွယ်ရာကို သူတို့မျက်မှောက်တွင်ပူဇော်လျှင် ကျွန်တော်တို့ကိုပစ်ခတ်ကြမည် မဟုတ်ပါလော့။
27 သို့ဖြစ်၍ တောထဲသို့သုံးရက်ခရီးသွားပြီးမှ ကျွန်တော်တို့ဘုရားသခင် ထာဝရဘုရားမိန့်တော်မူအံ့သည့်အတိုင်း ပူဇော်ကြပါမည်ဟု လျှောက်ဆိုရာ၊
28 ဖာရောမင်းက၊ သင်တို့ဘုရားသခင်ထာဝရဘုရားထံ တောတွင်ပူဇော်ရန်ငါလွှတ်အံ့။ သို့သော်လည်း ဝေးစွာမသွားကြရ။ ငါ့အဖို့တောင်းပန်လော့ဟု မိန့်ဆိုလေ၏။
29 မောရှေကလည်း၊ ကျွန်တော်သည် ရှေ့တော်မှထွက်သွား၍ မှက်များကိုဖာရောမင်းမှစသော ကျေးကျွန်သင်းပင်း၊ ပြည်သူပြည်သားတို့ထံမှ နက်ဖြန်ပယ်ရှားတော်မူမည့်အကြောင်း ထာဝရဘုရားအားတောင်းပန်ပါမည်။ သို့ရာတွင်ထိုလူမျိုးကို ထာဝရဘုရားထံပူဇော်ရန်မလွှတ်ဘဲ တစ်ဖန်လှည့်စားတော်မမူပါနှင့်ဟု လျှောက်ပြီးလျှင်၊
30 ဖာရောမင်းထံမှထွက်သွား၍ ထာဝရဘုရားကိုတောင်းပန်လေ၏။
31 ထာဝရဘုရားလည်း မောရှေ့ပဌနာစကားအရစီရင်လျက် မှက်များကို ဖာရောမင်းစသော ကျေးကျွန်သင်းပင်း၊ ပြည်သူပြည်သားတို့မှ တစ်ကောင်မျှမကျန် ပယ်ရှားတော်မူ၏။
32 ယခုတစ်ကြိမ်၌လည်း ဖာရောမင်းသည် စိတ်နှလုံးခက်မာပြန်၍ ထိုလူမျိုးကိုမလွှတ်ဘဲနေ၏။