31
1 တစ်ဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်မှာ၊
2 ကြည့်လော့၊ ယုဒအနွယ်၊ ဟုရမြေး၊ ဥရိသား၊ ဗေဇလေလကိုအမည်ဖြင့် ငါထုတ်ခေါ်၍၊
3-5 လက်မှုပညာရှိစေခြင်းငှါလည်းကောင်း၊ ရွှေငွေကြေးအလုပ်မှစ၍ ချယ်စီရာကျောက်မျက်ကိုသွေးခြင်း၊ သစ်သားကိုထုလုပ်ခြင်းတည်းဟူသော အလုပ်အမျိုးမျိုးကိုတတ်မြောက်စေခြင်းငှါ၊ ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်၊ အသိပညာ၊ အတတ်ပညာဟူသမျှကိုပေး၍ ငါဘုရား၏ဝိညာဉ်တော်နှင့်ပြည့်စုံစေ၏။
6 သူနှင့်အတူ ဒန့်အနွယ်၊ အဟိသမက်သားအဟောလျဘကိုလည်း၊ ငါခန့်ထားလျက် သင့်အားမိန့်မှာသမျှကို သုခမိန်အပေါင်းတို့တတ်မြောက်စေခြင်းငှါ နှလုံးထဲသို့ဉာဏ်ပညာကိုငါသွင်းပေးပြီးသည်နှင့်အညီ၊
7 ထိုသူတို့သည် တွေ့ဆုံရာတဲတော်၊ သက်သေတော်သေတ္တာ၊ ၎င်းအပေါ်ရှိအပြစ်ဖြေရာပလ္လင်တော်၊ တဲတော်အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊
8 စားပွဲတော်နှင့်ကိရိယာတန်ဆာများကိုလည်းကောင်း၊ ရွှေစင်မီးခုံတော်နှင့်ကိရိယာတန်ဆာရှိသမျှကိုလည်းကောင်း၊ နံ့သာပေါင်းတင်ရှို့ရာပလ္လင်တော်ကိုလည်းကောင်း၊
9 မီးရှို့ပူဇော်ရာပလ္လင်တော်နှင့် အသုံးအဆောင်ရှိသမျှကိုလည်းကောင်း၊
10 အင်တုံနှင့်အောက်ခြေကိုလည်းကောင်း၊ ပရောဟိတ်အမှုဆောင်ရွက်ကြစေခြင်းငှါ၊ ပရောဟိတ်အာရုန်ဝတ်ရုံရန်ဖွတ်မြီးထိုးအဝတ်၊ သန့်ရှင်းသောသင်္ကန်းစုံနှင့် သားတို့သင်္ကန်းကိုလည်းကောင်း၊
11 ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်၌ သုံးရန်နံ့သာပေါင်းအသင်းအထုံကိုလည်းကောင်း၊ ငါမိန့်မှာသမျှအတိုင်း လုပ်ဆောင်ကြရမည်ဟုမိန့်တော်မူ၏။
12-13 တစ်ဖန်ထာဝရဘုရားက၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သီးသန့်ထားသောထာဝရဘုရားငါဖြစ်သည်ကို သိခွင့်ရကြစေခြင်းငှါ ငါနှင့်သင်တို့အမျိုးအစဉ်အဆက်ကြားတွင် သက်သေလက္ခဏာဖြစ်သည့်အတိုင်း ဥပုသ်နေ့တော်ကိုမုချစောင့်ကြရမည်။
14 သင်တို့အဖို့ ဥပုသ်နေ့သီးသန့်ထားသောကြောင့် စောင့်ကြရမည်။ ရှုတ်ချသူမည်သည်ကား၊ မုချသေဒဏ်ခံစေ။ ထိုနေ့၌အမှုအရေးကိုလုပ်ဆောင်သူတိုင်း အမျိုးဘောင်မှပယ်ရှားခံရမည်။
15 ခြောက်ရက်အတွင်းလုပ်ဆောင်ရသော်လည်း သတ္တမနေ့သည်၊ ငါထာဝရဘုရားရှေ့သီးသန့်၍ နားနေရာဥပုသ်နေ့ဖြစ်သဖြင့် ထိုဥပုသ်နေ့၌အမှုအရေးကို လုပ်ဆောင်သူမည်သည်ကား၊
16 မုချသေဒဏ်ခံစေ။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည် အစဉ်အဆက်မပြတ် ထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ ဥပုသ်နေ့ကိုစောင့်ရှောက်ကြရမည်။
17 ငါထာဝရဘုရားသည် မိုးမြေကိုခြောက်ရက်နှင့်ဖန်ဆင်းပြီးမှ သတ္တမနေ့၌ငြိမ်ဝပ်သက်သာစွာနေသဖြင့် ငါနှင့်ဣသရေလအမျိုးသားတို့ကြားတွင် ထာဝရသက်သေလက္ခဏာဖြစ်လိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။
18 ထိုသို့ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေအားမိန့်မြွက်တော်မူခြင်းကို အဆုံးသတ်ပြီးမှ လက်တော်ဖြင့်အက္ခရာတင်သော သက်သေတော်ကျောက်နှစ်ပြားကို အပ်ပေးတော်မူ၏။