10
1-2 ထိုနောက် ထာဝရဘုရားက၊ ဖာရောမင်းထံဝင်ဦးလော့။ ထိုမင်းနှင့်ကျေးကျွန်သင်းပင်းတို့ရှေ့တွင် ဤလက္ခဏာသက်သေတော်များကို ပြခြင်းငှါလည်းေကာင်း၊ အိဂျစ်ပြည်တွင်ငါပြုသောအမှု၊ ငါပြသောလက္ခဏာသက်သေတော်များအကြောင်း၊ သင့်သားစဉ်မြေးဆက်တို့အား ကြားပြောစေခြင်းငှါလည်းေကာင်း၊ ငါသည်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိစေခြင်းငှါလည်းေကာင်း၊ ထိုသူတို့စိတ်နှလုံးကိုငါခက်မာစေပြီဟု မောရှေအား မိန့်တော်မူ၏။ မောရှေနှင့်အာရုန်တို့သည် ဖာရောမင်းထံဝင်၍လျှောက်ကြသည်ကား၊ ဟေဗြဲလူမျိုး၏ဘုရားသခင်ထာဝရဘုရားက၊ ငါ့ရှေ့တွင်ကိုယ်ကိုမနှိမ့်ချဘဲ မည်မျှကြာငြင်းဆန်နေအံ့နည်း။ ငါ့လူမျိုးကို ငါအားဝတ်ပြုရန်လွှတ်စေ။ လူမျိုးတော်ကိုမလွှတ်လိုငြင်းဆိုလျှင် သင့်ပြည်တွင်းသို့ ကျိုင်းကောင်များကို နက်ဖြန်ငါဆောင်ခဲ့သဖြင့်၊ မြေမျက်နှာပြင်ကို မမြင်သာအောင်ဖုံးလွှမ်း၍ မိုးသီးဘေးကင်းလွတ်လျက် ကြွင်းကျန်သမျှနှင့် သုံးစွဲရန်လယ်ပြင်၌ပေါက်သမျှအပင်များကို စားကြလိမ့်မည်။ သင့်ဘိုးဘေးတို့သည် မြေပေါ်မှာပေါ်ထွန်းကြသည့်ကာလမှ ယခုတိုင်အောင်မမြင်စဘူးသော ကျိုင်းကောင်ဘေးသည် နန်းတော်ဆောင်မှစ၍ ကျေးကျွန်သင်းပင်း၊ အိဂျစ်ပြည်သူပြည်သားအပေါင်းတို့အိမ်များတွင် ပြည့်နှက်လိမ့်မည်ဟူ၍မိန့်တော်မူကြောင်း ဆင့်ဆိုပြီးလျှင် ဖာရောမင်းထံမှလှည့်၍ ထွက်သွားလေ၏။ ဖာရောမင်း၏ကျေးကျွန်တို့ကလည်း၊ ထိုသူသည် ကျွန်တော်တို့အားမည်မျှကြာအောင် အနှောင့်အရှက်ဖြစ်ရပါအံ့နည်း။ ထိုလူတို့ကို သူတို့ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုရန် လွှတ်တော်မူပါ။ အိဂျစ်ပြည်ပျက်သည်ကို သိတော်မမူပါသေးသလောဟု လျှောက်ကြပြီးလျှင်၊ မောရှေနှင့်အာရုန်တို့ကို ရှေ့တော်သို့သွင်းခဲ့ကြပြန်ရာ ဖာရောမင်းက၊ သင်တို့ဘုရားသခင်ထာဝရဘုရားအား ဝတ်ပြုရန်သွားကြလော့။ သွားအံ့သူတို့ကား မည်သူနည်းဟုမေးသော်၊ မောရှေက၊ ထာဝရဘုရား၏ပူဇော်ပွဲကို ကျင်းပရမည်ဖြစ်ပါသောကြောင့် လူကြီးလူငယ်သားသမီးတို့မှစ၍ သိုးစု၊ နွားစုများနှင့်တကွ သွားရကြပါမည်ဟုလျှောက်ရာ၊ 10 ဖာရောမင်းက၊ သူငယ်နှင့်တကွ သင်တို့ကိုငါလွှတ်ပချေသော်၊ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိပါစေသတည်း။ သင်တို့သည် မကောင်းမှုကိုမျက်မှောက်ပြုလေစွ။ သတိမူကြလော့။ 11 ထိုသို့မသွားရာ။ သင်တို့အလိုရှိအပ်သည့်အတိုင်း ယောက်ျားလူကြီးများသာလျှင် ထာဝရဘုရားအား ဝတ်ပြုရန်သွားကြချေဟု မိန့်ဆိုပြီးနောက် ထိုသူတို့ကိုအထံတော်မှနှင်ထုတ်ကြ၏။
12 ထာဝရဘုရားကလည်း ကျိုင်းကောင်များသည် အိဂျစ်ပြည်သို့ရောက်လာ၍ ၎င်းပြည်တွင် မိုးသီးမဖျက်၊ ကြွင်းကျန်သောကောက်ပင်ပဲပင်ရှိသမျှကို စားကြစေရန် ထိုပြည်ပေါ်မှာလက်ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည့်အတိုင်း၊ 13 တောင်ဝေးကိုအိဂျစ်ပြည်ပေါ်မှာ မောရှေဆန့်မိုးလျှင် ထိုနေ့နှင့်ညဉ့်ပတ်လုံးအရှေ့လေကို ၎င်းပြည်သို့ထာဝရဘုရားတိုက်စေတော်မူသဖြင့် နံနက်တိုင်ရောက်သော် အရှေ့လေသည် ကျိုင်းကောင်တို့ကိုဆောင်ခဲ့၍၊ 14 အိဂျစ်တစ်ပြည်လုံးသို့ရောက်လျက် ပြည်လုံးနှံ့တည်နားကြ၏။ ထိုသို့အလွန်ဖျက်ဆီးသောကျိုင်းကောင်များသည် ရှေးကာလကမပေါ်စဖူး၊ နောင်ကာလကိုလည်း ပေါ်လိမ့်မည်မဟုတ်။ 15 ထိုကျိုင်းကောင်များသည် မြေမျက်နှာတစ်ပြင်လုံးကို ဖုံးလွှမ်းမည်းနက်စေလျက် ၎င်းပြည်တွင် မိုးသီးမဖျက်၊ ကြွင်းကျန်သောကောက်ပင်၊ ပဲပင်၊ သစ်ပင်အသီးဟူသမျှကိုစားကြသဖြင့် အိဂျစ်တစ်ပြည်လုံးတွင် လယ်ပြင်ရှိကောက်ပဲသစ်ပင်မှစ၍ အတက်အ​ေညှာက်မျှ မကြွင်းမကျန်ပြီ။ 16 ထိုအခါဖာရောမင်းသည် မောရှေနှင့်အာရုန်တို့ကိုလျင်စွာခေါ်၍၊ သင်တို့ဘုရားသခင်ထာဝရဘုရားအားလည်းေကာင်း၊ သင်တို့အားလည်းေကာင်း ငါပြစ်မှားပြီ။ 17 သို့ဖြစ်၍ ငါ့အပြစ်ကို ယခုတစ်ကြိမ်မျှချမ်းသာပေးပါ။ ဤသေဘေးကိုသာ ငါ့ထံမှပယ်ရှားရန် သင်တို့ဘုရားသခင်ထာဝရဘုရားအား တောင်းပန်ပါလော့ ဟုမိန့်ဆိုလေသော်၊ 18 ဖာရောမင်းထံမှထွက်၍ ထာဝရဘုရားကိုတောင်းပန်သည့်အတိုင်း၊ 19 ထာဝရဘုရားသည် ကျိုင်းများကိုလွှင့်၍ ပင်လယ်နီသို့ချအံ့သောငှါ အလွန်ပြင်းသောအနောက်လေကို တိုက်စေတော်မူသဖြင့် အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် ကျိုင်းတစ်ကောင်မျှမကျန်ရချေ။ 20 သို့ရာတွင် ထာဝရဘုရားသည် ဖာရောမင်း၏စိတ်နှလုံးကိုခဲယဉ်းစေတော်မူသဖြင့် ဣသရေလအမျိုးသားတို့ကို မလွှတ်ဘဲနေသေး၏။
21 တစ်ဖန်ထာဝရဘုရားက အိဂျစ်ပြည်တစ်ဝှမ်းလုံးတွင် စမ်းယမ်းဖွယ်သောမှောင်ကျစေရန် ကောင်းကင်ထက်သို့လက်ဆန့်လော့ဟု မောရှေအားမိန့်တော်မူသည့်အတိုင်း၊ 22 ကောင်းကင်ထက်သို့ မောရှေလက်ဆန့်လျှင်၊ အိဂျစ်ပြည်လုံးနှံ့ သုံးရက်ကြာတခဲနက်မှောင်ကြီးကျလေ၏။ 23 ထိုသုံးရက်ပတ်လုံး ပြည်သူပြည်သားတို့သည် တစ်ယောက်ကိုတစ်ယောက်မမြင်၊ နေရင်းနေရာမှလည်း မထဝံ့ကြ။ ဣသရေလအမျိုးသားအပေါင်းတို့သော်ကား ကိုယ့်နေအိမ်များတွင် အလင်းရကြကုန်၏။ 24 ထိုအခါ ဖာရောမင်းသည် မောရှေကိုခေါ်ပြီးလျှင်၊ သွား၍ထာဝရဘုရားအား ဝတ်ပြုကြလော့။ သူငယ်များလည်းလိုက်ကြစေ။ သိုးနွားများကိုကား ထားခဲ့ကြစေဟုမိန့်ဆိုလျှင်၊ 25 မောရှေက၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားထံဆက်ကပ်ရန် မိတ်သဟာယသက္ကာ၊ မီးရှို့ရာသက္ကာများကို ကျွန်တော်တို့လက်သို့ကိုယ်တော်အပ်ပေးရပါမည်။ 26 ကျွန်တော်တို့ တိရစ္ဆာန်များအနက်လည်း ထာဝရဘုရားအားဝတ်ပြုရန် ရွေးချယ်ရမည်ဖြစ်၍ ၎င်းတို့ပါထွက်သွားကြပါမည်။ ခွာမျှမချန်နိုင်ပါ။ မည်သည့်အရာနှင့် ထာဝရဘုရားအားဝတ်ပြုရမည်ကို ထိုအရပ်သို့မရောက်မီအတွင်း မသိကြပါဟုလျှောက်ဆို၏။ 27 ဖာရောမင်း၏စိတ်နှလုံးကို ထာဝရဘုရားခဲယဉ်းစေတော်မူသဖြင့်၊ 28 ထိုလူမျိုးကိုမလွှတ်လိုဘဲ ငါ့ထံမှထွက်သွားလော့။ သင်သတိထား၊ ငါ့မျက်နှာကိုမြင်သောနေ့၌ သေရမည်ဖြစ်၍ နောက်တစ်ဖန်ငါ့မျက်နှာကိုမကြည့်မမြင်နှင့်ဟု မောရှေအားမိန့်ဆိုလျှင်၊ 29 အရှင့်အမိန့်တော်အတိုင်း မှန်ပါ၏။ မျက်နှာတော်ကို နောက်တစ်ဖန်ကြည့်မြင်မည်မဟုတ်ပါဟု မောရှေလျှောက်ဆို၏။