9
1 ဘုရင်မင်း၏ ရာဇသတ်အမိန့်တော်အရပြုလုပ်ရန်အချိန်ရောက်၍၊ ယုဒလူမျိုး၏ရန်သူတို့ နှိမ်နှင်းမည့်အကြံမှောက်လှန်လျက်၊ မျက်မုန်းကြိုးသူတို့ကို ယုဒလူမျိုးတို့ နိုင်ခွင့်ရသောနေ့၊ အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက်၌၊
2 အာရွှေရုမင်းပိုင်ပြည်ထောင်တကာအတွင်း၊ မြို့ရွာတိုင်းရှိ ယုဒလူမျိုးတို့သည်၊ အသက်အန္တရာယ်ရှာကြံသူတို့ကိုလက်ရောက်ပြုစေခြင်းငှာ စုရုံးကြရာ၊ လူအမျိုးမျိုး ကြောက်ရွံ့သဖြင့်၊ မည်သူမျှမခံမရပ်နိုင်ချေ။
3-4 နန်းတော်တွင်ကြီးမြင့်သောမော်ဒကဲသည်၊ ပြည်ထောင်တကာနှံ့ကျော်စောကိတ္တိ ရှိသည့်တိုင်အောင် အစဉ်တိုးတက်သည့်အတိုင်း၊ မော်ဒကဲကိုကြောက်ရွံ့သည်ဖြစ်၍၊ ပြည်ထောင်တိုင်းရှိဘုရင်ခံချုပ်၊ ဘုရင်ခံ၊ မှူးတော်မတ်တော်၊ အမှုတော်ထမ်းတို့သည်။ ယုဒလူမျိုးတို့ကိုအားပေးကြသည်နှင့်၊
5 ယုဒလူမျိုးတို့သည်၊ ရန်သူအပေါင်းတို့ကိုဓားဖြင့် လုပ်ကြံဖျက်ဆီးလျက်၊ မျက်မုန်းကျိုးသူတို့အားအလိုရှိတိုင်းပြုကြ၏။
6-10 ရှုရှန်နန်းမြို့တော့်အတွင်း၊ ယုဒလူမျိုး၏ရန်သူဟမ္မောဒါသသားဟာမန်၏ သားဆယ်ယောက်ဖြစ်သူ၊ ပါရှန္ဒာသ၊ ဒါလဖုန်၊ အာသဖာသ၊ ပေါရသ၊ အာဒလိ၊ အာရိဒါသ၊ ပါမရှာတ၊ အရိသဲ၊ အရိဒဲ၊ ဝါဇေဇာသတို့နှင့်တကွ၊ ယောက်ျားငါးရာကိုလုပ်ကြံဖျက်ဆီးကြ၏။ ဥစ္စာကိုကား၊ မသိမ်းမယူကြ။
11 ရှုရှန်နန်းမြို့တော်အတွင်း၊ ကျဆုံးသူတို့စာရင်းကို၊ ထိုနေ့၌ပင် ဘုရင်မင်းရှေ့ဆက်သွင်းကြရာ၊
12 မိဖုရားဧသတာအားဘုရင်မင်းက၊ ယုဒလူမျိုးတို့သည်၊ ရှုရှန်နန်းမြို့တော်တွင်၊ ဟာမန့်သားဆယ်ယောက်နှင့်တကွ၊ ယောက်ျားငါးရာတို့ကိုလုပ်ကြံဖျက်ဆီးကြပြီ။ အခြား ပြည်ထောင်များ၌ မည်မျှလောက်ပြုကြလိမ့်တကား။ မည်သို့တောင်းလျှောက်လိုသနည်း။ ငါပေးမည်။ မည်သည်ကိုလိုသေးသနည်း။
13 ငါစီရင်မည်ဟုမိန့်ဆိုလျှင်၊ ဧသတာက၊ ဘုရင်မင်းသဘောတော်မြတ်ပါမူ၊ ရှုရှန်မြို့တော်ရှိယုဒလူမျိုးတိုးအား။ ယနေ့ရာဇသတ်အတိုင်း၊ နက်ဖြန်ပြုခွင့်ပေးလျက်၊ ဟာမန့် သားဆယ်ရောက်တို့ကို၊ လည်ဆွဲတိုင်၌ဆွဲထားစေတော်မူဟုတင်လျှောက်သည့်အတိုင်း၊
14 ရှုရှန်မြို့တော်တွင်ရာဇသတ်ကိုဘုရင်မင်းထုတ်ဆင့်သဖြင့်၊ ဟာမန့်သားဆယ်ယောက်တို့ကို၊ ဆွဲထားသည့်ပြင်၊
15 ရှုရှန်မြို့တော်ရှိ ယုဒလူမျိုးတို့သည်၊ အာဒါလဆယ့်လေးရက်၌ စုရုံးပြန်လျက်၊ ရှုရှန်မြို့သားသုံးရာတို့ကိုလုပ်ကြံကြ၏။ ဥစ္စာကိုကား၊ မသိမ်းမယူကြ။
16-17 နိုင်ငံတော်ပြည်ထောင်တိုင်းရှိ ယုဒလူမျိုးတို့လည်း၊ အာဒါလဆယ့်သုံးရက်တွင်ပင်၊ ကိုယ့်အသက်အဖို့စုရုံးခုခံလျက်၊ မျက်မုန်းကျိုးသူ ခုနစ်သောင်းငါးထောင်တို့ကို လုပ်ကြံ၍၊ ရန်ငြိမ်းခွင့်ရကြ၏။ ဥစ္စာကိုကား၊ မသိမ်းမယူကြ။ ရန်ငြိမ်းသောဆယ့်လေးရက်၌ငြိမ်ဝပ်စွာနေ၍၊ ရွှင်လန်းသောစားသောက်ပွဲကိုကျင်းပကြ၏။
18 ရှုရှန်မြို့တော်ရှိယုဒလူမျိုးတို့မှာ၊ ဆယ့်သုံးရက်၊ ဆယ့်လေးရက်များ၌ စုရုံးသဖြင့်၊ ငါးရက်မှငြိမ်ဝပ်စွာနေ၍၊ ရွှင်လန်းသောစားသောက်ပွဲကိုကျင်းပကြ၏။
19 သို့နှင့်အညီ၊ တောရွာများ၌နေသော ယုဒလူမျိုးတို့သည်၊ အာဒါလဆယ့်လေးရက်ကို၊ အချင်းချင်းဝေငှစားသောက်လျက်၊ ရွှင်လန်းရာမင်္ဂလာနေ့အဖြစ်ဖြင့်ဆောင်ရွက် လေ့ရှိကြသတည်း။
20-22 မော်ဒကဲသည်၊ ထိုအခြင်းအရာများကိုရေးသား၍၊ ယုဒလူမျိုးတို့ကိုရန်ငြိမ်းသောနေ့၊ ဝမ်းနည်းခြင်းမှဖြစ်ရသော အောင်မင်္ဂလာနေ့၊ ဝမ်းနည်းခြင်းမှရွှင်လန်းခြင်းသို့ ပြောင်းလဲသောလတည်းဟူသော၊ အာဒါလဆယ့်လေးရက်၊ ဆယ့်ငါးရက်များ၌၊ ဆင်းရဲသားတို့အားပေးကမ်းခြင်း၊ အချင်းချင်းဝေငှစားသောက်ခြင်းများကိုပြုလျက်၊ ရွှင်လန်းရာနေ့ အဖြစ်ဖြင့် နှစ်စဉ်ဆောင်ရွက်စေခြင်းငှာ၊ အာရွှေရုမင်းပိုင်၊ အဝေး၊ အနီး၊ ပြည်ထောင်တကာရှိယုဒလူမျိုးအပေါင်းတို့အား၊ စာပေးလိုက်သည့်အတိုင်း၊
23-25 ယုဒလူမျိုးကုန်ဆုံးပျက်စီးစေရန် ပုရမဲကိုချသော၊ ယုဒလူမျိုးအပေါင်းတို့၏ရန်သူ၊ အာဂတ်အမျိုးဟမ္မေဒါသသားဟာမန်ဖျက်ဆီးမည့်ကြံစည်ကြောင်းကို၊ ဘုရင်မင်းရှေ့ တော်၌တင်လျှောက်သောအခါ၊ သူတို့တစ်ဘက်ကြံစည်ခဲ့သောဘေးကို၊ ချင့်ဦးထိပ်သို့ပြန်ရောက်စေ၍၊ သားများတို့ပါ၊ လည်ဆွဲတိုင်၌ဆွဲထားဒဏ်ခံစေဟု၊ အမိန့်စာထုတ်ဆင့်သည် နှင့်အညီ၊ ယုဒလူမျိုးအစပြုသကဲ့သို့ ပြုမြဲပြုသည့်ပြင်၊
26 ပူရဟူသောစကားအရ၊ ထိုနေ့ရက်များကို ပူရိမ်ဟုတွင်ကြသတည်း။
27 ထိုစာကြောင့်လည်းေကာင်း၊ အတွေ့အမြင်ကြောင့်လည်းေကာင်း၊ အဖြစ်အပျက်ကြောင့်လည်းေကာင်း၊ ယုဒလူမျိုးတို့လည်းထိုစာနှင့်အညီ၊ ချိန်းချက်သောသမယ၌၊ ဆိုခဲ့သောနှစ်ရက်ကို၊ ကိုယ်မှစ၍ သားစဉ်မြေးဆက်၊ ဘာသာဝင်သူအပေါင်းတို့ပါ၊ နှစ်စဉ်မပြတ်စောင့်ရှောက်သည့်ပြင်၊
28 ပြည်ထောင်တကာ မြို့ရွာတိုင်းရှိ၊ အိမ်ထောင်ဟူသမျှအစဉ်အဆက်၊ ပုရိမ်ခေါ်နေ့ရက်များကို၊ ယုဒလူမျိုး၌မပမပျောက်၊ အထိမ်းအမှတ်ကိုလည်းအမျိုးအနွယ်တွင် မပျက်စေမည့်အကြောင်းသတိရမည့်တာဝန်ကိုခံရကြသတည်း။
29 အဘိဟဲလသမီးမိဖုရားဧသတာနှင့်ယုဒလူမျိုးမော်ဒကဲတို့သည်၊ ပုရိမ်ဆိုင်ရာဒုတိယအမိန့်စာကိုအတည်ပြုကြစေရန်၊ ကြပ်တည်းစွာထပ်ရေးပြန်သည်မှာ၊
30-31 အစာရှောင်ခြင်း၊ ဟစ်ကြွေးခြင်း အရေးကိုထောက်၍၊ ယုဒလူမျိုး မော်ဒကဲနှင့် မိဖုရားဧသတာတို့မိန့်မှာသည့်ပြင်၊ ယုဒလူမျိုးတို့ကိုယ်တိုင်လည်း၊ ကိုယ်မှစ၍ အမျိုး အနွယ်တို့အဖို့၊ စီမံသောပုရိမ်ခေါ်နေ့ရက်များကို၊ ချိန်းချက်သောသမယအတိုင်းအတည်ပြုကြစေရန်၊ အာရွှေရုမင်းပိုင် နိုင်ငံတစ်ရာ့နှစ်ဆယ့်ခုနစ်ပြည်၌ရှိသောယုဒလူမျိုးအပေါင်း တို့အား၊ မေတ္တာစကား၊ သစ္စာစကားများဖြင့် မော်ဒကဲပေးလိုက်လေ၏။
32 ပုရိမ်အကြောင်းအရာများကို အတည်ပြုရန်၊ ဧသတာရေးထားသောစာသည်၊ စာတန်း၌ရှိသတည်း။