7
1 ငါသို့ရောက်ပြန်သောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊
2 အချင်းလူ့သား ဣသရေလပြည်အား၊ ငါအရှင်ထာဝရဘုရားက၊ အဆုံးတိုင်ပြီ။ ပြည်တော်လေးစွန်းအထိ အဆုံးရောက်ပြီ။
3 သင့်အပေါ်သို့အဆုံးရောက်ဆဲဖြစ်သည်နှင့်အညီ၊ အလေ့အလာများအလိုက် အမျက်တော်ထား၍ ငါတရားစီရင်လျက်၊ ရွံ့ရှာဖွယ် အပြစ်ဟူသမျှကိုဆပ်ပေးမည်။
4 သနားကင်းလျက် မျက်စောင်းနှင့်မညှာတာဘဲ၊ ရွံရှာဖွယ်အပြစ်များထက် ကြပ်ပါလျက်၊ လေ့လာတိုင်းဆပ်ပေးသဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့ သိရကြလတ္တံ့ဟု မိန့်ဆို၏။
5 ငါအရှင်ထာဝရဘုရားကလည်း ဘေးသင့်ပြီ။ အဆုံးသတ်ဘေးရောက်ပြီတကား။
6 အဆုံးရောက်ပြီ။ အဆုံးရောက်ပြီ။ နိုးထလျက်ရောက်လေပြီတကား။
7 အိုပြည်သား ဝိပါက်ကို သင်ခံရပြီ။ အချိန်စေ့ပြီ။ နေ့ရက်နီးပြီ။ တောင်များပေါ်တွင်ပျော်ရွှင်သံမဟုတ်၊ အုတ်အုတ်သဲသဲသံဖြစ်လေစွတကား။
8 မကြာမမြင့်မီငါသည် သင့်အပေါ်သို့ အမျက်ဒေါသကုန်သွန်းလောင်း၍၊ အလေ့အလာများအလိုက် တရားစီရင်လျက်၊ ရွံရှာဖွယ်အပြစ်ဟူသမျှကို ဆပ်ပေးမည်။
9 သနားကင်းလျက်၊ မျက်စောင်းနှင့်မညှာတာဘဲ၊ ရွံရှာဖွယ်အပြစ်များထက်ကြပ်ပါလျက်၊ အလေ့အလာများအလိုက်ဆပ်ပေးသဖြင့်၊ ငါထာဝရဘုရားကွပ်မျက်တော်မူ သည်ကို သင်တို့သိရကြလတ္တံ့။
10 ထိုနေ့ရက်သင့်ရောက်ပြီတကား၊ သင်ဝိပါက်ပေါ်ထွက်ပြီ။ လှံတံအပွင့်ပွင့်လျက်၊ မောက်မာခြင်းအေညှာက်ပေါက်ပြီ။
11 ရက်စက်ကြမ်းကြုတ်ခြင်းတိုးပွားလျက်၊ ဆိုးသွမ်းခြင်း လှံတံဖြစ်သဖြင့် စည်ကားခြင်း၊ ပြန့်ပြောခြင်း၊ ဧတဒဂ်ဖြစ်ခြင်း၊ တစ်ယောက်မကျန်၊ ပြတ်စဲလေပြီ။
12 အချိန်စေ့ပြီ။ နေ့ရက်ရောက်လုပြီ။ ပြည်သားအပေါင်းတို့အပေါ်၌၊ အမျက်တော်တည်သဖြင့်၊ ဝယ်သူသည်ဝမ်းမြောက်ခြင်း၊ ရောင်းသူလည်းဝမ်းနည်းခြင်း မရှိစေလင့်။
13 ဗျာဒိတ်ရူပါရုံတော်သည်၊ ပြည်သားအပေါင်းတို့နှင့်စပ်လျဉ်းသည့်အလျောက် တစ်ယောက်မျှပြန်လာခွင့်၊ ဒုစရိုက်ပြုရာ၌အသက်တည်ခွင့်မရသည်နှင့် ရောင်းချသူသည် အသက်ရှင်သမျှကာလပတ်လုံး၊ ရောင်းပြီးမြေသို့ပြန်နေခွင့်မရ။
14 တံပိုးမှုတ်ခြင်း၊ ရှိသမျှကို ခင်းကျင်းခြင်းပြုသော်လည်း၊ ပြည်သားအပေါင်းတို့အပေါ်၌အမျက်တော်တည်သဖြင့်၊ စစ်တိုက်ဝံ့သူမရှိချေ။
15 မြို့ပြင်တွင် သတ္တန္တရကပ်၊ အတွင်းတွင်ရောဂန္တရကပ်နှင့်ဒုဗ္ဘိက္ခန္တရကပ်ရှိသည့်အလျောက်၊ လွင်ပြင်၌ရှိသူသည်၊ သတ္တန္တရကပ်ကြောင့်သေဆုံးခြင်း၊ မြို့၌ရှိသူလည်း ဒုဗ္ဘိက္ခန္တရကပ်နှင့် ရောဂန္တရကပ်မျိုစားခြင်းခံရလတ္တံ့။
16 ဘေးလွတ်သမျှသောသူတို့သည်ထွက်မြောက်ပြီးလျှင်၊ ချောင်၌ကူနေသောချိုးများကဲ့သို့ အသီးသီးကိုယ့်ဒုစရိုက်ကြောင့်ညည်းတွားလျက်၊ တောင်ပေါ်တွင်နေထိုင်ရာ၊
17 လက်လျော့ခြင်း၊ ဒူးဆစ်အရည်ပျော်ခြင်းရှိလျက်၊
18 တစ်ကိုယ်လုံးတုန်လှုပ်လျက်၊ မျက်နှာရှက်လျက်၊ လျှော်တေဝတ်၍၊ ဦးဆံပယ်ကြလိမ့်မည်။
19 ဒုစရိုက်ဆိုင်ရာခလုတ်ဖြစ်သောရွှေငွေသည်၊ ထာဝရဘုရားအမျက်တော်နေ့ရက်၌ ကယ်လွှတ်ခြင်း၊ အာရုံဖြေခြင်း၊ ဝမ်းဖြည့်ခြင်းများကို၊ မပြုနိုင်သည့်အတွက်၊ ငွေကို လမ်း၌ပစ်ချလျက်၊ ရွှေကို အညစ်အကြေးကဲ့သို့မှတ်ယူကြလိမ့်မည်။
20 တင့်တယ်သောထိုရတနာကို၊ မောက်မာရာမောက်မာကြောင်းဖြစ်စေလျက်၊ စက်ဆုပ်ရွံရှာဖွယ်ရုပ်ပွားဆင်းတုလုပ်ခဲ့ကြသောကြောင့်၊ ငါသည် အညစ်အကြေးအဖြစ် မှတ်ယူကြစေသည့်ပြင်၊
21 မြေပေါ်ရှိလူဆိုးနှင့် သူစိမ်းတို့လက်တွင်းသို့၊ လက်ရလုယူရာအဖြစ်လွှဲအပ်မည့်အလျောက်၊ မသန့်အောင်သုံးစွဲကြလိမ့်မည်။
22 မျက်နှာတော်ငါလွှဲသဖြင့် ဓားပြတို့သည် ငါ့ရတနာဌာနကိုပင်၊ ဖောက်ထွင်း၍ မသန့်အောင်ထားကြလတ္တံ့။
23 ပြည်တော်သည် သွေးသွန်းမှု၊ မြို့တော်လည်းအဓမ္မမှုနှင့် ပြည့်လျက်ရှိသောကြောင့်၊ သံကြိုးကိုပြင်ဆင်လော့။
24 ငါသည် အဆိုးဆုံးသောလူမျိုးခြားတို့ကို ခေါ်သည့်အလျောက်၊ တိုက်အိမ်ကို အပိုင်ပေး၍၊ တန်ခိုးကြီးသူတို့၏ မာန်မာနကိုပြတ်စဲစေသဖြင့်၊ သန့်ရှင်းရာဌာနများပင် မသန့်ရာရောက်လိမ့်မည်။
25 ကြက်သီးမွေးညင်းထရာထကြောင်းရောက်၍၊ ချမ်းသာရှာသော်လည်း မတွေ့ကြ။
26 ဘေးအထပ်ထပ်၊ သတင်းဆိုးအထပ်ထပ်ရောက်သော်၊ ပရောဖက်ထံ ဗျာဒိတ်ရူပါရုံကိုရှာ၍မတွေ့ကြသည့်ပြင်၊ ပရောဟိတ်၌ပညတ်တရား၊ လူကြီး၌အကြံပညာ ပြတ်စဲသဖြင့်၊
27 ဘုရင်မင်းသည် မြည်တမ်းလျက်၊ အရာရှိသူသည် အံ့အားသင့်ခြင်းကိုခြုံလျက်၊ ပြည်သူပြည်သားတို့လည်း လက်တုန်လျက်၊ အလေ့အလာအပြုအမူအလိုက်၊ တရား စီရင်ခံရသည့်အတွက်၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရကြလတ္တံ့ဟူ၍တည်း။