47
1 ထို့နောက်ဗိမာန်တော်တံခါးဝရောက်ငါ့ကို ခေါ်သွားပြန်သော်၊ အရှေ့ဘက်သို့ ဗိမာန်တော်မျက်နှာမူသည့်အလျောက်၊ တံခါးခုံတောင်စွန်းအောက်မှ၊ ပူဇော်ရာပလ္လင် တော်တောင်ဘက်၊ အရှေ့မျက်နှာသို့ စီးထွက်သောရေကို ငါမြင်၏။
2 ထိုအခါ၊ အပြင်သို့မြောက်တံခါးဖြင့်၊ ငါ့ကိုခေါ်ဆောင်လျက်၊ အရှေ့ဘက်အပြင်တံခါးရောက် လှည့်ပတ်စေ၍၊ ထိုတံခါးတောင်ဘက်၌ ရေစိမ့်ထွက်သည်ကို ပြပြီးလျှင်၊
3 အရှေ့မျက်နှာသို့သွား၍၊ ကိုင်စွဲသောတာကြိုးဖြင့် အတောင်တစ်ထောင်ရောက်တိုင်းတာသော်၊ ခြေဖမျက်ထိသောထိုရေကိုဖြတ်သွားစေ၏။
4 အတောင်တစ်ေထာင်ရောက် ထပ်မံတိုင်းတာသော်၊ ဒူးထိသောထိုရေကို ဖြတ်သွားစေပြီးလျှင်၊ တစ်ထောင်ရောက်ဆက်လက်တိုင်းတာသော်၊ ခါးထိသောထိုရေကိုဖြတ် သွားစေပြန်၏။
5 အတောင်တစ်ေထာင်ရောက် တိုင်းတာပြန်သော်၊ ရေနက်ပြီဖြစ်သောကြောင့်၊ မဖော့မကူးဘဲဖြတ်သွား၍ မရအောင်မြစ်ဖြစ်သော ထိုရေကို ငါမဖြတ်နိုင်ချေ၊
6 ထိုအခါ၊ အချင်းလူ့သား၊ ထိုသို့မြင်ပြီလောဟုမေးလျက်၊ မြစ်ကမ်းသို့ငါ့ကိုပြန်ပို့၍၊
7 ရောက်စေသော်၊ မြစ်ကမ်းနှစ်ဘက်၌၊ ပေါများသောအပင်ကိုပြပြီးလျှင်၊
8 ထိုသူက၊ ဤမြစ်သည် အရှေ့ခရိုင်နှင့်၊ အရာဗာချိုင့်ကိုဖြတ်၍၊ ရေငံအိုင်သို့စီးဆင်းဝင်ရောက်သဖြင့်၊ အိုင်ရေချိုလိမ့်မည်။
9 ၎င်းပြင်၊ မြစ်ရေရောက်လေရာရာ၌၊ ပေါများသောသတ္တဝါအမျိုးမျိုးရှင်နေခွင့်ရသည့်အလျောက်၊ မြစ်ရောက်ရာဤအိုင်ရေပါချိုသဖြင့်၊ ငါးပေါများသည့်ပြင်၊ မြစ်ရေ သောက်သမျှ ရှင်နေခွင့်ရလိမ့်မည်။
10 အင်္ဂေဒိမြို့မှစ၍ ဧနေဂလိမ်မြို့တိုင်အောင်၊ ပိုက်ကွန်ဖြန့်ရာ ဖြစ်မည့်အလျောက်၊ တံငါတို့သည်ကမ်းခြေတစ်လျှောက်တွင် နေထိုင်လျက်၊ သမုဒ္ဒရာကဲ့သို့များပြားသောငါး အမျိုးမျိုးကိုဖမ်းကြလိမ့်မည်။
11 နီးစပ်သောစိမ့်ရှိရာ၊ အိုင်ရှိရာများမူကား၊ မချိုဘဲဆားထွက်လိမ့်မည်။
12 မြစ်ကမ်းနှစ်ဖက်၌ အရွက်မညှိုး၊ အသီးမတုံး၊ စားဖွယ်ကောင်းသောအပင်အမျိုးမျိုးပေါက်လိမ့်မည်။ သန့်ရှင်းရာဌာနတော်မှ မြစ်ရေစီးထွက်သောကြောင့်၊ အနာပျောက်စေသောအရွက်ပေါက်၍၊ စားဖွယ်ကောင်းသောအသီးကို၊ ဆယ့်နှစ်ရာသီသီးလိမ့်မည့်မည်ဟုဆို၏။
13 အရှင်ထာဝရဘုရားကလည်း၊ ဝေပုံနှစ်စုရမည့်ယောသပ်အနွယ်ပါလျက်၊ ဣသရေလဆယ့်နှစ်နွယ်အလိုက်အပိုင်ရမည့်ပြည်၊
14 ဘိုးဘေးတို့အား ပေးမည်ဟု ငါသစ္စာဆိုခဲ့သည့်အတိုင်း၊ အပိုင်အဖြစ်ညီမျှစွာရမည့်ပြည်အလားကား၊
15 မြောက်ဘက်၌ မြေထဲပင်လယ်မှ၊ ဟေသလုန်လမ်းနှင့် ဇေဒဒ်မြို့လမ်းဝထိ၊
16 ၎င်းမှ ဟာမတ်မြို့၊ ဗေရောသာမြို့၊ ဒမာသက်ပြည်၊ ဟာမတ်ပြည်နယ်ခြားရှိ၊ သိဗရိမ်မြို့ဟောရန်နယ်စွန်းရှိ ဟာဇာအလယ်မြို့များတည်း။
17 ဒမာသက်ပြည်နယ်စွန်းရှိဟာဇရေနန်မြို့၌၊ ဟာမတ်ပြည်နယ်စွန်းတောင်ဘက်လျှောက်သောထိုပင်လယ်မှ အလားသည်ဆုံးလိမ့်မည်။ မြောက်ဘက်အလားကား ထိုသို့ တည်း။
18 အရှေ့ဘက်၌ဟောရန်၊ ဒမာသက်၊ ဂိလဒ်နယ်များနှင့်ဣသရေလပြည်စပ်ကြားယောဒန်မြစ်ကို၊ မြောက်ဘက်အလားက ရေငံအိုင်အထိ နယ်ခြားရမည်။ အရှေ့ဘက် အလားကား၊ ထိုသို့တည်း။
19 တောင်ဘက်အလားသည်၊ တာမာမြို့မှ၊ ကာဒေရှမြို့မေရိဘရေ၊ အိဂျစ်ချောင်းမြေထဲပင်လယ်ထိရောက်မည်။ တောင်ဘက်အလားကား၊ ထိုသို့တည်း။
20 အနောက်ဘက်၌တောင်အလားမှ၊ ဟာမတ်မြို့လမ်းဝနှင့် ရင်ဆိုင်အထိ၊ မြေထဲပင်လယ်သည် အနောက်အလားဖြစ်အံ့သတည်း။
21 ဤပြည်နယ်ကိုဣသရေလ တစ်ဆယ့်နှစ်နွယ်အလိုက် ပိုင်းခြားကြရမည်။
22 ဣသရေလအမျိုးသားတို့မှစ၍၊ ဝင်နေလျက်သားသမီးရသောလူမျိုးခြားတို့အား အပိုင်ပေးဝေရမည်။ ထိုသူတို့သည်ဣသရေလတိုင်းရင်းသားတို့နှင့်မခြားဘဲ၊ ဣသရေလ အနွယ်တို့နှင့်အတူ အပိုင်ရကြမည်။
23 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အကြင်နယ်၌ ဝင်နေအံ့၊ ထိုနယ်၌အပိုင်ရစေ၊