38
1 တစ်ဖန်၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာ၍၊
2 အချင်းလူ့သား၊ မာဂေါဂပြည်၊ ရောရှ၊ မေရှက်၊ တုဗလလူမျိုးတို့အရှင်ဂေါဂမင်းကို မျက်နှာမူလျက်၊ ဟောပြောဆင့်ဆိုရမည်မှာ၊
3 အရှင်ထာဝရဘုရားက၊ ရောရှ၊ မေရှက်၊ တုဗလလူမျိုးတု့ိအရှင်၊ အိုဂေါဂမင်း၊
4 သင့်တစ်ဘက်၌နေသောငါသည်၊ သင့်ကိုလှည့်ချီစေ၍၊ ပါးချိတ်၌ကွင်းတပ်ပြီးလျှင်၊ မြင်းများ၊ မြင်းစီးသူရဲနှင့် ပြည့်စုံေသာဗိုလ်ထု၊ ဆန်းကြယ်စွာဝတ်လျက်၊ ဒိုင်းရှည်၊ ဒိုင်းဝန်းမှစ၍ ဓားကိုင်အလုံးအရင်းများ၊
5 ဒိုင်းလွှားနှင့် မောက်ရူဆောင်းသောအပေါင်းပါ၊ ပေရသိ၊ ကုရှ၊ ဖုတစစ်သားများ၊
6 ဂေါမာလူမျိုးနှင့်ရှိသမျှတပ်သားများ၊ မြောက်မျက်နှာစွန်းနေတော ဂါမလူမျိုးနှင့်၊ ရှိသမျှတပ်သားများဖြစ်သော၊ သင့်အပေါင်းအပါလူအမျိုးမျိုးနှင့်တကွ ချီထွက်စေမည်။
7 အရံသင့်ရှိသောသင်သည်၊ ကိုယ်တိုင်မှစ၍၊ ဝင်လာသောလူအလုံးအရင်းများကို ပြင်ဆင်လျက်၊ အရံတပ်အဖြစ်နေလော့။
8 နေ့ရက်များစွာလွန်ပြီးလျှင်၊ ခင်းကျင်းရသောသင်သည်၊ အစဉ်ဖုန်းဆိုးကုန်းဖြစ်ခဲ့သော၊ ဣသရေလတောင်တန်းပေါ်၌၊ လူအမျိုးမျိုးမှစုသိမ်းထုတ်ဆောင်ခံရသူ၊ ဘေး မမြော်မြင်သူတို့နေရာ၊ ဓားဘေးမှ လွတ်မြောက်ပြီး ပြည်တွင်းသို့၊
9 နောင်ကာလချီဝင်လျက်၊ ထိုပြည်ကိုမုန်တိုင်းသဖွယ်၊ လွှမ်းမိုးသော တိမ်တိုက်သဖွယ်၊ တပ်သားများ၊ အပေါင်းအပါလူမျိုးများနှင့်တကွ၊ ချီတက်ချီဝင်ရလိမ့်မည်ဟု မိန့်တော်မူကြောင်း၊
10-12 ထိုကာလသင်သည်၊ ဥစ္စာဘဏ္ဍာကိုလက်ရယူငင်၍၊ ဖုန်းဆိုးကုန်းဖြစ်ခဲ့ရာစည်ကားသောအရပ်ရပ်ကိုလည်းေကာင်း၊ လူအမျိုးမျိုးမှစုသိမ်းခံရ၍၊ အတွင်းအပြင်ဥစ္စာကို ဆည်းပူးလျက်၊ မြေဗဟိုတွင် နေထိုင်ရသောလူတစ်မျိုးကိုလည်းေကာင်း၊ လက်ဖိတင်မည်ဟူသော မကောင်းကိုကြံစည်ကြံရွယ်လျက်၊ ရွာများနှင့်ပြည့်သောပြည်၊ မြို့ရိုး၊ တံခါး၊ မင်းတုပ်မဲ့လျက်၊ရန်ငြိမ်း ၍ဘေးမမြော်မမြင်ရသောလူမျိုးထံ၊ ငါချီတက်အံ့ဟု အောက်မေ့လိမ့်မည်။
13 ရှေဘနှင့် ဒေဒန်နယ်သားတို့မှစ၍ တာရှူမြို့နေကုန်သည်တို့နှင့်၊ ခြင်္သေ့ပျိုသဖွယ် ဖြစ်သူတို့က၊ အရှင်သည်၊ ဥစ္စာဘဏ္ဍာကို၊ အလုအယက်ရောက်လာသလော၊ ရွှေ၊ ငွေမှစ၍ အတွင်းအပြင်ဥစ္စာပစ္စည်းအများကို လက်ရယူငင်သိမ်းသွားရန်၊ အလုံးအရင်းကို စုရုံးသလောဟူ၍ မေးမြန်းကြလတ္တံ့ဟု မိန့်တော်မူကြောင်း ဆင့်ဆိုလော့။
14 သို့ဖြစ်၍အချင်းလူ့သား၊ ဂေါဂမင်းအားဟောပြောဆင့်ဆိုရဦးမည်မှာ၊ အရှင်ထာဝရဘုရားက၊ ဣသရေလလူမျိုးတော်ဘေး မမြော်မြင်ဘဲနေထိုင်သည့်ကာလကို၊ သိမြင် အံ့သောသင်သည်၊
15 မြောက်မြားသောဗိုလ်ထုအလုံးအရင်းဖြစ်သော မြင်းစီးသူ၊ လူမျိုးများတို့နှင့်တကွ၊ နေထိုင်ရာမြောက်မျက်နှာစွန်းမှချီထွက်၍၊
16 နေပြည်ကိုဖုံးလွှမ်းသောတိမ်တိုက်သဖွယ်၊ ဣသရေလလူမျိုးတော်ကိုစစ်တိုက်မည်မဟုတ်လော၊ အိုဂေါဂမင်း၊ လူမျိုးခြားတို့ဒိဋ္ဌမြင်ကြသည့်အတိုင်း၊ သင်အားဖြင့် သီးသန့်ရာရောက်သောငါ့ကို၊ ၎င်းတို့သိကြအံ့သောငှာ၊ နောင်ကာလ၌ ပြည်တော်ကိုချီတက်စေမည်ဟု၊ မိန့်တော်မူကြောင်း၊
17 ရှေးကာလကျွန်တော်ရင်းဖြစ်သော၊ ဣသရေလပရောဖက်တို့အားဖြင့်၊ ငါဗျာဒိတ်ပေးခဲ့သည့်အတိုင်းထိုလူမျိုးကို ငါချီတက်စေမည်ဟု၊ နှစ်များစွာအတွင်း၊ ဆင့်ဆိုဟော ပြော ထားသူကား၊ သင်လောဟုမိန့်တော်မူကြောင်းဆင့်ဆိုလော့။
18 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ဣသရေလပြည်သို့၊ ဂေါဂမင်းစစ်ချီအံ့သောထိုကာလ၌၊ ဒေါသအရှိန်သည် မျက်နှာတော်တိုင်တက်လိမ့်မည်။
19 ရှုစိတ်တော်မမူခြင်း၊ အမျက်တော်မီးတောက်ခြင်းဖြင့် ငါမိန့်ဆိုသည်မှာ၊ ထိုကာလ၌ဣသရေလပြည်တွင်၊ ပြင်းထန်သောငလျင်လှုပ်ခြင်းရှိသဖြင့်၊
20 ရေသတ္တဝါ၊ လေသတ္တဝါ၊ မြေသတ္တဝါ၊ မြေပေါ်မှာတွားတတ်သောသတ္တဝါတို့သည်၊ မြေမျက်နှာပြင်ရှိလူသတ္တဝါတို့ပါ၊ ရှေ့တော်တွင်တုန်လှုပ်လျက်၊ တောင်များမှောက်လန်ခြင်း၊ ကမ်းပါးများပြိုကျခြင်း၊ ရှိသမျှသောမြို့ရိုးများပြိုလဲခြင်းကိုခံရလတ္တံ့။
21 ဓားဘေးသင့်စေရန်၊ တောင်တော်ရှိသမျှကို၊ ငါအမိန့်ပေးသည့်အလျောက်၊ စစ်သားချင်းတို့တိုက်ခိုက်သည်နှင့်၊
22 ကပ်ရောဂါဘေး၊ သွေးသွန်းဘေးများဖြင့်၊ ငါစီရင်၍၊ ထိုမင်းမှစသောတပ်သားများ၊ အပေါင်းအပါလူအမျိုးမျိုးပေါ်သို့၊ လွှမ်းစီးအောင်မိုးသီး၊ ကန့်၊ လောင်မီးကျရွာစေမည်။
23 များပြားသောလူမျိုးခြားတို့ရှေ့၊ ဂုဏ်တော်ကိုထိုသို့ချီးမြှောက်ဖော်ပြလျက်၊ သီးသန့်ရာရောက်သောငါသည်၊ ထာဝရဘုရားဖြစ်ကြောင်းသူတို့သိရကြလတ္တံ့ဟု ငါအရှင် ထာဝရဘုရားမိန့်ဆို၏။