36
1 အချင်းလူ့သား၊ ဣသရေလတောင်များအားဟောပြောလျက်၊ အိုဣသရေလတောင်တို့၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံကြဟုဆင့်ဆိုလော့။
2 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ရန်သူတို့က၊ မြင့်ရာဌာနအဟောင်းများသည် ငါတို့ပိုင်ဖြစ်သည်ဟု ကဲ့ရဲ့ဝင့်ဝါကြသောကြောင့်၊
3-4 သင်ဟောပြောဆင့်ဆိုရမည့်၊ ငါအရှင်ထာဝရဘုရား၏ဗျာဒိတ်တော်ချက်ကား၊ အိုဣသရေလတောင်တို့၊ သင်တို့သည်လူမျိုးခြားအကြွင်းအကျန်တို့ပိုင်ရာရောက် စေခြင်းငှာ၊ အဘက်ဘက်က ထိုသူတို့ဖိနင်းလျက် ဖုန်းဆိုးကုန်းထားသည့်အလျောက် နှုတ်ဖြင့်ကဲ့ရဲ့ချက်၊ လူတို့ဆဲရေးချက်များကိုခံရကြသောကြောင့်၊ အရှင်ထာဝရဘုရား၏ ဗျာဒိတ်တော်ကိုနာခံကြလော့။ ပတ်လည်ရှိလူမျိုးခြားအကြွင်းအကျန်တို့လုယူရာ၊ ပြက်ရယ်ပြုရာအကြောင်းဖြစ်သောတောင်၊ ကုန်း၊ ချောင်း၊ ချိုင့်များမှစ၍၊ ဆိတ်ညံရာဖုန်းဆိုးကုန်းနှင့်၊ လူစွန့်ရာမြို့ပျက်များအား၊
5 ငါအရှင်ထာဝရဘုရားမိန့်ဆိုချက်အရ၊ ငါသည်၊ ရွှင်လန်းသောသဘော၊ မုန်းထားသောစိတ်နှင့်၊ ပြည်တော်ကိုလုယူရာ အဖြစ်စွန့်ပစ်လျက်၊ ကိုယ်ပိုင်အဖြစ်ထားသော ဧဒုံတစ်မျိုးလုံးနှင့်တကွ၊ လူမျိုးခြားအကြွင်းအကျန်တို့ကိုရည်လျက်၊ ရှုစိတ်တော်မမူခြင်းမီးဖြင့်၊ ဗျာဒိတ်ပေးတော်မူခဲ့ပြီဟု အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့။
6 သို့နှင့်အညီ၊ ဣသရေလပြည်ကိုရည်၍ဟောပြောလျက်၊ တောင်၊ ကုန်းများအားလည်းေကာင်း၊ ချောင်း၊ ချိုင့်များအားလည်းေကာင်း၊ ဆင့်ဆိုပြန်ရမည်မှာ၊ သင်တို့သည်လူမျိုးခြားတို့အရှက် ခွဲခြင်းကို ခံရကြသည့်အတွက်၊ ရှုစိတ်တော်မမူခြင်း၊ အမျက်တော်ထားခြင်းများကြောင့်၊ ငါဆုံးမမည်ဟူသော အရှင်ထာဝဘုရားမိန့်တော်မူချက်အရ၊
7 ပတ်လည်ရှိလူမျိုးခြားတို့လည်း၊ ကိုယ့်အရှက်ဝန်ကိုထမ်းရကြမည်ဟု၊ လက်ရုံးမြှောက်လျက်၊ ငါသစ္စာဆိုခဲ့ပြီ။
8 အိုဣသရေလတောင်များ၊ သင်တို့မှာမူ၊ အတက်ပေါက်ခွင့်ရလျက်၊ ဝင်ရောက်ဆဲဖြစ်သော၊ ဣသရေလလူမျိုးတော်အဖို့အသီးသီးလိမ့်မည်။
9 သင့်ဘက်၌နေသောငါသည် လှည့်ဝင်၍၊ လယ်လုပ်ခြင်း၊ မျိုးကြဲခြင်းခံရမည့်သင့်အပေါ်တွင်၊
10 ဣသရေလလူတို့တစ်မျိုးလုံးပင် တိုးပွားစေမည့်အလျောက်၊ မြို့ရွာများစည်ကားလျက်၊ ဖုန်းဆိုးကုန်းများပြုပြင်လျက် ရှိလိမ့်မည်။
11 လူသူတိရစ္ဆာန်တို့ကိုများပြားစွာပေါက်ပွားအောင်၊ ငါတိုးပွားစေမည့်အလျောက်၊ ယမန်အဖြစ်စည်ကားခြင်း၊ တည်ထောင်စကာလထက်ပြုစုခြင်းများကိုခံရသော သင်တို့သည်၊ ထာဝရဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့။
12 သင်တို့အပေါ်တွင် သွားလာခွင့်ရလျက်၊ ပိုင်ရမည့်ဣသရေလလူမျိုးတော့်ဘိုးဘပိုင်ဖြစ်မည့်အလျောက်၊ သားဆုံးပါးစေတော့မည်မဟုတ်ဟု မိန့်တော်မူကြောင်း၊
13 သင်သည် လူတို့ကို မျိုစားသောပြည်၊ သားတို့ကိုဆုံးပါးစေသောပြည်ဖြစ်သည်တကားဟု ဆိုရိုးရှိသည်မှာ၊
14-15 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင်သည် လူတို့ကို မျိုစားခြင်း၊ နေသောလူမျိုး၌ သားဆုံးပါးစေခြင်း၊ ခလုတ်တိုက်စေခြင်းများကိုမပြုရဘဲ၊ လူမျိုးခြားတို့ အရှက်ကွဲရာ သတင်းကင်းနေသောအခွင့်ကို၊ ငါပေးသည့်အတိုင်း၊ လူအမျိုးမျိုးတို့ကဲ့ရဲ့ခံရတော့မည်မဟုတ်ဟု မိန့်တော်မူကြောင်းများကိုဆင့်ဆိုလော့ဟူ၍တည်း။
16 တစ်ဖန်၊ ငါသို့ရောက်လာသော၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
17 အချင်းလူ့သား၊ နေရင်းပြည်၌နေထိုင်ခဲ့သောဣသရေလအမျိုးသားတို့သည်၊ အလေ့အလာအပြုအကျင့်များဖြင့်၊ ထိုပြည်ကိုမသန့်ရာရောက်စေလျက်၊ ရာသီရောက်၍ မသန့်သောမိန်းမနှင့် အလားတူ၊ ငါ့ရှေ့တွင်အလေ့အလာရှိ၏။
18 သို့ဖြစ်၍၊ နေပြည်ပေါ်တွင် အသွေးကိုသွန်းလျက်၊ ရုပ်ပွားများဖြင့် မသန့်ရာရောက်စေကြသောကြောင့်၊ ငါသည် ဒေါသကိုသွန်းလောင်းလျက်၊
19 အလေ့အလာအပြုအမူများအလျောက် တရားစီရင်၍၊ လူအမျိုးမျိုးအပြည်ပြည်တွင် အနှံ့အပြားကွဲလွင့်စေခဲ့လေပြီ။
20 ထိုသူတို့သည်၊ ပြည်တော်မှထွက်လာခဲ့သောထာဝရဘုရား၏ လူမျိုးဖြစ်ကြသည်တကားဟု ဆိုးရိုးရှိသည့်အတိုင်း၊ သွားရောက်ရာလူမျိုးခြားတို့ထံ ဝင်နေလျက်ပင်၊ သန့်ရှင်းသောငါ့နာမတော်ကို ရှုတ်ချရာ ရောက်ကြလေပြီ။
21 သို့ရာတွင်၊ ဣသရေလလူမျိုးတို့သွားရောက်ရာလူမျိုးခြားတို့ရှေ့၊ ရှုတ်ချပြီးသန့်ရှင်းသောနာမတော်ကို ငါငဲ့ညှာသည့်အတွက်၊
22 ဣသရေလအမျိုးသားတို့အားသင်ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ အိုဣသရေလအမျိုးသားတို့၊ သင်တို့ကိုမထောက်ထားဘဲ၊ သွားရောက်ရာလူမျိုးခြားတို့ ရှေ့သင်တို့ရှုတ်ချပြီး၊ သန့်ရှင်းသောနာမတော်ကိုသာထောက်ထားလျက်ငါစီရင်မည့်နည်းဟူမူကား၊
23 လူမျိုးခြားတို့ဘောင်တွင် သင်တို့ရှုတ်ချခဲ့သည့်အတိုင်း၊ ၎င်းတို့ရှေ့၊ ရှုတ်ချရာရောက်သော မဟာနာမတော်မြတ်ကိုငါသီးသန့်ထားသဖြင့်၊ သင်တို့အတွက်ငါသီးသန့်ရာ ရောက်ကြောင်းကို၊ ဒိဋ္ဌမြင်သောလူမျိုးခြားတို့သည်၊ ထာဝရဘုရားငါဖြစ်သည်ကို သိရကြစေခြင်းငှာ၊
24 ငါသည် လူအမျိုးမျိုး၊ အပြည်ပြည်မှ သင်တို့ကိုစုသိမ်းထုတ်ဆောင်လျက်၊ နေရင်းပြည်သို့ပို့သွင်းပြီးလျှင်၊
25 သင်တို့စင်ကြယ်ရာရောက်အောင်၊ စင်ကြယ်သောရေဖြင့် ဖျန်း၍၊ ရုပ်ပွားဆင်းတုအမျိုးမျိုး၊ အညစ်အကြေးအမျိုးမျိုးနှင့် စင်ကြယ်စေမည့်ပြင်၊
26 သဘောအသစ်ကိုပေးလျက်၊ ဝိညာဉ်အသစ်ကိုသွင်းလျက်၊ ကျောက်ခဲနှလုံးကိုနုတ်ယူ၍ အသားနှလုံးကိုပေးသနားရာ၊
27 ငါ့ဝိညာဉ်တော်ကိုသွင်း၍၊ ထုံးဖွဲ့တော်မူချက်များအတိုင်း လိုက်လျှောက်စေသဖြင့်၊ ဆုံးဖြတ်တော်မူချက်များကိုလည်း၊ သင်တို့စောင့်ထိန်းလိုက်နာကြလတ္တံ့။
28 ဘိုးဘေးတို့အားငါပေးခဲ့သော ပြည်တွင်နေခွင့်ရသောသင်တို့သည် ငါ့လူမျိုး၊ ငါလည်းသင်တို့ဘုရားသခင်ဖြစ်လိမ့်မည်။
29-30 ငါသည် သင်တို့ကိုအညစ်အကြေးအမျိုးမျိုးမှကယ်တင်၍၊ လူမျိုးခြားတို့ရှေ့၊ မွတ်သိပ်ခြင်းကြောင့်ကဲ့ရဲ့မခံရအံ့သောငှာ၊ အစာခေါင်းပါးခြင်းကပ်မသင့်စေဘဲ၊ ဆန်စပါးကို အမိန့်ပေးလျက်တိုးပွားစေမည့်ပြင်၊ သစ်သီးနှင့် မြေထွက်များကိုလည်း၊ တိုးပွားစေမည်။
31 သင်တို့သည် ဆိုးသွမ်းသောအလေ့အလာ၊ မကောင်းသောအပြုအမူများကိုသတိရလျက်၊ ဒုစရိုက်မှု၊ ရွံရှာဖွယ်မှုများအတွက်၊ ကိုယ်ကိုစက်ဆုပ်ရကြလတ္တံ့ဟုမိန့်တော်မူကြောင်း၊
32 အိုဣသရေလအမျိုးသားတို့၊ သင်တို့ကိုထောက်ထား၍ ထိုသို့ငါမစီရင်ကြောင်း၊ သိမှတ်ကြလော့။ ကိုယ့်အလေ့အလာများအတွက် ကျိုးယုတ်၍ ရှက်ကွဲကြလော့ဟု မိန့်တော်မူကြောင်း၊
33 သင်တို့ကို ဒုစရိုက်အမျိုးမျိုးနှင့်စင်ကြယ်စေသည့်ကာလ၊ ငါသည်မြို့ရွာများကိုစည်ကားအောင်၊ ဖုန်းဆိုးကုန်းများကို ပြုပြင်အောင်စီရင်လျက်၊
34 သီသွားသမျှသောသူတို့ရှေ့၊ ဆိတ်ညံရာရောက်ဖူးသောပြည်သည်၊
35 လယ်လုပ်ပြန်ရသည့်အတိုင်း၊ ဆိတ်ညံရာရောက်သောထိုပြည်သည်၊ ဧဒင်ဥယျာဉ်ကဲ့သို့ဖြစ်လျက်၊ ဆိတ်ညံရာမြို့ဆိုးကုန်း၊ မြို့ပျက်များလည်းစည်ကားသောခံမြို့ဖြစ် လာပြီတကားဟု ဆိုရိုးရှိလိမ့်မည်။
36 မြို့ပျက်များကိုပြုပြင်သောအရှင်၊ ဆိတ်ညံရာကိုစိုက်ပျိုးသောအရှင်ကား၊ ငါထာဝရဘုရားဖြစ်ကြောင်း၊ ငါထာဝရဘုရားမိန့်ဆိုလျက် စီရင်ကြောင်းများကို၊ ပတ်လည်၌ ကျန်ရစ်သော လူမျိုးခြားတို့သိရကြလတ္တံ့ဟု မိန့်တော်မူကြောင်း၊
37 ဣသရေလအမျိုးသားတို့တောင်းလျှောက်သည့်အတိုင်း၊ ငါစီရင်ဦးမည်မှာ၊ လူများကိုသိုးစုကဲ့သို့တိုးပွားစေမည်။
38 ယေရုရှလင်မြို့၌ပြုမြဲပွဲများဆိုင်ရာ၊ အလှူဝတ္ထုဖြစ်သော သိုးစုနှင့်အမျှ၊ ဆိတ်ညံရာမြို့ရွာများသည်၊ လူစုများနှင့် ပြည့်နှက်သဖြင့်၊ ထာဝရဘုရားငါဖြစ်သည်ကို သိရ ကြလတ္တံ့ဟုမိန့်တော်မူကြောင်းများကို၊ ဆင့်ဆိုလော့ဟူ၍တည်း။