34
တစ်ဖန်၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာ၍၊ အချင်းလူ့သား၊ ဣသရေလအထိန်းအကျောင်းတို့ကိုရည်လျက်ဟောပြောဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ ကိုယ်ကိုသာထိန်းကျောင်းသောအထိန်းအကျောင်း တို့သည်အမင်္ဂလာရှိကြ၏။ သိုးဆိတ်များကိုထိန်းကျောင်းအပ်ကြသည်မဟုတ်လော။ ဆီဥကို စားလျက်၊ အမွေးကိုဝတ်လျက်၊ ဆူဖြိုးသောအကောင်ကိုစီရင်သောသင်တို့သည်၊ အထိန်းအကျောင်းတို့သည်သိုးဆိတ်များကိုမထိန်းမကျောင်းဘဲ နေကြသည်တကား။ အားနည်းရာကိုသန်မာစေခြင်း၊ နာကျင်ရာကို ကုသခြင်း၊ ချို့တဲ့ရာကိုကျပ်စည်းခြင်း၊ လမ်းလွဲရာကို ပြန်စုခြင်း၊ ပျောက်သွားရာကို လိုက်ရှာခြင်းမပြုဘဲ၊ ကျပ်တည်း ရက်စက်စွာ နှိမ်နှင်းကြသည်တကား။ အထိန်းအကျောင်းမဲ့သော၊ ထိုသိုးဆိတ်တို့သည်၊ အနှံ့အပြားကွဲလွင့်၍၊ တောသားရဲစာအဖြစ်ရောက်ခဲ့ကြလေစွ။ ထိုအတိုင်း၊ ကုန်းထိပ်၊ တောင်တန်းရှိသမျှတစ်လှေျာက်၊ လမ်းလွဲ၍မြေတစ်ပြင်လုံးတွင်ကွဲလွင့်ကြသော၊ ငါ့သိုးဆိတ်တို့ကိုလိုက်စစ်ရှာဖွေသူမရှိချေ။ သို့ဖြစ်၍၊ အိုအထိန်းအကျောင်းတို့၊ ငါထာဝရဘုရား၏ဗျာဒိတ်ချက်ကိုနာခံကြလော့။ အသက်တော်ကိုတိုင်တည်၍၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ အထိန်းအကျောင်းမဲ့သော၊ ငါ့သိုးဆိတ်တို့သည်၊ လုယူရာအဖြစ်၊ တောသားရဲစာအဖြစ် ရောက်သောကြောင့်လည်းေကာင်း၊ ငါ့အထိန်းအကျောင်းတို့သည်၊ ငါ့သိုးဆိတ်များကိုမထိန်းမကျောင်းမရှာမဖွေဘဲ၊ ကိုယ်ကိုသာထိန်းကျောင်းသောကြောင့်လည်းေကာင်း၊ အိုအထိန်းအကျောင်းတို့၊ 9-10 ငါသည် သင်တို့တစ်ဘက်နေ၍၊ သိုးဆိတ်များကိုသင်တို့လက်မှတောင်းယူမည့်ပြင်၊ သိုးဆိတ်များကိုထိန်းကျောင်းခွင့်၊ ကိုယ်ကိုကျွေးမွေးခွင့်မရစေဘဲ၊ သင်တို့အစာ မဖြစ်အောင်၊ ခံတွင်းမှပင်၊ သိုးဆိတ်များကိုနုတ်မည်ဟူသော၊ ငါအရှင်ထာဝရဘုရား၏ဗျာဒိတ်တော်ကို နာခံကြလော့။ 11 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါ့သိုးဆိတ်များကို၊ ကိုယ်တိုင်လိုက်စစ်ရှာဖွေမည်။ 12 ကွဲလွင့်ပြီးသိုးဆိတ်များဗဟိုတွင် ရှိသောအထိန်းအကျောင်းသည်၊ နေ့ချင်းလိုက်စစ်သည့်နည်းတူ၊ ငါလည်းငါ့သိုးဆိတ်များကိုလိုက်စစ်လျက်၊ မိုးအုံ့၍မှောင်ကျသော နေ့ရက်၌၊ ကွဲလွင့်ခဲ့ရာအရပ်ရပ်မှနုတ်ဆောင်လျက်၊ 13 လူအမျိုးမျိုး၊ အပြည်ပြည်ကစုသိမ်းထုတ်ဆောင်လျက်၊ ပြည်ရင်းသို့ပို့သွင်းပြီးလျှင်၊ ဣသရေလတောင်တန်းရှိရာ၊ ချိုင့်ဝှမ်းရာ၊ နေထိုင်ဖွယ်ရာအရပ်များ၌ထိန်းကျောင်းမည်။ 14 ကောင်းမွန်သောစားကျက်များတွင် ငါထိန်းကျောင်း၍၊ ဣသရေလတောင်တန်းအထွဋ်ပေါ်မှာ ခြံသွင်းမည့်အလျောက်၊ ကောင်းမွန်သော ခြံ၌ ဝပ်နေခွင့်၊ ဣသရေလ တောင်တန်းရှိစိမ်းလန်းသောစားကျက်၌ ကျက်စားခွင့်ရကြလတ္တံ့။ 15 ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သိုးဆိတ်များကိုကိုယ်တိုင်ထိန်းကျောင်း၍၊ 16 ဝပ်စေသောငါသည် ပျောက်သွားရာကို လိုက်ရှာခြင်း၊ လမ်းလွဲရာကို ပြန်စုခြင်း၊ ချို့တဲ့ရာကို ကျပ်စည်းခြင်း၊ နာကျင်ရာကိုသန်မာစေခြင်း၊ ဆူဖြိုး၍ခွန်အားလွန်ရာကို ပယ်ရှားခြင်းပြုလျက်၊ တရားအမြိုက်တိုက်ကျွေးမည်ဟု မိန့်တော်မူကြောင်း၊ အထိန်းအကျောင်းတို့အား ဆင့်ဆိုလော့။ 17 အိုငါ့သိုးဆိတ်တို့၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သိုးထီးကြီး၊ဆိတ်ထီးကြီးဖြစ်သောအကောင်နှင့်၊ အခြားသောသိုးဆိတ်တို့ကြားတွင်၊ ငါတရားစီရင်မည်။ 18 ကောင်းမွန်သောစားကျက်တွင်ကျက်စားခွင့်မလုံလောက်သည့်အတွက် စားကြွင်းကိုနင်းချေခြင်း၊ ကြည်လင်သောရေသောက်ခွင့်မလုံလောက်သည့်အတွက်၊ သောက် ကြွင်းကိုခြေဖြင့်မွှေနှောက်ခြင်းပြုကြသေးသလော၊ 19 ငါ့သိုးဆိတ်များမှာမူ၊ သင်တို့နင်းချေခဲ့ရာ၊ မွှေနှောက်ခဲ့ရာများကို စားသောက်ကြလေစွ။ 20 သို့ဖြစ်၍၊ ၎င်းတို့အားငါအရှင်ထာဝရဘုရားမိန့်ဆိုသည်မှာ၊ ပိန်ကြုံသောအကောင်နှင့်ဆူဖြိုးသောအကောင်များကြားတွင်၊ ငါကိုယ်တိုင်တရားစီရင်မည်။ 21 နံဘေး၊ ပခုံးနှင့်တွန်းခြင်း၊ အားနည်းရာကို ဦးချိုဖြင့် ခတ်ဝှေ့ခြင်းပြုလျက်၊ ခွဲလွှင့်ကြသောကြောင့်၊ 22 ငါသည်သိုးဆိတ်များကြားတွင် တရားစီရင်၍၊ နောင်လုယူရာမဖြစ်စေခြင်းငှာ၊ ငါ့သိုးဆိတ်များကိုနုတ်ဆောင်မည်။ 23 ကျွန်တော်ရင်းဒါဝိဒ်ကို၊ တစ်ဦးတည်းသောအထိန်းအကျောင်းအဖြစ်၊ ငါခန့်ထားမည့်အလျောက်၊ တိုက်ကျွေးထိန်းကျောင်းသူဖြစ်သည်နှင့်၊ 24 ဗျာဒိတ်တော်ချက်အရ ငါထာဝရဘုရားသည်၊ သူတို့ဘုရားသခင်၊ ကျွန်တော်ရင်းဒါဝိဒ်လည်း၊ သူ တို့ဘုရင်ဖြစ်လတ္တံ့။ 25 ငါသည် မဟာမိတ်ပဋိညာဉ်ကိုဖွဲ့၍၊ ပြည်တော်ရှိ သားရဲဘေး ပပျောက်စေသဖြင့်၊ သဲတောတွင် စိတ်ချစွာ နေထိုင်ခွင့်၊ သစ်တောတွင်အိပ်ပျော်ခွင့်ပေးမည့်ပြင်၊ 26 လူမျိုးတော်နှင့်တကွ၊ တောင်တော်ပတ်လည်အရပ်ရပ်ကို၊ မင်္ဂလာအရင်ခံထားလျက်၊ ဥတုအလျောက်ရွာစေသောမင်္ဂလာမိုးရေကျသဖြင့်၊ ခြံရှိအပင်များသီးလျက်၊ 27 မြေအသီးအနှံထွက်လျက်ရှိရာ၊ ပြည်တော်တွင် စိတ်ချစွာ နေထိုင်သောထိုသူတို့သည်၊ ထမ်းပိုးကျင်များကို ချိုးဖျက်ခြင်း၊ စေစားသူတို့လက်မှ ကယ်လွှတ်ခြင်းကိုပြု သောငါကား၊ ထာဝရဘုရားဖြစ်ကြောင်းသိရကြလတ္တံ့။ 28 ထိုသူတို့သည် လူမျိုးခြားတို့လုယူရာ၊ တောသားရဲတို့မျိုစားရာ၊ နောင်မဖြစ်ရဘဲ၊ ထိတ်လန့်မဲ့စိတ်ချစွာနေထိုင်ကြသော်၊ 29 ကျော်စောသောကောက်ပဲခင်းကိုငါစိုက်ပျိုးသဖြင့်၊ နေပြည်တွင် မွတ်သိပ်ကွယ်လွန်ခြင်း၊ လူမျိုးခြားတို့တွင် အရှက်ကွဲခြင်းမခံရဘဲ၊ 30 ကိုယ့်ဘုရားသခင်ထာဝရဘုရားတည်းဟူသောငါသည်၊ သူတို့နှင့်အတူစံနေကြောင်း၊ ဣသရေလအမျိုးသားတည်းဟူသောသူတို့သည်၊ ငါ့လူမျိုးတော်ဖြစ်ကြောင်း များကို သိရကြလတ္တံ့ဟူ၍လည်းေကာင်း၊ 31 လူဖြစ်သောသင်တို့သည်၊ စာကျက်တော်ရှိငါ့သိုးဆိတ်များဖြစ်ကြောင်း၊ ငါလည်း၊ သင်တို့ဘုရားသခင်ဖြစ်ကြောင်းဟူ၍လည်းေကာင်း၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည်ဟူ၍တည်း။