16
1 တစ်ဖန်၊ ငါသို့ရောက်လာသော ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
2 အချင်းလူ့သား၊ ယေရုရှလင်မြို့၏ရွံ့ရှာဖွယ်အမှုများကိုဖော်ပြလျက်၊ ထိုမြို့အားဆင့်ဆိုရမည်မှာ၊
3 သင်ဖွားရာဇာတိအခြင်းအရာများသည်၊ ခါနာန်ပြည်နှင့်စပ်ဆိုင်၍၊ အဖကား၊ အာမောရိ၊ အမိကား၊ ဟိတ္တိအမျိုးတည်း။
4 ထိုအခြင်းအရာများကိုဆိုသော်၊ သင်သည် ဖွားမြင်ရာနေ့၌၊ ချက်ကြိုးဖြတ်ခြင်း၊ စင်ကြယ်အောင်ရေချိုးခြင်း၊ ဆားလူးခြင်း၊ အနှီးပတ်ခြင်းများကို၊ မခံရချေ။
5 ဖွားမြင်ရာနေ့၌ပင်၊ ထိုသို့ စာနာပြုစုကြည့်ရှုသူမရှိ၊ စက်ဆုပ်သည့်အတွက်၊ မြေပြင်သို့ထုတ်ပစ်ခံပြီးမှ၊
6 ငါသီသွား၍၊ အသွေး၌ကန်ကျောက်လျက်နေသည်ကိုမြင်သော်၊ အသွေးမွန်းလျက်ပင် ရှင်လော့ဟု မြွက်ဆို၏။ အသွေးမွန်းလျက်ပင်ရှင်လော့ဟု မြွက်ဆိုလျက်၊
7 မြက်ပင်သဖွယ်ကြီးပွားစေသည့်အလျောက်၊ သင်သည် ကြီးပွားတိုးတက်လျက်၊ ပန်းပွင့်လျက်၊ ရင်သားကြွလျက်၊ ဦးဆံရှည်လျက်နှင့်၊အဝတ်အချည်းစည်းနေသေး သည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊
8 တစ်ဖန်၊ ငါသည်သွား၍ရှုကြည့်သော်၊ စုံမက်ဖွယ်အရွယ်ရောက်သည်ကိုမြင်၍၊ စောင်မြိတ်ဖြင့်သင့်ကိုခြုံလွှမ်းပြီးလျှင်၊ ပဋိညာဉ်ပြု၍သစ္စာမူသည့်အလျောက်၊ သင့်ကာမ ပိုင်ဖြစ်သည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊
9 ထို့နောက်၊ ငါသည် သင့်ကိုအသွေးစင်ကြယ်ရန် ရေချိုးလျက်၊ ဆီလိမ်းပြီးလျှင်၊
10 ပန်းထိုးထည်ဝတ်ခြင်း၊ ဖျံရေဖိနပ်စီးခြင်း၊ ပိတ်ချောထည်စီးခြင်း၊ ပိုးထည်ခြုံခြင်း၊
11 တန်ဆာဆင်ယင်ခြင်း၊ လက်ကောက်ဝတ်ခြင်း၊ ပုတီးဆွဲခြင်း၊
12 နှာကွင်းဆွဲခြင်း၊ နားတောင်းပန်ခြင်းများကိုပြုလျက်၊ တင့်တယ်သောသရဖူကိုဆောင်းစေ၏။
13 ထိုသို့သင်သည် ရွှေငွေတန်ဆာဆင်ယင်လျက်၊ ပိတ်ချောထည်၊ ပိုးထည်၊ ပန်းထိုးထည်များကိုဝတ်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီများကို သုံးဆောင်လျက်နေရာ၊ အလွန်အဆင်းလှ၍ မိဖုရားရာထူးသို့ရောက်ပြီးလျှင်၊
14 ငါပေးသောတင့်တယ်ခြင်းကြောင့်၊ ကြန်အင်မယွင်း၊ အဆင်းလှ၍၊ လူမျိုးခြားတို့တွင် ကျော်စောကိတ္တိရှိသည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊
15 သို့ရာတွင် လှပသောအဆင်း၌ အားထားသောသင်သည်၊ ကျော်စောကိတ္တိရှိ၍ ပြည့်တန်ဆာလုပ်ရာ သီသွားသူတိုင်းနှင့် ရောပြွမ်းမှားယွင်းလျက်၊ဆက်ဆံခွင့်ပေး သည့်ပြင်၊
16 ကိုယ့်အဝတ်အထည်ဖြင့်ချယ်လယ်ကာရံသော၊ မြင့်ရာဌာနများအပေါ်၌ မပြုထိုက်၊ မပြုအပ်သောနည်းအတိုင်း၊ ပြည့်တန်ဆာလုပ်သေး၏။
17 ငါပေးခဲ့သောရွှေငွေရတနာများဖြင့်၊ ယောက်ျားရုပ်ပုံများကို သွန်းထုလျက် ပြည်တန်ဆာလုပ်ရာ၊
18 ပန်းထိုးထည်များဖြင့် လွှမ်းခြုံ၍၊ ငါ၏ဆီနှင့်နံ့သာပေါင်းကို တင်သသည့်ပြင်၊
19 အစာအာဟာရအဖို့ ငါပေးလျက်ကျွေးမွေးသောမုန့်ညက်၊ ဆီ၊ ပျားရည်များကိုလည်း၊ စိတ်ပြေဖွယ်ရနံ့အဖြစ်တင်သသည်တကားဟု၊ အရှင်ထာဝရဘုရားမိန့်တော် မူကြောင်း၊
20 ငါဖြင့်ရသောသားသမီးများကိုကျွမ်းလောင်စေခြင်းငှာ၊ ထိုရုပ်ပွားတို့အားပူဇော်ရက်လေစွ။ ကိုယ့်မှားယွင်းမှုများကို အရေးမယူသည့်အတွက်၊
21 ငါ၏သားသမီးများကို စီရင်အပ်နှင်းဆက်ကပ်မှုကိုပြုသလော။
22 ရွံရှာဖွယ်အမှု၊ မှားယွင်းသောအမှုရှိသမျှကိုပြုရာ၊ အသွေး၌ အဝတ်အချည်းစည်း ကန်ကျောက်လျက်နေရသောငယ်ရွယ်စဉ်ကာလကို၊ သင်သတိမရချေ။
23 သင်၌အကျိုးနည်းလေစွ၊ အမင်္ဂလာရှိသည်ဟု ငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ထိုဆိုးသွမ်းမှုရှိသမျှကိုပြုပြီးနောက်၊
24 သင်သည် လမ်းဆုံတိုင်း၌ကုန်းဖို့ခြင်း၊ မြေတောင်မြှောက်ခြင်းပြုလျက်၊
25 လမ်းခွတိုင်း၌လည်း မြေတောင်မြှောက်လျက်၊ သီသွားသူတိုင်းအား၊ ခြေကား၍၊ မြောက်မြားစွာမှားယွင်းသဖြင့်၊ လှပသောအဆင်းကိုရှုတ်ချလေပြီ။
26 ရာဂကြီးလွန်းသောပြည်နီးချင်းအိဂျစ်လူတို့နှင့်လည်း၊ ပြည့်တန်ဆာလုပ်လျက်၊ အမျက်တော်တိုက်မြောက်မြားစွာမှားယွင်းလေပြီ။
27 သို့ဖြစ်၍ ငါသည် သင့်အပေါ်တွင်လက်ရုံးတော်ကိုဆန့်တန်းလျက်၊ စရိတ်ကိုလည်းလျှော့ပြီးလျှင်၊ သင့်ကာမဂုဏ်ဓလေ့အတွက်ရှက်လျက်၊သင့်ကိုမုန်းထားသူဖိလိတ္တိ အမျိုးသမီးတို့အလိုသို့အပ်ခဲ့ပြီ။
28 အလိုမပြည့်နိုင်သည့်အလျောက်၊ အာရှုရိပြည်သားတို့နှင့်ပြည့်တန်ဆာလုပ်၍မှားယွင်းသော်လည်း၊ အလိုမပြည့်သေးချေ။
29 ရောင်းဝယ်ဖောက်ကားသောခါလဒဲပြည်တိုင်အောင်၊ မြောက်မြားစွာမှားယွင်းသော်လည်း၊ အလိုမပြည့်သေးချေ။
30-32 စွာလွန်းသောပြည့်တန်ဆာမ၏ပြုလေ့ဖြစ်သော၊ ထိုအမှုရှိသမျှကို ကျင့်လျက်၊ လမ်းခွတိုင်း၌ ကုန်းဖို့ခြင်းလမ်းဆုံတိုင်း၌ မြေတောင်မြှောက်ခြင်းပြုလျက်၊ အခကိုအရေး မယူရာ၌ ပြည့်တန်ဆာချင်းခြားနားလျက်၊ ကိုယ့်ခင်ပွန်းအစားသူစိမ်းတို့နှင့်ကြာခို၍၊ စိတ်ညံ့သောဇနီးတကား။
33 လက်ဆောင်များကို ပြည့်တန်ဆာတို့ရလေ့ရှိသော်လည်း၊ သင်မှာမူ အရပ်ရပ်မှ သင့်ထံဝင်၍ မှားယွင်းစေရန် ခင်မင်သူတို့အား၊ လက်ဆောင်နှင့်ပဏ္ဏာများကိုပံ့ပိုး တတ်သည်တကား။
34 တစ်ပါးသော ပြည့်တန်ဆာမတို့နှင့်သင်ခြားနားသည်တကား။ မှားယွင်းရန်လိုက်ရှာသူမရှိဘဲမှားယွင်းခြင်း၊ အခမယူဘဲ အခပေးတတ်ခြင်းများဖြင့် ခြားနားသည်ဟုအရှင် ထာဝရဘုရားမိန့်တော်မူကြောင်း၊
35 သို့နှင့်အညီ အိုပြည့်တန်ဆာ၊ ငါထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံဦး။
36 သင်သည် တဏှာသဘောကိုသွန်းလောင်းလျက်၊ ခင်မင်သူတို့မှစ၍ ရွံရှာဖွယ်ရုပ်ပွားများနှင့် မှားယွင်းဆက်ဆံသောကြောင့်လည်းေကာင်း၊ ထိုရုပ်ပွားများအား သားသမီးတို့ အသွေးကိုသွန်းသောကြောင့်လည်းေကာင်း၊
37 ငါသည် သင့်အားခင်မင်နှစ်သက်သူ၊ သင်ခင်မင်သူ၊ သင်မုန်းထားသူအပေါင်းတို့ကို၊ အရပ်ရပ်မှ စုရုံးလာရောက်စေပြီးလျှင်၊ ၎င်းတို့ရှေ့သင့်ရှက်ဖွယ်ရာကို အထင် အရှားလှစ်ပြလျက်၊
38 မျောက်မထား၍ အသွေးသွန်းသောမိန်းမတို့ကိုတရားစီရင်သည့်နည်းတူ၊ သင့်ကိုစီရင်လျက် အမျက်ထွက်ခြင်း၊ မနာလိုခြင်းဆိုင်ရာသေဒဏ်ခတ်ဦးမည်။
39 ငါအပ်နှင်းသည့်အလျောက် ထိုသူတို့သည်၊ သင့်ကုန်းနှင့်မြေတောင်များကိုမှောက်လှန်ဖြိုဖျက်လျက်၊ သင့်ရတနာနှင့် အဝတ်များကို ချွတ်ယူလျက်၊ အချည်းစည်း ထားကြမည့်ပြင်၊
40 တိုင်ပင်စည်းဝေးခြင်းကိုပြု၍၊ ခဲပစ်ဒဏ်၊ ဓားခုတ်ဒဏ်၊ တိုက်အိမ်မီးရှို့ဒဏ်များကို၊
41 များပြားသောမိန်းမတို့ရှေ့စီရင်ကြသဖြင့်၊ ဆက်လက်အခမပေးရအောင်၊ သင်၏ပြည့်တန်ဆာမှုကို ငါပြတ်စဲစေမည်။
42 သို့မှဒေါသပြေ၍၊ မရှုစိတ်သောသဘောတော်ငြိမ်းသဖြင့်၊ နောင်အမျက်တော်မထားဘဲဧချမ်းလိမ့်မည်။
43 ငယ်ရွယ်စဉ်ကာလကို သင်သတိလစ်လျက်၊ ထိုအနည်းနည်းအားဖြင့် စိတ်တော်ကိုဆွလေ့ရှိသောကြောင့်၊ အလေ့အလာကိုငါဆပ်ပေးသဖြင့်၊ ရွံရှာဖွယ်အမှုများတွင် ကာမဂုဏ်ကို သင်ပြုတော့မည်မဟုတ်ဟု အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊
44 ပုံဆောင်တတ်သူတိုင်း သင့်အားရည်လျက်၊ အမိစရိုက်သမီးလိုက်ဟု ပုံဆောင်ကြလတ္တံ့။
45 သင်သည် လင်နှင့်သားသမီးတို့ကို စက်ဆုပ်သူအမိ၏သမီးရင်း၊ လင်များနှင့် သားသမီးများကို စက်ဆုပ်သူညီအစ်မတို့၏ညီအစ်မရင်းဖြစ်ပေစွ။ သင်တို့အမိကား ဟိတ္တိ၊ အဘကား အာမောရိအမျိုးတည်း။
46 သင့်အစ်မကား သမီးတို့နှင့်တကွ ဝဲဘက်ရှိရှမာရိ၊ ညီမကား၊ သမီးတို့နှင့်တကွ ယာဘက်ရှိသောဒုံတည်း။
47 သင်မှာမူ ခေတ္တမျှသာ၊ ချင်းတို့ရွံရှာဖွယ်မှုများအတိုင်း လျှောက်လိုက်ပြီးမှ၊ အလေ့အလာရှိသမျှ၌၊ သာ၍ဖောက်ပြန်၏။
48 အသက်တော်ကိုတိုင်တည်၍ ငါအရှင်ထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ သင်နှင့်သမီးတို့ပြုခဲ့ကြသည့်နည်းတူ ညီမဖြစ်သူသောဒုံနှင့် သမီးတို့မပြုကြချေ။
49 ညီမသောဒုံ၏ဒုစရိုက်ကား၊ သမီးများပါမာနကြီးခြင်း၊ အစာပြည့်လျှံခြင်း၊ စည်းစိမ်ချမ်းသာခံစားခြင်း၊ ဆင်းရဲနွမ်းပါးသူတို့ကို မထောက်ပံ့ခြင်း၊
50 ရှေ့တော်တွင်မောက်မာခြင်း၊ ရွံရှာဖွယ်ပြုခြင်းများတည်း။ ထိုသို့သိမြင်သော်၊ ချင်းတို့ကိုငါပယ်ရှား၏။
51 ရှမာရိလည်း သင့်ပြစ်မှုထက်ဝက်မျှ မပြုချေ။ သင်သည် ချင်းတို့ထက် မြောက်မြားစွာ ရွံရှာဖွယ်ပြုသဖြင့်၊ ညီအစ်မတို့ကို ဖြောင့်မတ်ရာရောက်စေပြီတကား။
52 ထိုသို့ ညီအစ်မတို့အဖို့ စုံရာလုပ်သောသင်သည်၊ ကိုယ့်အရှက်ဝန်ကိုထမ်းဆောင်လော့။ ချင်းတို့သည် သာ၍ ရွံရှာဖွယ်ပြစ်မှားသောသင်ထက်၊ ဖြောင့်မတ်ကြ၏။ ထိုသို့ညီအစ်မတို့ကိုဖြောင့်မတ်ရာရောက်စေခြင်း၌၊ ကိုယ့်အရှက်ဝန်ကိုရှုတ်ချစွာထမ်းဆောင်လော့။
53-54 ညီအစ်မတို့ကို နှစ်သိမ့်စေရာ၌ သင်ပြုကျင့်သမျှအတွက်၊ အရှက်ကွဲလျက်၊ ထိုအရှက်ဝန်ကိုထမ်းဆောင်ရစေခြင်းငှာ၊ သုံ့ပန်းခံရသူသင့်သမီးတို့နှင့်တကွ၊ သုံ့ပန်းခံရ သူသောဒုံနှင့်သမီးများ၊ ရှမာရိနှင့်သမီးများကို ငါပြန်လာစေလျက်၊
55 သင်မှစ၍ ညီအစ်မဖြစ်သူ သောဒုံနှင့်ရှမာရိတို့သည်၊ သမီးများပါ ယမန်အဖြစ်သို့ ရောက်ပြန်ကြရလတ္တံ့။
56-57 သင့်အဖက်ဖက်၌ မုန်းထားသောရှုရိအမျိုးသမီးတို့မှစ၍၊ ပြည်နီးချင်းတို့နှင့်ဖိလိတ္တိအမျိုးသမီးတို့ကဲ့ရဲ့ကြသည့်အခါ၊ သင့်ရှက်ဖွယ်ရာမပေါ်မီ၊ မာနကြီးသောနေ့ရက်ကာလ၌ညီမဖြစ်သူ သောဒုံကိုမြွက်ဆိုခြင်းမျှသင်မပြုချေ။
58 သင်သည် ကိုယ့်ကာမဂုဏ်ဝန်နှင့် ရွံရှာဖွယ်မှုဝန်ကို ထမ်းဆောင်ရလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်း၊
59 အသို့ဆိုသော် ပဋိညာဉ်တော်ကိုဖျက်လျက်၊ သစ္စာတော်ကို မထောက်မြော်သူ သင့်အကျင့်အကြံအတိုင်းငါစီရင်သော်လည်း၊
60 ငယ်ရွယ်စဉ်အခါ ဖွဲ့တော်မူခဲ့သောပဋိညာဉ်ကို၊ ငါသတိရသဖြင့်၊ ထာဝရပဋိညာဉ်တော်ကို အတည်ပြုဦးမည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊
61 သင်ပဋိညာဉ်ဖွဲ့ခြင်းကင်းလျက် သမီးများအဖြစ် ငါပေးအံ့သောညီအစ်မတို့ကို၊ သင်လက်ခံသည့်ကာလ၊ ကိုယ့်အလေ့အလာများကို သတိရလျက်ရှက်လိမ့်မည်။
62-63 သင်ပြစ်မှားသမျှကို ငါဖြေလွှတ်ပြီးသည့်နောက်၊ ထိုသို့သတိရလျက်နှုတ်မမြွက်ဝံ့အောင်ရှက်လျက် ရှုတ်ချခံရစေခြင်းငှာ၊ ထိုပဋိညာဉ်တော်ကိုကိုယ်တော်တိုင်အတည် ပြုမည့်အလျောက်၊ ထာဝရဘုရား ငါဖြစ်သည်ကို သင်သိရလတ္တံ့ဟု ယေရုရှလင်မြို့အား၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်းများကို ဆင့်ဆိုလော့ဟူ၍တည်း။