4
တစ်ဖန်တုံ၊ နေအောက်တွင် ညှဉ်းပန်းပြုလုပ်သမျှကို ငါသိမြင်ရသည်မှာ၊ ညှဉ်းပန်းခံရသူတို့သည် ငိုကြွေးရကြလျက်၊ နှစ်သိမ့်စေသူမရှိ။ ညှဉ်းပန်းသူတို့သည် လက်ရုံး ရည်ရှိလျက်နှင့်၊ နှစ်သိမ့်စေသူမရှိချေ။ သို့ဖြစ်၍၊ စုတေနှင့်ပြီးသော သူသေတို့သည်၊ အသက်ရှိသေးသောသူရှင်တို့ထက်၊ ကောင်းလေစွဟု ငါဆို၏။ မုချအားဖြင့် ထိုနှစ်ဦးထက်၊ မဖြစ်သေး၍၊ နေအောက်တွင် ပြုတတ်သော မကောင်းမှုကို မတွေ့ဘူးသူသည်၊ သာ၍ကောင်းလေစွတကား။
ထို့နောက်၊ လိမ္မာမှုရှိသမျှမှစ၍၊ လုပ်ကိုင်သမျှအမှုများကြောင့်၊ လူအချင်းချင်းငြူစူဖက်ပြိုင်ခြင်းဖြစ်လာသည်ကို ငါသိမြင်၏။ ဤအခြင်းအရာလည်း အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်သတည်း။ လူမိုက်မူကား၊ လက်ပိုက်လျက်၊ ကိုယ့်အသားကို စားတတ်၏။ ငြိမ်သက်စွာရသော တစ်လက်ဆွန်းမျှဥစ္စာသည်၊ လေကို ကျက်စားလျက်ရသော တစ်လက်ခုပ်လုပ်ကိုင်ကျိုးထက်၊ သာ၍ကောင်း၏။
တစ်ဖန်တုံ၊ နေအောက်တွင် အနတ္တကို ငါမြင်ရသည်မှာ၊ အပေါင်းအဖော်၊ သားသမီး၊ ညီအစ်ကိုမဲ့တစ်ယောက်တည်းဖြစ်လျက်၊ လုပ်ကိုင်မှုရှိသမျှ၌ မရပ်မနား၊ ကိုယ့်စည်းစိမ်ကိုမြင်၍လည်းတင်းမတိမ်သဖြင့်၊ ချမ်းသာမခံစားဘဲ၊ မည်သူ့အဖို့ ငါလုပ်ကိုင်ရသနည်းဟု၊ အောက်မေ့သင့်၏။ ထိုအခြင်းအရာလည်း အနတ္တအမှု၊ ခဲယဉ်းသောတာဝန်ဖြစ်၏။ နှစ်ယောက်ဖြစ်လျှင်၊ လုပ်ကိုင်မှု၌ ကောင်းကျိုးရသဖြင့်၊ တစ်ယောက်တည်းထက်သာ၍ ကောင်း၏။ 10 အဘယ့်ကြောင့်ဆိုသော်၊ တစ်ယောက်လဲလျှင် တစ်ယောက်ထူမလိမ့်မည်။ ထူမသူကင်းလျက်၊ တစ်ယောက်တည်းလဲသူကား၊ အကျိုးနည်းလေစွ။ 11 နှစ်ယောက်အတူအိပ်လျှင်၊ အချမ်းလုံတတ်၏။ တစ်ယောက်တည်းဖြစ်လျှင်၊ မည်သို့လုံနိုင်သနည်း။ 12 တစ်ယောက်တည်းဖြစ်သူသည်၊ အနိုင်ခံရသော်လည်း၊ နှစ်ယောက်ဖြစ်လျှင်၊ ခုခံနိုင်သည့်နည်းတူ၊ သုံးလွန်းတင်ကြိုးကို အဆောတလျင်မဖြတ်နိုင်။
13 ပညာရှိ၍ နွမ်းပါးသောလုလင်ပျိုသည်၊ အိုမင်း၍ ဆုံးမခြင်းကင်းသော ဘုရင်မိုက်ထက်၊ မြတ်၏။ 14 ထိုသို့သောသူသည်၊ ပြည်နိုင်ငံ၌ဆင်းရဲသားဖြစ်သော်လည်း၊ နှောင်အိမ်တွင်းမှ လွတ်ထွက်၍ နန်းတက်ရ၏။ 15 အထက်မင်းအရိုက်အရာကို၊ ဆက်ခံရသောထိုလုလင်ပျိုဘက်၌၊ နေအောက်တွင် သက်ရှင်သွားလာသူအပေါင်းတို့ရှိကြောင်းကို ငါမြင်ရာ၊ 16 ထိုမင်းကို ရှေ့ဆောင်ပြုလျက်၊ နောက်လိုက်သူအပေါင်းတို့ကိုရေတွက်၍မကုန်နိုင်သော်လည်း၊ အနာဂတ်၌ဖြစ်အံ့သူတို့သည် ကြည်ညိုကြမည်မဟုတ်ချေ။ ထိုအခြင်း အရာလည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်သတည်း။