8
1 ဗေလရှာဇာမင်းနန်းစံတတိယနှစ်တွင် ငါဒံယေလသည် ဦးစွာရူပါရုံကိုမြင်ပြီးနောက် ရူပါရုံတစ်ပါးကိုမြင်ပြန်၏။
2 ငါရှုကြည့်မြင်ရသည်ကား ဧလံပြည်နယ်ရှုရှန်နန်းတော်၌ နေ၍မြင်ဆဲတွင် ဥလဲမြစ်နားမှာနေသည်ဟုငါထင်မြင်၏။
3 ငါမြော်ကြည့်သော် ဦးချိုနှစ်ချောင်းရှိသောသိုးထီးတစ်ကောင်သည် မြစ်ကမ်းပေါ်တွင်ရပ်နေ၏။ ထိုဦးချိုနှစ်ချောင်းလုံးပင် ရှည်လျားသော်လည်း တစ်ချောင်းသာ၍ရှည်၏။ ဦးချိုရှည်သည် နောက်မှပေါ်ထွက်သတည်း။
4 ထိုသိုးထီးသည် အနောက်၊ တောင်၊ မြောက်၊ သုံးမျက်နှာသို့ခတ်ဝှေ့သည်ကို ငါမြင်ရသည်ကား၊ မည်သည့်တိရစ္ဆာန်မျှ မခံမရပ်နိုင်သည့်ပြင် လက်တွင်းမှလည်း ကယ်လွှတ်ခြင်းငှာမစွမ်းနိုင်သည်ဖြစ်၍ အလိုအတိုင်းပြုသဖြင့် ကြီးမားမောက်ကြွားလေ၏။
5 ထိုအမှုကိုငါထောက်ရှုစဉ် မျက်မှောင်ကြားတွင် ထူးဆန်းစွာဦးချိုတစ်ချောင်းပါသောဆိတ်ထီးတစ်ကောင်သည် မြေတစ်ပြင်လုံးနှံ့ အနောက်မျက်နှာမှ မြေကိုမနင်းဘဲပြေးလာ၍၊
6 ဦးချိုနှစ်ချောင်းနှင့် မြစ်ကမ်းပေါ်တွင် ငါမြင်ပြီးသောသိုးထီးရှိရာသို့ မာန်ဟုန်ဖြင့်ပြေးဝင်၍၊
7 အမျက်ဒေါသနှင့် ထိုသိုးထီးကိုချဉ်းကပ်ခတ်ဝှေ့လျက် ဦးချိုနှစ်ချောင်းလုံးချိုးဖဲ့သည်ကိုငါမြင်၏။ သိုးထီး၌ခံရပ်နိုင်သောအစွမ်းမရှိသဖြင့် ၎င်းကိုမြေသို့လှဲ၍ ဖိနင်းလေ၏။ လက်တွင်းမှလည်းကယ်လွှတ်ခြင်းငှာ စွမ်းနိုင်သူမရှိချေ။
8 ထိုဆိတ်ထီးသည် အလွန်ကြီးမားမောက်ကြွားလျက် ခွန်အားရှိသောအခါ ဦးချိုကြီးကျိုးကျွတ်သဖြင့် ၎င်းချိုရာ၌ ကောင်းကင်လေးရပ်သို့မျက်နှာမူလျက် ထူးဆန်းသောဦးချိုလေးချောင်းပေါ်ထွက်ရာ၊
9 တစ်ချောင်းမှာ အတက်ပေါ်ပြန်၍ တောင်အရပ်၊ အရှေ့အရပ်များနှင့် ရတနာပြည်သို့မျက်နှာမူ၍ အလွန်တိုးတက်ကြီးပွားလျက်၊
10 ကမ္ဘာ့တန်ဆာတိုင်အောင်ကြီးပွားသဖြင့် ထိုတန်ဆာကြယ်နက္ခတ်အချို့ကို မြေသို့ချ၍နင်းချေလေ၏။
11 ကမ္ဘာ့တန်ဆာရှင်သို့တိုင်အောင်ပင်ကြီးပွားလျက် ဆက်မြဲပူဇော်သက္ကာကိုဖျက်သိမ်း၍ သန့်ရှင်းရာဌာနတော်ကိုရှုတ်ချလေ၏။
12 လွန်ကျူးမှုများသောကြောင့် ဆက်မြဲပူဇော်သက္ကာနှင့်တကွ တစ်ဗိုလ်ခြေကိုလွှဲအပ်ရယူသဖြင့် သမ္မာတရားတော်ကိုလည်းမြေသို့ချလျက် အကြံထမြောက်လေ၏။
13 ထိုအခါ သန့်ရှင်းသူတစ်ပါးပြောဆိုသံကိုငါကြားရာ ထိုသူနှင့်ပြောသောသန့်ရှင်းသူတစ်ပါးက သန့်ရှင်းရာဌာနနှင့်ဗိုလ်ခြေကိုနင်းချေခြင်းငှာ ဆိတ်ညံရာဖြစ်စေသော လွန်ကျူးခြင်းနှင့်လည်းကောင်း၊ ဆက်မြဲပူဇော်သက္ကာနှင့်လည်းကောင်း စပ်ဆိုင်သောရူပါရုံသည် မည်မျှကြာဖြစ်လိမ့်မည်နည်းဟု မေးမြန်းလျှင်၊
14 ထိုသူက ညဉ့်နှင့်နေ့ပေါင်းနှစ်ထောင့်သုံးရာကြာဖြစ်လိမ့်မည်။ သို့ပြီးမှ သန့်ရှင်းရာဌာနတော်ကိုစင်ကြယ်ပြန်စေလိမ့်မည်ဟု ငါ့အားပြန်ပြောလေ၏။
15 ငါဒံယေလသည် ထိုရူပါရုံကိုမြင်ပြီးလျှင် နားလည်ရန်ကြံဆစဉ် လူ့သဏ္ဌာန်ရှိသူတစ်ပါးသည် မျက်မှောက်တွင်ရပ်နေရာ၊
16 အိုဂါဗြေလ၊ ထိုလူသည် ရူပါရုံကိုနားလည်စေလော့ဟု ဥလဲမြစ်ပေါ်မှပြောဆိုသောလူသံကို ငါကြားပြီးနောက်၊
17 ယခင်သူသည် ငါရပ်နေရာသို့ချဉ်းလာလျှင် ငါကြောက်ရွံ့၍ပျပ်ဝပ်လျက်နေရာ ထိုသူက၊ အချင်းလူ့သား၊ ဤရူပါရုံသည် အန္တိမကာလနှင့်ဆိုင်သည်ဖြစ်၍ သတိမူလော့ဟုပြောဆို၏။
18 ထိုသို့ပြောဆိုစဉ် ငါသည်ဝပ်စင်းလျက်သေငယ်သေလျှင် ငါ့ကိုတို့၍မတ်တတ်ရပ်နေစေပြီးမှ၊
19 ထိုသူက၊ အန္တိမအချိန်ကာလနှင့်ဆိုင်သည်ဖြစ်၍ အမျက်တော်အဆုံး၌ ဖြစ်ပျက်လတ္တံ့သောအရာကိုငါကြားပြောဦးအံ့။
20 ဦးချိုနှစ်ချောင်းရှိလျက် သင်မြင်သောသိုးထီးကား မေဒိလူမျိုးဘုရင်၊ ပေရသိလူမျိုးဘုရင်တို့တည်း။
21 ဆိတ်ထီးကား ဂရိတ်လူမျိုးဘုရင်တည်း။ မျက်မှောင်ကြား၌ရှိသော ဦးချိုကြီးကား ပဌမဘုရင်တည်း။
22 ထိုဦးချိုကျိုးကျွတ်သဖြင့် ၎င်းချိုရာ၌ လေးချောင်းပေါ်ထွက်သည်မှာ ထိုလူမျိုးမှလေးနိုင်ငံတည်ထောင်သော်လည်း အရင်တန်ခိုးကိုမမှီကြ။
23 ၎င်းနိုင်ငံများ၏အဆုံး၌ လွန်ကျူးသူတို့၏အပြစ်ပြည့်သောအခါ ရက်စက်စွာမျက်နှာထား၍ ပရိယာယ်များကိုနားလည်သောမင်းတစ်ပါး ပေါ်ထွန်းလိမ့်မည်။
24 ထိုမင်းသည် ပြကတေ့တန်ခိုးမဟုတ်ဘဲ၊ တန်ခိုးကြီးလျက် အံ့ဩဖွယ်ဖျက်ဆီး၍အကြံထမြောက်သဖြင့် စွမ်းအားကြီးသူတို့နှင့် သန့်ရှင်းသောလူမျိုးတော်ကို ဖျက်ဆီးလိမ့်မည်။
25 ထိုမင်းသည် လိမ္မာစွာပြုသဖြင့် စဉ်းလဲခြင်းအောင်မြင်လျက် ဘေးမမြော်မြင်သောလူအများတို့ကို စိတ်မောက်ကြွား၍ဖျက်ဆီးပြီးလျှင် မင်းထက်မင်းကိုပင် ပုန်ကန်သည့်အတွက် လူ့လက်ဖြင့်မဟုတ်ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ရောက်လိမ့်မည်။
26 ဆိုခဲ့သည် ညဉ့်နှင့်နေ့ဆိုင်ရာရူပါရုံသည်မှန်သော်လည်း ကွာဝေးသောကာလအဖို့ဖြစ်သောကြောင့် သိုထားလော့။
27 ထိုအခါ ငါဒံယေလသည်မူးမော်၍ နေ့ရက်အနည်းငယ်နာ၏။ နောက်ထပြီးလျှင် ရှင်ဘုရင်၏အမှုတော်ကိုဆောင်ရွက်ရာ မြင်ပြီးသောရူပါရုံကိုငါအံ့ဩလျက် နားလည်သောသူမရှိချေ။