6
1-2 ဒါရိမင်းသည် အကျိုးတော်ယုတ်လျော့မရှိစေရန် နိုင်ငံတစ်ဝှမ်းလုံးတွင်စီမံခွင့်ရသော ဘုရင်ခံမင်းတစ်ရာ့နှစ်ဆယ်ကိုလည်းကောင်း၊ ထိုဘုရင်ခံတို့အပေါ်တွင် အုပ်ချုပ်စီစစ်ရသော ဘုရင်ခံချုပ်မင်းသုံးပါးကိုလည်းကောင်း ကြံရွယ်ခန့်ထားလေ၏။ ၎င်းသုံးပါးတို့တွင် ဒံယေလသည်တစ်ပါးဖြစ်၏။
3 ထိုဒံယေလ၌ ထူးချွန်သောစိတ်ရှိသဖြင့် ဘုရင်ခံ၊ ဘုရင်ခံချုပ်တကာတို့ထက်ကဲလွန်သောကြောင့် ဘုရင်မင်းသည် နိုင်ငံတစ်ဝှမ်းလုံးအပေါ်တွင်ခန့်ထားမည်ဟု ကြံစည်လေ၏။
4 ထိုအခါ ဆိုခဲ့သောဘုရင်ခံ၊ ဘုရင်ခံချုပ်မင်းတို့သည် ဒံယေလတစ်ဘက်၌နိုင်ငံနှင့်စပ်၍ အမှုရှာကြံကြသော်လည်း သစ္စာစောင့်သဖြင့် မှုဝန်တစ်စုံတစ်ရာမရှိသောကြောင့် အပြစ်တင်ခွင့်ရှာမတွေ့ကြရာ၊
5 ထိုဒံယေလကိုးကွယ်သောဘုရား၏ ဥပဒေသနှင့်စပ်၍မှတစ်ပါး၊ သူ့တစ်ဘက်၌အခြားသောအမှုကို တွေ့နိုင်သည်မဟုတ်ဟုပြောဆိုကြပြီးမှ ဒါရိမင်းထံဝင်ရောက်စုရုံးကြ၍၊
6 ဘုရင်မင်းမြတ်၊ ကာလအစဉ်သက်တော်ရှည်ပါစေ။
7 နိုင်ငံတော်ဘုရင်ခံချုပ်၊ ဘုရင်ခံမင်း၊ ဗိုလ်မှူးဝန်ကြီး၊ တရားဝန်မင်း၊ မြို့ဝန်အပေါင်းတို့က ဘုရင်မင်းမြတ်မှတစ်ပါး အခြားလူ့ထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်း ရက်ပေါင်းသုံးဆယ်အတွင်း ဆုတောင်းသူမည်သူမဆို၊ ခြင်္သေ့အောင်းသောတွင်းထဲသို့ ပစ်ချဒဏ်ခံစေဟူသောဥပဒေကိုအတည်ပြု၍ ထုတ်ဆင့်စေခြင်းငှာ သဘောတူတိုင်ပင်ကြပါပြီ။
8 သို့နှင့်အညီ မပမပျောက်နိုင်သောမေဒိ၊ ပေရသိလူမျိုးဓမ္မသတ်အတိုင်း ဆိုခဲ့သောဥပဒေကိုမပြောင်းမလဲစေရန် အတည်ပြု၍လက်မှတ်ရေးထိုးတော်မူပါဘုရင်မင်းမြတ်ဟု တင်လျှောက်ကြသော်၊
9 ဒါရိမင်းသည် ဥပဒေအချက်ကို လက်မှတ်ရေးထိုးလေ၏။
10 ထိုသို့လက်မှတ်ရေးထိုးကြောင်းကို ဒံယေလကြားသိသောအခါ အိမ်သို့ပြန်သွား၍ ယေရုရှလင်မြို့သို့မျက်နှာပြုရာ ပြူတင်းပေါက်ပွင့်လျက်ရှိသောအထက်ခန်း၌ ပြုလေ့ရှိသည့်အတိုင်း တစ်နေ့လျှင်သုံးကြိမ်ဒူးထောက်လျက် ဘုရားသခင်အားဆုတောင်း၍ ကျေးဇူးတော်ကိုချီးမွမ်းလေ၏။
11 ထိုသို့ဘုရားသခင့်မျက်မှောက်တော်တွင် ဒံယေလဆုတောင်း၍ အသနားတော်ခံလျက်နေသည်ကို ထိုသူတို့စုရုံးတွေ့မြင်ကြသောအခါ၊
12 ဘုရင်မင်းထံတိုးဝင်ကြပြီးလျှင် ဘုရင်မင်းမြတ်မှတစ်ပါး အခြားလူ့ထံသော်လည်းကောင်း၊ ဘုရားထံသော်လည်းကောင်း၊ ရက်ပေါင်းသုံးဆယ်အတွင်း ဆုတောင်းသူမည်သူမဆို ခြင်္သေ့အောင်းသောတွင်းထဲသို့ ပစ်ချဒဏ်ခံစေဟူသောဥပဒေကို လက်မှတ်ရေးထိုးတော်မူပြီမဟုတ်တုံလောဟု ထိုဥပဒေနှင့်စပ်၍မေးလျှောက်ကြရာ ဘုရင်မင်းက၊ မပမပျောက်နိုင်သောမေဒိ၊ ပေရသိလူမျိုးဓမ္မသတ်အတိုင်း မှန်ပေသည်ဟုမိန့်ဆိုလေ၏။
13 ထိုသူတို့ကလည်း သုံးပန်းရယုဒအမျိုးသားတို့ပါဝင်သူဒံယေလသည် ဘုရင်မင်းမြတ်ကိုလည်းကောင်း၊ လက်မှတ်ရေးထိုးတော်မူသောဥပဒေကိုလည်းကောင်း၊ ဖီဆန်လျက် တစ်နေ့လျှင်သုံးကြိမ်ဆုတောင်းလေ့ရှိပါသည်ဟု တင်လျှောက်ကြ၏။
14 ထိုစကားကိုကြားလျှင် ဘုရင်မင်းသည်အလွန်စိတ်မသာယာသဖြင့် ဒံယေလကိုလွတ်မြောက်စေခြင်းငှာစိတ်အားကြီး၍ နေဝင်သည့်တိုင်အောင်ကြိုးစားလေ၏။
15 တစ်ဖန် ထိုသူတို့သည် ရှေ့တော်သို့ဝင်ရောက်စုရုံးပြီးလျှင် ဘုရင်မင်းမြတ်အတည်ပြုပြီးသော ဥပဒေကိုမပြောင်းမလဲရကြောင်း၊ မေဒိပေရသိလူမျိုး ဓမ္မသတ်၌ပါသည်ကိုသိမှတ်တော်မူပါဟု တင်လျှောက်ကြသော်၊
16 ဘုရင်မင်းအမိန့်ထုတ်၍ဒံယေလကိုခေါ်ယူပြီးလျှင် ခြင်္သေ့အောင်းရာတွင်းထဲသို့ပစ်ချကြ၏။ ရှင်ဘုရင်ကလည်း၊ အစဉ်မပြတ်သင်ကိုးကွယ်သောဘုရားသခင်သည် ကယ်လွှတ်တော်မူပါစေဟု မိန့်ဆိုပြီးလျှင်၊
17 ကျောက်ပြားဖြင့် တွင်းဝကိုယူပိတ်ပြီးမှ ဒံယေလအမှု၌ မည်သည်မျှမပြောင်းမရွေ့ရစေခြင်းငှာ ဘုရင်မင်းတံဆိပ်၊ မှူးမတ်တို့တံဆိပ်များကို ခတ်နှိပ်လေ၏။
18 ထို့နောက် ဘုရင်မင်းသည်နန်းတော်သို့ပြန်၍ တစ်ညဉ့်လုံးပွဲတော်မတည်၊ အငြိမ့်တော်များကိုလည်းမသွင်းစေဘဲ စက်သော်လည်းမပျော်နိုင်။
19 နံနက်အရုဏ်တက်သောအခါထ၍ အလျင်အမြန်ခြင်္သေ့အောင်းရာတွင်းသို့သွားလေ၏။
20 ဒံယေလရှိရာထိုတွင်းသို့ရောက်သော် ငိုသံနှင့်ဒံယေလကိုခေါ်လျက် အသက်ရှင်တော်မူသောဘုရားသခင်၏ကျွန်ဒံယေလ၊ အစဉ်မပြတ်သင်ကိုးကွယ်သော ဘုရားသခင်သည် ခြင်္သေ့ဘေးမှ သင့်ကိုကယ်လွှတ်နိုင်တော်မူပါ၏လောဟုမေးရာ၊
21 ဒံယေလက ဘုရင်မင်းမြတ်၊ ကာလအစဉ်သက်တော်ရှည်ပါစေ။
22 ကျွန်တော်မျိုးသည် ဘုရားသခင့်ရှေ့အပြစ်ကင်းသူ၊ ဘုရင်မင်းမြတ်ကိုလည်း အန္တရာယ်မပြုသူဖြစ်ပါသောကြောင့် ကျွန်တော်မျိုး၏ဘုရားသခင်သည် စေတမန်တော်စေလွှတ်၍ ခြင်္သေ့တို့နှုတ်ကိုပိတ်သဖြင့် အန္တရာယ်မပြုနိုင်ကြပါဟုပြန်လျှောက်လေလျှင်၊
23 ဘုရင်မင်းသည် အလွန်ဝမ်းမြောက်၍ ဒံယေလကိုတွင်းထဲမှထုတ်ယူစေဟု အမိန့်တော်ရှိသည့်အတိုင်း ဒံယေလကိုတွင်းထဲမှထုတ်ယူကြရာ ဘုရားသခင်ကိုအားကိုးသောကြောင့် ဒဏ်ရာတစ်စုံတစ်ခုမျှသူ၌မတွေ့ကြ။
24 ထို့နောက် ဒံယေလအပေါ်တွင် အပြစ်စွဲဆိုသူတို့ကို ရှင်ဘုရင့်အမိန့်နှင့်ခေါ်ယူပြီးလျှင် သားမယားတို့ပါခြင်္သေ့တွင်းထဲသို့ပစ်ချကြလျှင် မြေသို့မကျမီပင် ခြင်္သေ့တို့သည်နိုင်နင်း၍ အရိုးရှိသမျှကိုချိုးဖဲ့ကြကုန်၏။
25 ထို့နောက် ဒါရိမင်းက၊ မြေတစ်ပြင်လုံး၌နေကြကုန်သော ဘာသာစကားအမျိုးမျိုးပြောဆိုသူလူမျိုးဟူသမျှတို့ထံ အမိန့်စာထုတ်လိုက်သည်မှာ သင်တို့၌ငြိမ်သက်ခြင်းများပြားပါစေသော။
26 ငါစိုးပိုင်ရာတစ်နိုင်ငံလုံးနေသောသင်တို့သည် ဒံယေလ၏ဘုရားသခင့်မျက်မှောက်တော်တွင် ကြောက်ရွံ့တုန်လှုပ်ကြစေဟုငါအမိန့်ရှိ၏။ အသို့ဆိုသော် ထိုဘုရားသည် အသက်ရှင်လျက် ထာဝရတည်တော်မူသောဘုရားသခင်ဖြစ်တော်မူ၏။ နိုင်ငံတော်သည်မပျက်မစီး၊ အာဏာစက်တော်လည်းကာလအစဉ်တည်မြဲ၏။
27 ဒံယေလကို ခြင်္သေ့ဘေးမှကယ်လွှတ်တော်မူသောဘုရားသခင်သည် ကယ်လွှတ်ဆယ်တင်တော်မူ၍ မိုးမြေ၌ နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာများကို ပြတော်မူသတည်းဟု မိန့်ဆိုလေ၏။
28 ထိုဒံယေလသည် ဒါရိမင်းလက်ထက်၌လည်းကောင်း၊ ပေရသိလူမျိုးကုရုမင်းလက်ထက်၌လည်းကောင်း၊ ကောင်းစားလျက်နေ၏။