8
1 ၎င်းပြင် ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်းတော်တို့ခံစားရကြသော ဘုရားသခင့်ကျေးဇူးတော့်အကြောင်းကို သင်တို့အားသိစေလိုသည်မှာ၊
2 ထိုသူတို့သည် စုံစမ်းသောဒုက္ခပြင်းစွာခံရလျက်ပင် များစွာရွှင်လန်းခြင်းနှင့် ဆင်းရဲနွမ်းပါးခြင်းအဖြစ်မှ ရက်ရောသော စိတ်စေတနာပေါ်ထွက်လေ၏။
3-4 ထိုသူတို့သည် တတ်အားသမျှမက တတ်အားသည်ထက် သီးသန့်ထားတော်မူသူတို့အား ထောက်ပံ့မှုပြုရာတွင် ဆက်ဆံခွင့်ကျေးဇူးကို ငါတို့ထံအလိုအလျောက် အထပ်ထပ်ကန်တော့တောင်းပန်ကြကြောင်း ငါသက်သေခံ၏။
5 ထိုသို့ပြုကြသည်မှာလည်း ငါတို့အောက်မေ့သည့်အတိုင်းမက ဘုရားသခင့်အလိုတော်အလျောက် အရှင်ဘုရားနှင့်ငါတို့အား ကိုယ်ကိုဦးစွာလွှဲအပ်ကြ၏။
6 သို့ဖြစ်၍ငါတို့သည် ထိုသင်္ဂဟဝတ်ကို အထက်ကလက်စပြုသူတိတုအား သင်တို့ဘောင်တွင် အပြီးသတ်စေမည့်အကြောင်းနှိုးဆော်ကြ၏။
7 ၎င်းပြင်သင်တို့သည် ယုံကြည်ခြင်း၊ ဟောပြောခြင်း၊ ထိုးထွင်းခြင်း၊ စိတ်အားကြီးခြင်း၊ ငါတို့နှင့်အချစ်တူခြင်းမှစသော အရာရာ၌ကြွယ်ဝသည့်နည်းတူ ဆိုခဲ့သောသင်္ဂဟဝတ်နှင့်စပ်၍လည်း ကြွယ်ဝကြလော့။
8 ထိုသို့ဆိုသော် ငါပညတ်ထားသည်မဟုတ်၊ အခြားသူတို့၏ စိတ်အားကြီးခြင်းကိုထောက်လျက် သင်တို့၌ မေတ္တာစင်စစ်ရှိကြောင်း ထင်ရှားစေလို၍ ပြောဆို၏။
9 ငါတို့အရှင် ယေရှုခရစ်၏ကျေးဇူးတော်ကို သင်တို့သိကြသည့်အတိုင်း ကိုယ်တော်သည် ကြွယ်ဝသော်လည်း ဆင်းရဲခံတော်မူခြင်းအားဖြင့် သင်တို့ကိုကြွယ်ဝစေရန် သင်တို့အတွက်ဆင်းရဲသောအဖြစ်ကို ယူတော်မူ၏။
10 အထက်ဆိုရာ၌ ယမန်နှစ်ကဦးစွာထောက်ပံ့သည်သာမက ထောက်ပံ့မည့်ဆန္ဒရှိသောသင်တို့နှင့် သင့်လျော်သည့်အတိုင်း အကြံကိုသာငါပေး၏။
11 ယခုမူကား စေတနာဆန္ဒရှိရင်းအလျောက် တတ်နိုင်သမျှစုံလင်စွာ အပြီးသတ်ထောက်ပံ့ကြလော့။
12 အကယ်၍ စေတနာရှိလျှင် မတတ်နိုင်ရာကိုမထောက်ဘဲ တတ်နိုင်ရာကိုထောက်၍ လက်ခံတော်မူ၏။
13 ထိုသို့ဆိုသော် သူတစ်ထူးတို့ချမ်းသာ၍ သင်တို့ဆင်းရဲစေရန်ဆိုသည်မဟုတ်။
14 သာနာညီမျှဖြစ်သည့်အလျောက် နောင်သူတစ်ထူးတို့ကြွယ်ဝခြင်းကြောင့် သင်တို့ဆင်းရဲခြင်း သက်သာရစေခြင်းငှာ ယခုအခါတွင်သင်တို့ကြွယ်ဝခြင်းကြောင့် သူတစ်ထူးတို့ဆင်းရဲခြင်းသက်သာသဖြင့်၊
15 များသောသူ၌မပို နည်းသောသူ၌လည်းမလိုဟူသောကျမ်းချက်အရ သာနာညီမျှဖြစ်စေရန်တည်း။
16 သင်တို့နှင့်စပ်၍ ငါစိတ်အားကြီးခြင်းနှင့်အမျှ တိတုအားပေးသနားတော်မူသော ဘုရားသခင်ကျေးဇူးတော်သည် ကြီးလှပေ၏။
17 သူသည် ငါတို့နှိုးဆော်ခြင်းကိုခံယူသည်သာမက စိတ်ရင်းအားကြီးသည့်အတိုင်း အလိုအလျောက်သင်တို့ထံပြန်သွားရာ သတင်းတော်မြတ်ကိုဟောပြောမှုကြောင့်၊
18 ခပ်သိမ်းသောအသင်းတော်တို့ ချီးမွမ်းသူ၊
19 အရှင်ဘုရား၏ဘုန်းတော်နှင့် ငါတို့စေတနာထင်ရှားမည့်ဤသင်္ဂဟဝတ်ကို အတူဆောင်ရွက်ခြင်းငှာ ငါတို့ခရီးသွားဖော်အဖြစ် အသင်းတော်တို့ခန့်ထားသူညီအစ်ကိုကိုလည်း တိတုနှင့်တကွ ငါတို့လွှတ်လိုက်ကြ၏။
20-21 ထိုသို့ငါတို့သည် ထာဝရဘုရားမျက်မှောက်တော်တွင်သာမက လူတို့ရှေ့လည်းသင့်လျော်စွာပြုမူကြံစည်လေ့ရှိသည်နှင့်အညီ ထိုသင်္ဂဟဝတ်ကိုဆောင်ရွက်မှုနှင့်စပ်၍ ငါတို့ကိုမည်သူမျှအပြစ်တင်ခွင့်မရှိစေရန် ဂရုပြုကြ၏။
22 ထိုသူတို့နှင့်တကွ အရာရာတွင်အကြိမ်ကြိမ် ငါတို့ရှေ့စိတ်အားကြီးခြင်းလက္ခဏာပြသည့်ပြင် သင်တို့နှင့်စပ်၍လုံးလုံးစိတ်ချသည့်အလျောက် ယခုအကြိမ်အထူးစိတ်အားကြီးသောညီအစ်ကိုကိုလည်း ငါတို့လွှတ်လိုက်ကြ၏။
23 တိတုမှာ ငါ့အပေါင်းအဖော်၊ သင်တို့အဖို့ငါ့လုပ်ဖော်ဆောင်ဘက်ဖြစ်၏။ ဆိုခဲ့သည့်ညီအစ်ကိုတို့မှာ ခရစ်တော်၏ ကြက်သရေဆောင် အသင်းတော်တို့တမန်များဖြစ်ကြ၏။
24 သို့ဖြစ်၍ အသင်းတော်တို့ရှေ့သင်တို့ချစ်ခြင်းလက္ခဏာ၊ ငါတို့ဂုဏ်တင်ရာဂုဏ်တင်ကြောင်း လက္ခဏာများကို သူတို့အားပြကြလော့။