13
တတိယကြိမ် သင်တို့ထံငါရောက်လာသည်မှာ သက်သေခံနှစ်ဦးသုံးဦးထွက်ဆိုက ပြစ်မှုရှိသမျှတည်စေမည်။ 2-3 ပြစ်မှားမြဲပြစ်မှားသူတို့မှစ၍ ကြွင်းသူတို့အား ဒုတိယအကြိမ်ငါရှိစဉ်အခါ ပြောဆိုခဲ့သည့်အတိုင်း ငါ့အားဖြင့် ခရစ်တော်မိန့်ဆိုတော်မူကြောင်းသက်သေကို သင်တို့ရှာကြသည်ဖြစ်၍ ယခုကွဲကွာလျက်ရှိစဉ်ဆိုဦးမည်မှာ ငါပြန်ရောက်လျှင် ညှာမည်မဟုတ်။ ထိုအရှင်သည်သင်တို့နှင့်စပ်၍ အားမနည်းဘဲ သင်တို့ဘောင်တွင်တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ အားနည်းခြင်းအဖြစ်ကြောင့် ကားတင်ခံသည်မှန်သော်လည်း ဘုရားသခင့်တန်ခိုးတော်ကြောင့် အသက်ရှင်လျက်ရှိတော်မူသည့်နည်းတူ ကိုယ်တော်၌အားနည်းသောငါတို့လည်း ဘုရားသခင့်တန်ခိုးတော်ကြောင့် ကိုယ်တော်ကဲ့သို့သင်တို့နှင့်စပ်၍ အသက်ပြည့်စုံရကြလိမ့်မည်။ သင်တို့သည် ယုံကြည်ခြင်းတရား၌တည်၊ မတည်ကိုယ်ကိုစုံစမ်းလျက်စံချကြလော့။ စံတော်မမှီသူများမဟုတ်ခဲ့လျှင် သင်တို့၌ယေရှုခရစ်တည်တော်မူကြောင်း ကိုယ်တိုင်မသိကြလော။ ငါတို့မူကား စံတော်မမှီသူများမဟုတ်ကြောင်း သင်တို့သိကြလိမ့်မည်ဟု ငါအောက်မေ့၏။ အဆိုးကိုသင်တို့မပြုရမည့်အကြောင်း ဘုရားသခင့်ထံငါတို့ပတ္ထနာပြုကြသည်မှာ ငါတို့သည်စံတော်မီကြောင်း ထင်ရှားစေရန်မဟုတ်၊ စံတော်မမီဟန်ရှိလျက်ပင် သင်တို့သည်ပါရမီဖြည့်ကြစေရန်တည်း။ ငါတို့သည် သမ္မာတရားကိုဆန့်ကျင်လျက် မည်သည်ကိုမျှမပြုနိုင်။ သမ္မာတရားအဖို့သာပြုခွင့်ရှိကြ၏။ သို့နှင့်အညီငါတို့သည် အားနည်းသော်လည်း သင်တို့အားကြီးသော်ရွှင်လန်းကြ၏။ သင်တို့၌စုံလင်ခြင်းရှိစေရန်လည်း ငါတို့ပတ္ထနာပြုကြ၏။ 10 ထိုအကြောင်းကြောင့် ဖြိုလဲရန်မဟုတ်။ တည်ဆောက်ရန် အရှင်ဘုရားသနားတော်မူသော အခွင့်အာဏာအလျောက် ငါရောက်လာသော် ကြပ်တည်းစွာမပြုရစေခြင်းငှာ ယခုကွဲကွာလျက်ရှိစဉ် ဤသို့ရေးလိုက်၏။
 
11 အဆုံးစကားမှာ ညီအစ်ကိုတို့၊ ကျန်းမာကြစေသော ပဲ့ပြင်ခြင်း၊ နှိုးဆော်ခြင်းခံကြလော့။ သဘောတစ်မျိုးတည်းနှင့်ငြိမ်သက်စွာနေကြလော့။ သို့ပြုလျှင် ချစ်ခြင်း၊ ငြိမ်သက်ခြင်းအရှင်ဘုရားသခင်သည် သင်တို့နှင့်အတူတည်နေတော်မူလိမ့်မည်။ 12 တစ်ယောက်ကိုတစ်ယောက် သန့်ရှင်းစွာနမ်းရှုပ်လျက် နှုတ်ဆက်ကြလော့။ 13 သီးသန့်ထားတော်မူသူရှိသမျှက သင်တို့ကိုနှုတ်ဆက်လိုက်ကြ၏။
14 အရှင်ယေရှုခရစ်၏ကျေးဇူးတော်၊ ဘုရားသခင်၏မေတ္တာတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်သဟာယတော်သည် သင်တို့ရှိသမျှနှင့်အတူ တည်ပါစေသော။