2
1 ညီအစ်ကိုတို့၊ ငါလည်းသင်တို့ထံရောက်လာသည့်ကာလ ဘုရားသခင့်အကြောင်းသက်သေကို လွန်ကဲသောနှုတ်သတ္တိ၊ ဉာဏ်သတ္တိဖြင့်ကြားပြောလျက် ရောက်လာသည်မဟုတ်။
2 ယေရှုခရစ်သာမက ကားတင်ခံတော်မူပြီးသောယေရှုခရစ်အကြောင်းပြင် မည်သည်ကိုမျှမသိမမှတ်ဘဲ၊ သင်တို့ဘောင်တွင်နေမည်ဟု စိတ်ပြဌာန်းသည်နှင့်အညီ၊
3 ငါသည်အားနည်းလျက်၊ ကြောက်ရွံ့လျက်၊ များစွာတုန်လှုပ်လျက်၊ သင်တို့နှင့်ရှိနေရာ သင်တို့ယုံကြည်ခြင်းမှာ၊
4-5 လူ့ပညာ၌မတည်။ ဘုရားသခင်၏တန်ခိုးတော်၌ တည်စေခြင်းငှာ ဉာဏ်ပညာယှဉ်သော သွေးဆောင်ခြင်းစကားဖြင့်မဟုတ်။ တန်ခိုးကြီးစွာ ဝိညာဉ်တော်သက်သေပေးတော်မူသည့်အလျောက် ကြော်ငြာဟောပြောခဲ့၏။
6 သို့ရာတွင် စုံလင်ရာရောက်သူတို့ဘောင်၌ ဉာဏ်ပညာယှဉ်သောစကားကို ငါတို့ပြောဆိုတတ်၏။ ထိုသို့ဆိုသော် ယခုကာလဉာဏ်ပညာမဟုတ်။ ပပျောက်ဆဲဖြစ်သောယခုကာလမင်းတို့၏ ဉာဏ်ပညာလည်းမဟုတ်။
7 ငါတို့ဘုန်းအသရေဖြစ်စေရန် ဘုရားသခင်တင်ရင်စီမံလျက် ဝှက်ထားတော်မူခဲ့ရာနက်နဲသော ဘုရားသခင့်ပညာတော်ကို ေဖာ်ပြကြ၏။
8 ထိုပညာကို ယခုကာလမင်းတစ်ပါးမျှမသိ။ အကယ်၍သိခဲ့လျှင် ဘုန်းကြီးတော်မူသောအရှင်ကို ကားမတင်ဘဲနေကြလေပြီ။
9 ကျမ်းချက်အရ ဘုရားသခင်ကိုချစ်ကြည်မြတ်နိုးသူတို့အဖို့ ပြင်ဆင်တော်မူသောအရာ၊ လူ့မျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်ဖြင့်မထင်စဘူးသောအရာများဖြစ်သော်လည်း၊
10 ဘုရားသခင်၏ နက်နဲရာများတိုင်အောင် အရာခပ်သိမ်းကို ဝိညာဥ်တော်စီစစ်တော်မူသည့်အလျောက် ဆိုခဲ့သည့်အရာများကို ငါတို့အားဝိညာဥ်တော်ဖြင့် ဘုရားသခင်ဖွင့်ပြတော်မူ၏။
11 လူ၏အဇ္စျတ္တအကြောင်းအရာများကို သူ၌ရှိသောဝိညာဥ်မှတစ်ပါး မည်သူမျှမသိသည့်နည်းတူ ဘုရားသခင်၏ အဇ္စျတ္တအကြောင်းအရာများကို ဘုရားသခင့်ဝိညာဉ်တော်မှတစ်ပါးမည်သူမျှမသိ။
12 ငါတို့မှာမူ ဘုရားသခင်သနားတော်မူသောဆုတော်များကို သိမှတ်ခွင့်ရှိစေရန် ဤလောကဆိုင်ရာ ဝိညာဉ်ကိုမဟုတ်။ ဘုရားသခင့်အထံတော်မှ သက်ရောက်သောဝိညာဥ်တော်ကိုခံရကြ၏။
13 ထိုဆုတော်များအကြောင်းငါတို့ပြောဆိုရာ လူ့ပညာသွန်သင်သည့်အလျောက်မဟုတ်။ ဝိညာဉ်တော်သွန်သင်သည့်အလျောက်ကြားပြောလျက် ဝိညာဉ်ဆိုင်ရာများကိုဝိညာဉ်သက်ဝင်သူတို့နှင့် စေ့ဆော်တတ်ကြ၏။
14 ဘုရားသခင့်ဝိညာဉ်တော်ဆိုင်ရာများကို ဝိညာဉ်အားဖြင့်သာစီစစ်သိမြင်ခွင့်ရှိသောကြောင့် ပြကတေ့လူသည်လက်မခံ၊ မသိမမြင်နိုင်ဘဲ အမိုက်ဟုထင်မှတ်တတ်၏။
15 ဝိညာဉ်သက်ဝင်သူမူကား အရာရာကိုစီစစ်သိမြင်လျက် မည်သူ့ထံမျှအစီအစစ်မခံရာ။
16 ထာဝရဘုရား၏ဉာဏ်တော်ကိုသိလျက် ကိုယ်တော်အားသွန်သင်သူကားမည်သူနည်း။ ငါတို့၌ပင် ခရစ်တော်၏ ဉာဏ်တော်ရှိ၏။