14
ချစ်ခြင်းမေတ္တာကိုလိုက်ရှာကြလော့။ ဝိညာဉ်တော့်ဆုကျေးဇူးများကို စွဲလမ်းရာတွင်လည်း ဟောပြောခွင့်ကိုအထူးစွဲလမ်းကြလော့။ အသို့ဆိုသော် ဘာသာစကားထူးပြောဆိုသူသည် မည်သူမျှနားမလည်ဘဲ စိတ်မနောဖြင့်နက်နဲရာများကို ပြောဆိုသည့်အလျောက် လူတို့အားမဟုတ်၊ ဘုရားသခင်အားလျှောက်ဆို၏။ ဟောပြောသူမူကား လူတို့အားဆောက်တည်ခြင်း၊ နှိုးဆော်ခြင်း၊ နှစ်သိမ့်ခြင်းစကားများကိုပြောဆို၏။ ဘာသာစကားထူးပြောဆိုသူသည် ကိုယ်ကိုဆောက်တည်၏။ ဟောပြောသူမူကား အသင်းတော်ကိုဆောက်တည်၏။ ငါသည် သင်တို့ရှိသမျှကို ဘာသာစကားထူးပြောဆိုခွင့်ရစေလိုသော်လည်း ဟောပြောခွင့်ကို အထူးသဖြင့်ရစေလို၏။ အသင်းတော်ကိုဆောက်တည်ခြင်းငှာ အဓိပ္ပါယ်ကိုမဖော်ပြနိုင်ဘဲ ဘာသာစကားထူးပြောဆိုသူထက် ဟောပြောသူသည်ကြီးမြတ်၏။ သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့ထံငါရောက်လာသော်လည်း ဗျာဒိတ်တော်ချက်၊ အသိပညာချက်၊ ဟောပြောချက်၊ သင်ကြားချက်ကို မဆင့်ဆိုဘဲ၊ ဘာသာစကားထူးကိုသာ ပြောဆိုလိုလျှင် မည်သည့်အကျိုးရှိကြအံ့နည်း။ သက်မဲ့စောင်းပြွေများအသံပေးသော်လည်း သံနေသံထားမရှိလျှင်၊ တီးမှုတ်သံကိုမည်သို့နားလည်ကြအံ့နည်း။ တံပိုးသည် မပီသသောအသံကိုပေးလျှင် မည်သူစစ်တိုက်ရန်ပြင်အံ့နည်း။ ထိုနည်းတူသင်တို့လည်း ကွဲပြားစွာမမြွက်ဆိုလျှင် လေအားပြောလိုက်သကဲ့သို့ရှိနေသောကြောင့် သူတစ်ပါးတို့မည်သို့နားလည်ကြအံ့နည်း။ 10 ဤလောကတွင် ထိုထိုမျှလောက်ရှိသောဘာသာစကားမျိုးအနက် အဓိပ္ပာယ်ကင်းလျက် တစ်မျိုးမျှမရှိသော်လည်း ဘာသာစကားအဓိပ္ပါယ်ကိုငါမသိလျှင်၊ 11 ပြောဆိုသူသည်ငါ့ကိုလူရိုင်း၊ ငါလည်းပြောဆိုသူကိုလူရိုင်းသဖွယ် မှတ်လိမ့်မည်။ 12 ထိုနည်းတူသင်တို့လည်း စိတ်မနောဆုကျေးဇူးများကို စွဲလမ်းကြသည့်အလျောက် အသင်းတော်ကိုဆောက်တည်လိုသမျှ အပြည့်အစုံရခြင်းငှာ လိုက်ရှာကြလော့။ 13 ထိုကြောင့် ဘာသာစကားထူးပြောဆိုခွင့်ရသူသည် အဓိပ္ပာယ်ဖော်ပြခွင့်ရရန်တောင်းလျှောက်စေ။ 14 ဘာသာစကားထူးဖြင့် ငါတောင်းလျှောက်သော် စိတ်မနောနှင့်တောင်းလျှောက်သော်လည်း ဉာဏ်မူကား အကျိုးပေးသည်မဟုတ်။ 15 သို့ဖြစ်လျှင် မည်သို့နည်း။ ငါသည်စိတ်မနောဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်းတောင်းလျှောက်ခြင်း၊ စိတ်မနောဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်လည်းကောင်းကျူးဧခြင်းကိုပြုမည်။ 16 စိတ်မနောဖြင့် သင်သြဘာဆက်လျှင်မူကား ထိုသို့ချီးမွမ်းခြင်းကို တပည့်ဖြစ်ရုံမျှရှိနေသူသည် နားမလည်သောကြောင့် အာမင်ဟု မည်သို့ဝန်ခံနိုင်အံ့နည်း။ 17 သင်သည် ကျေးဇူးတော်ကိုသင့်လျော်စွာချီးမွမ်းသည်မှန်စေဦး၊ ထိုသူသည်တည်ဆောက်ခွင့်မရချေ။ 18 ငါသည်သင်တို့ရှိသမျှထက် ဘာသာစကားထူးပြောဆိုခွင့်ရသည့်အတွက် ဘုရားသခင့်ကျေးဇူးတော်ကြီးလှ၏။ 19 သို့သော်လည်း အစည်းအဝေးတော်တွင် ဘာသာစကားထူး ခွန်းပေါင်းတစ်သောင်းပြောဆိုရသည်ထက် သူတစ်ပါးတို့အားသွန်သင်ရန်စကားငါးခွန်းကို ဉာဏ်ဖြင့်ပြောဆိုရလို၏။
20 ညီအစ်ကိုတို့၊ ဉာဏ်အရာ၌သူငယ်မဖြစ်ကြနှင့်။ ယုတ်မာခြင်းအရာ၌ သူငယ်နုဖြစ်ကြလော့။ ဉာဏ်အရာ၌မူကား အရွယ်ရောက်သူဖြစ်ကြလော့။ 21 အခြားသောဘာသာနှင့် စကားရိုင်းကိုသုံးသူတို့ဖြင့် ဤလူမျိုးအားငါမိန့်ဆိုသော်လည်း သူတို့နားထောင်ကြမည်မဟုတ်ကြောင်း ထာဝရဘုရားဗျာဒိတ်တော်ရှိသည်ဟု ပညတ္တိကျမ်းလာရှိသည်နှင့်အညီ၊ 22 ဘာသာစကားထူးသည် ယုံကြည်သူတို့အဖို့မဟုတ်၊ မယုံကြည်သူတို့အဖို့နိမိတ်လက္ခဏာ၊ ဟောပြောခြင်းမူကား မယုံကြည်သူတို့အဖို့မဟုတ်၊ ယုံကြည်သူတို့အဖို့နိမိတ်လက္ခဏာဖြစ်၏။ 23 သို့ဖြစ်၍ ပရိသတ်လုံးစည်ဝေးစုရုံး၍ ရှိသမျှသည်ဘာသာစကားထူးပြောဆိုလျက်ရှိနေကြရာ ဓမ္မကိုမသိသူတို့သော်လည်းကောင်း၊ မယုံကြည်သူတို့သော်လည်းကောင်းဝင်မိလျှင် နတ်ပူးသည်ဟု ဆိုကြမည်မဟုတ်လော။ 24 ရှိသမျှသည် ဟောပြောလျက်နေကြရာ မယုံကြည်သူသော်လည်းကောင်း၊ မသိသူသော်လည်းကောင်းဝင်မိလျှင် ရှိသမျှတို့ကြောင့် အပြစ်ပေါ်ရာ၊ စီရင်ရာရောက်သည့်အလျောက်။ 25 ဝှက်ထားသောစိတ်အကြံအစည်များထင်ရှားသဖြင့် သင်တို့တွင် ဘုရားသခင်မုချတည်တော်မူသည်ဟု ဝန်ခံလျက် ဘုရားသခင်အားပျပ်ဝပ်ရှိခိုးလိမ့်မည်။
26 သို့ဖြစ်လျှင် ညီအစ်ကိုတို့၊ မည်သို့နည်း။ သင်တို့စည်းဝေးကြသောအခါ အသီးအသီးတို့သည် ကျူးဧချက်၊ သင်ကြားချက်၊ ဗျာဒိတ်ချက်၊ ဘာသာစကားထူးပြောဆိုချက်၊ အဓိပ္ပာယ်ဖော်ပြချက်ကိုခံရသည့်အလျောက် အရာရာကိုဆောက်တည်ခြင်းအလို့ငှာ ပြုကြလော့။ 27 ဘာသာစကားထူးပြောဆိုသူရှိလျှင် အလှည့်ကျအတိုင်းနှစ်ဦးဖြစ်စေ၊ အများဆုံးဆိုသော်သုံးဦးဖြစ်စေ ပြောဆိုလျက် တစ်ဦးကအဓိပ္ပာယ်ဖော်ပြစေ။ 28 ဖော်ပြသူမရှိလျှင်ကိုယ်စိတ်နှင့်လည်းကောင်း၊ ဘုရားသခင်နှင့်လည်းကောင်းတိုင်ပင်လျက် အစည်းအဝေးတော်တွင် ဆိတ်ဆိတ်နေကြစေ။ 29 ဟောပြောသူတို့လည်း နှစ်ဦးဖြစ်စေ၊ သုံးဦးဖြစ်စေဟောပြောလျက် အခြားသူတို့ပိုင်းခြားဆင်ခြင်ကြစေ။ 30 သို့ရာတွင် ထိုင်နေသူတစ်ဦးဦးသည်ဗျာဒိတ်ခံရလျှင် ပထမသူဆိတ်ဆိတ်နေစေ။ 31 အသို့ဆိုသော်ပရိသတ်လုံးသင်ကြားခြင်း၊ နှိုးဆော်ခြင်းခံရစေရန် သင်တို့ရှိသမျှသည် တစ်ဦးနောက်တစ်ဦး ဟောပြောဉာဏ်ရှိကြသည့်ပြင် ဟောပြောခွင့်ရရှိသူတို့သည်၊ 32 ဆိုင်ရာဝိညာဥ်များကို အုပ်ချုပ်နိုင်ကြ၏။ 33 တပည့်တော်တို့၊ အစည်းအဝေးခပ်သိမ်းတွင်ရှိသည့်နည်းတူ ဘုရားသခင်သည် ဘက်ပြိုင်ခြင်းအရှင်မဟုတ်။ ငြိမ်သက်ခြင်းအရှင်ဖြစ်တော်မူ၏။
34 မိန်းမတို့မှာမူ ပညတ်တရားတော်ညွှန်ပြသည့်အတိုင်း အအုပ်အချုပ်အောက်နေလျက် အစည်းအဝေးတော်များတွင်ပြောဆိုသောအခွင့်မရှိဘဲ ဆိတ်ဆိတ်နေကြစေ။ 35 အစည်းအဝေးတော်တွင် ပြောဆိုခြင်းမသင့်သောကြောင့် တစ်စုံတစ်ရာသိလိုလျှင် အိမ်တွင်လင်ကိုမေးမြန်းကြစေ။ 36 ဘုရားသခင်၏တရားတော်သည် သင်တို့ထံမှထွက်လာသလော။ သင်တို့ထံသို့သာရောက်လာသလော။
37 မည်သူမဆို ကိုယ်ကိုဟောပြောခွင့်ရသူ၊ ဝိညာဉ်တော်ဆုကျေးဇူးရသူဖြစ်သည်ဟု ထင်မှတ်လျှင် ငါရေးလိုက်သောအကြောင်းအရာများသည် အရှင်ဘုရား၏ပညတ်တော်ဖြစ်ကြောင်း သိမှတ်ပါစေ။ 38 မသိမမှတ်သူမူကား မသိဘဲနေစေ။
39 ထိုကြောင့် ညီအစ်ကိုတို့၊ ဘာသာစကားထူးပြောဆိုခွင့်ကိုမကန့်ကွက်ဘဲ ဟောပြောခွင့်စွဲလမ်းလျက်၊ 40 အရာရာကို သင့်လျော်သေဝပ်စွာပြုကြလော့။