12
1 ညီအစ်ကိုတို့၊ ဝိညာဉ်တော့်ဆုကျေးဇူးများအကြောင်း သင်တိုမသိဘဲမနေစေလို။
2 သင်တို့သည်သာသနာပဖြစ်စဉ်က သွေးဆောင်လေရာရာခံရသည့်အတိုင်း စကားမပြောနိုင်သောရုပ်ပွားများနောက်လိုက်သွားကြောင်းကို ကိုယ်တိုင်သိမှတ်ကြ၏။
3 သို့ဖြစ်၍ငါသိမြင်နားလည်စေလိုသည်မှာ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်ပြောဆိုသူက ယေရှုသည် အမင်္ဂလာရှိကြောင်းမဆိုတတ်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်မပြောဆိုသူက ယေရှုသည်အရှင်ဖြစ်ကြောင်း ဝန်မခံနိုင်။
4 ဆုကျေးဇူးတော်များခြားနားသော်လည်း ဝိညာဉ်တော်တစ်ဆူ၊
5 ဆောင်ရွက်မှုများခြားနားသော်လည်း အရှင်တစ်ဆူ၊
6 အကျိုးဆက်များခြားနားသော်လည်း ရှိသမျှတို့၌အမျိုးမျိုးပြုပြင်တော်မူသော ဘုရားတစ်ဆူတည်း ရှိတော်မူသည့်အတိုင်း၊
7 အသီးအသီးတို့သည် အကျိုးရှိစေရန် ဝိညာဉ်တော်ကိုဖော်ပြခွင့်ခံရကြ၏။
8 အသို့ဆိုသော် တစ်ဦးကား ဝိညာဉ်တော်အားဖြင့်ဥာဏ်ပညာစကားကိုလည်းကောင်း၊
9 တစ်ဦးကား ထိုဝိညာဉ်တော်အတိုင်းအသိပညာစကားကိုလည်းကောင်း၊ တစ်ဦးကားထို၀ိညာဥ်တော်ကြောင့်ယုံကြည်ခွင့်ကိုလည်းကောင်း၊ တစ်ဦးကားတစ်ဆူတည်းသောထို ၀ိညာဥ်တော်ကြောင့်ကုသခွင့်ဆုကျေးဇူးကိုလည်းကောင်း၊
10 တစ်ဦးကားအမှုကြီးများပြုခွင့်ကိုလည်းကောင်း၊ တစ်ဦးကားဟောပြောခွင့်ကိုလည်းကောင်း၊ တစ်ဦးကားနတ်၀ိညာဥ်များ ပိုင်းခြားသိမြင်ခွင့်ကိုလည်းကောင်း၊ တစ်ဦးကားဘာသာစကားထူးပြောဆိုခွင့်ကိုလည်းကောင်း၊ တစ်ဦးကားထိုအဓိပ္ပါယ်ကို ဖော်ပြခွင့်ကိုလည်းကောင်းခံကြရာ၊
11 ထိုအကျိုးဆက်များသည် အသီးအသီးတို့အား အလိုတော်အလျောက်ဝေမျှတော်မူသော ထိုဝိညာဉ်တော် တစ်ဆူတည်းအားဖြင့်ဖြစ်ပွားလေသတည်း။
12 တစ်ကိုယ်တည်း၌အင်္ဂါများရှိရာ ထိုအများဖြစ်သောအင်္ဂါအပေါင်းသည် တစ်ကိုယ်တည်းဖြစ်သည့်နည်းတူ ခရစ်တော်လည်းဖြစ်တော်မူ၏။
13 အသို့ဆိုသော် ယုဒလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ဆူတည်းအားဖြင့် တစ်ကိုယ်တည်းထဲသို့ဗတ္တိဇံမင်္ဂလာခံရလျက် တစ်ဆူတည်းသောဝိညာဉ်တော်အမြိုက်ကို သောက်ရကြ၏။
14 ကိုယ်ခန္ဓာ၌ အင်္ဂါတစ်ခုတည်းသာမဟုတ်။ အများရှိရာ၊
15 ခြေက ငါသည်လက်မဟုတ်၍ ကိုယ်နှင့်မဆိုင်ဟုဆိုစေဦး၊ မဆိုင်သည်မဟုတ်။
16 နားကလည်း ငါသည်မျက်စိမဟုတ်၍ ကိုယ်နှင့်မဆိုင်ဟုဆိုစေဦး၊ မဆိုင်သည်မဟုတ်။
17 တစ်ကိုယ်လုံးသည်စက္ခုဖြစ်လျှင် သဒ္ဒါရုံအဘယ်မှာနည်း။ တစ်ကိုယ်လုံးသည်သောတဖြစ်လျှင် ဂန္ဓာရုံအဘယ်မှာနည်း။
18 သို့ရာတွင် ဘုရားသခင်သည်အလိုတော်အလျောက် ကိုယ်ခန္ဓာတွင်အင်္ဂါအသီးအသီးကို ထားတော်မူပြီ။
19 အင်္ဂါရှိသမျှသည် တစ်မျိုးတည်းဖြစ်လျှင် ကိုယ်ခန္ဓာအဘယ်မှာနည်း။
20 မုချအားဖြင့် အင်္ဂါအများရှိသည်မှန်သော်လည်း တစ်ကိုယ်တည်းဖြစ်၏။
21 သို့ဖြစ်၍ မျက်စိကလက်အား သင့်ကိုငါမလိုဟူ၍သော်လည်းကောင်း၊ ဦးခေါင်းကခြေများအား သင်တို့ကိုငါမလိုဟူ၍သော်လည်းကောင်း မဆိုနိုင်သည့်ပြင်၊
22 အားနည်းခြင်းလက္ခဏာရှိသောအင်္ဂါများသည် အရေးကြီး၏။
23 ငါတို့သည် ကိုယ်ခန္ဓာတွင်ယုတ်သည်ဟုထင်မှတ်သောအင်္ဂါများကို အသရေထူးပေးကြသဖြင့် တင့်တယ်ပြီးအင်္ဂါများ၌ ထပ်၍မတင့်တယ်လိုသော်လည်း မတင့်တယ်သောအင်္ဂါများမှာ တင့်တယ်ခြင်းအထူးရှိတတ်၏။
24-25 ဘုရားသခင်လည်း ကိုယ်ခန္ဓာတွင်ကွဲပြားခြင်းမရှိဘဲ အင်္ဂါများအချင်းချင်းကြောင့်ကြစေရန် ယုတ်သောအင်္ဂါများအား အသရေထူးပေးလျက် ကိုယ်ခန္ဓာကိုစေ့စပ်ပြုပြင်တော်မူလေပြီ။
26 အင်္ဂါတစ်ခုသည်ဒုက္ခရောက်လျှင် အင်္ဂါရှိသမျှလည်းအတူရောက်၏။ အင်္ဂါတစ်ခုသည်ဂုဏ်ရောက်လျင် အင်္ဂါရှိသမျှလည်းအတူရွှင်လန်းရကြ၏။
27 သင်တို့မှာမူ ခရစ်တော်၏ကိုယ်ခန္ဓာတော် အသီးအသီးတို့သည်အင်္ဂါတော်များဖြစ်ကြသည့်အလျောက်။
28 ပထမ တမန်တော်များ၊ ဒုတိယ ပရောဖက်များ၊ တတိယ ဆရာများမှစ၍ အမှုကြီးများပြုခွင့်၊ ကုသခွင့် ထောက်ပံ့ခွင့်၊ အုပ်ချုပ်ခွင့်၊ ဘာသာစကားထူးပြောဆိုခွင့်ရသူတို့ကို အသင်းတော်တွင်ဘုရားသခင် ထားတော်မူပြီ။
29 ရှိသမျှသည်တမန်တော်များ၊ ရှိသမျှသည်ပရောဖက်များ၊ ရှိသမျှသည်ဆရာများဖြစ်ကြသလော။
30 ရှိသမျှသည်အမှုကြီးပြုခွင့်၊ ရှိသမျှသည်ကုသခွင့်၊ ရှိသမျှသည်ဘာသာစကားထူးပြောဆိုခွင့်၊ ရှိသမျှသည် ထိုအဓိပ္ပါယ်ဖော်ပြခွင့်များကို ရကြသလော။
31 သို့ရာတွင် ထူးမြတ်သောဆုကျေးဇူးတော်များကို စွဲလမ်းကြလော့။