26
1 ထိုအခါ ပေါလုအား အဂရိပ္ပမင်းက သင်သည်ကိုယ့်အဖို့ပြောဆိုခွင့်ရှိသည်ဟုဆိုသော် ပေါလုသည်လက်မြှောက်လျက် ထုချေသည်မှာ၊
2-3 အို အဂရိပ္ပဘုရင်မင်းမြတ်၊ ကိုယ်တော်သည်ယုဒလူမျိုးတို့ထုံးနည်း၊ ပြဿနာအရပ်ရပ်ကို အထူးကျွမ်းကျင်သည်ဖြစ်ပါ၍ ထိုလူမျိုးတို့စွဲဆိုသမျှကို ရှေ့တော်တွင်ယနေ့ထုချေရသည့်အတွက် အခွင့်သာသည်ဟု ကျွန်တော်အောက်မေ့ပါသည်။ စိတ်တော်ရှည်လျက် နာယူတော်မူပါ။
4 ကျွန်တော်သည် ယေရုရှလင်မြို့တွင်လည်းေကာင်း၊ အမျိုးသားချင်းတို့တွင်လည်းေကာင်း၊ ငယ်ရွယ်စဉ်ကစ၍ မည်သို့ကျင့်ကြံနေထိုင်ကြောင်း ယုဒလူမျိုးခပ်သိမ်းတို့အသိဖြစ်သည့်အလျောက်၊
5 သက်သေခံလိုလျှင် အမျိုးဘာသာတွင် အကြပ်တည်းဆုံးသောဂိုဏ်းနည်းအလိုက် ဖာရိရှဲအဖြစ်နေခဲ့ကြောင်း သိရင်းဖြစ်ကြပါသည်။
6-7 ယခုမှာ အိုဘုရင်မင်းမြတ်၊ ကျွန်တော်တို့ဘိုးဘေးများအား ဘုရားသခင်ကတိထားတော်မူသည့်အတိုင်း နေ့ညဉ့်မပြတ် လူမျိုးဆယ့်နှစ်နွယ်တို့ စိတ်ပါကိုယ်ရောက်ဝတ်ပြုသဖြင့် ရမည်ဟုေမျှာ်လင့်ကြသောကတိတော်ကို ကျွန်တော်လည်းေမျှာ်လင့်သည့်အတွက် ထိုယုဒလူမျိုးတို့ပင်စွဲဆိုကြသည့်အလျောက် စီရင်ခံလျက်နေရပါသည်။
8 သူသေတို့ကို ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူကြောင်း ယုံနိုင်ဖွယ်မဟုတ်ဟု အဘယ့်ကြောင့် ထင်မှတ်ကြသနည်း။
9 ကျွန်တော်သည် နာဇရက်မြို့သားယေရှု၏နာမနှင့်ဆန့်ကျင်သောအရာများကို ပြုသင့်သည်ဟု ကိုယ်တိုင်ထင်မှတ်ခဲ့သည့်အတိုင်း၊
10 ယေရုရှလင်မြို့တွင်ပြုလျက် ပရောဟိတ်ကြီးတို့ထံမှအခွင့်ရပြီးလျှင် သီးသန့်ထားတော်မူသူအများကို ထောင်ချ၍ သေဒဏ်စီရင်သည့်ကာလ၊ ဆန္ဒပေးသည့်ပြင်၊
11 ဓမ္မာရုံရှိသမျှတွင်လည်း ကြိမ်ဖန်များစွာဒဏ်ပေးသဖြင့် ဘုရားသခင်အားပုတ်ခတ်ကြစေရန် ခိုင်းခဲ့ပါသည်။ သူတို့အပေါ်တွင်အမျက်ဒေါသပြင်းစွာထွက်လျက် နိုင်ငံခြားမြို့ရွာများတိုင်အောင် လိုက်လံညှဉ်းပန်းရာ ပရောဟိတ်ကြီးတို့ထံမှအခွင့်အာဏာရလျက်၊
12 ဒမာသက်မြို့သို့သွားစဉ် ခရီးအကြား မွန်းတည့်အချိန်၊
13 အိုဘုရင်မင်းမြတ်၊ ကျွန်တော်မှစ၍ခရီးသွားဖော်တို့ပတ်လည်တွင် ကောင်းကင်မှ နေရောင်ထက်လွန်ကဲသောအလင်းတောက်ပသည်ကို မြင်ရသဖြင့်၊
14 ရှိသမျှတို့မှောက်လဲကြရာ ဟေဗြဲစကားဖြင့် ရှောလု၊ ရှောလု၊ ငါ့ကိုအဘယ်ကြောင့်ညှဉ်းပန်းသနည်း။ ချွန်းကိုကြောက်ကန်လျှင် ဒုက္ခရောက်လိမ့်တကားဟူသော ဗျာဒိတ်တော်သံကိုကြားလျှင်၊
15 ကျွန်တော်က မည်သူပါမည်နည်းအရှင်ဘုရားဟုမေးလျှောက်သော် အရှင်ဘုရားက ငါကား သင်ညှဉ်းပန်းသောယေရှုပင်တည်း။
16 ခြေစုံထရပ်လော့။ ငါ့ကိုယခုဖူးမြင်ခဲ့ခြင်း၊ နောက်ဖူးမြင်ရခြင်းများနှင့်စပ်၍ သင့်ကို အမှုတော်ဆောင်အဖြစ်၊ သက်သေအဖြစ်ဖြင့်ခန့်ထားခြင်းငှာ ငါထင်ရှားပြီ။
17 ငါသည် သင့်ကိုလူမျိုးတော်နှင့်လူမျိုးခြားတို့ဘောင်တွင် ကွယ်ကာလျက်၊
18 မှောင်မိုက်မှအလင်းတော်သို့လည်းေကာင်း၊ စာတန်၏တန်ခိုးအောက်မှ ဘုရားသခင့်အထံတော်သို့လည်းေကာင်း၊ လှည့်ဝင်ခွင့်အပြစ်ပြေလွတ်ခွင့် ငါ့ကိုယုံကြည်ခြင်းအားဖြင့် သီးသန့်ရာရောက်သူတို့ဘောင်တွင် ပိုင်ခွင့်ရစေခြင်းငှာ၊ ထိုလူမျိုးခြားတို့၏မျက်စိကိုဖွင့်စေရန်စေလွှတ်မည်ဟု ပြန်၍မိန့်တော်မူ၏။
19 ထိုကြောင့်အိုအဂရိပ္ပဘုရင်မင်းမြတ်၊ ကျွန်တော်သည် ကောင်းကင်ရူပါရုံအတိုင်းမလိုက်မနာဘဲမနေ။
20 ဦးစွာ ဒမာသက်မြို့နှင့်ယေရုရှလင်မြို့မှစသောယုဒပြည်တစ်လျှောက်လုံးတွင်လည်းေကာင်း၊ လူမျိုးခြားတို့အားလည်းေကာင်း၊ နောင်တရ၍ ဘုရားသခင့်အထံတော်သို့လှည့်ဝင်ပြီးလျှင် နောင်တရခြင်းနှင့်ထိုက်လျော်သောအကျင့်များကို ပြုမူကြစေရန်ဟောကြားပါသည်။
21 ထိုအကြောင်းကြောင့် ယုဒလူမျိုးတို့သည်ဗိမာန်တော်အတွင်း ကျွန်တော့်ကိုကိုင်ဖမ်း၍ သတ်ရန်ကြိုးစားကြသော်လည်း၊
22-23 ကျွန်တော်မှာမူ ဘုရားသခင့်အထံတော်မှစောင်မတော်မူခြင်းခံရသည့်အလျောက် ခရစ်တော်သည် စီရင်ခံရသည့်ပြင် သူသေတို့ရှင်ပြန်ထမြောက်ခြင်းဖြင့် လူမျိုးတော်မှစ၍ လူမျိုးခြားတို့အား အလင်းတရားဦးစွာကြော်ငြာရသူဖြစ်ကြောင်းတည်း ဟူသောမောရှေနှင့်ပရောဖက်တို့ ဆင့်ဆိုခဲ့ရာအဖြစ်အပျက်များကိုသာ အယုတ်အမြတ်မရွေး ရှိသမျှတို့အား ယနေ့တိုင်အောင်ကြော်ငြာဟောပြောလျက်ခံရပ်ပါသည်ဟု ထုချေလေ၏။
24 ထိုသို့ထုချေသော်၊ ဖေတ္ထုမင်းက အိုပေါလု၊ သင်ရူးပြီ။ အတတ်ကြူး၍ရူးလေပြီဟု ကျယ်သောအသံနှင့်ဆိုရာ၊
25 ပေါလုကအိုဖေတ္ထုမင်းမြတ်၊ ကျွန်တော်မရူးပါ။ အဟုတ်အမှန်ကို ပညာသတိနှင့်ကြားပြောပါသည်။
26 ဤအကြောင်းများကို ဘုရင်မင်းမြတ်လည်းသိကျွမ်းသည့်အလျောက် ရှေ့တော်တွင် ရဲရင့်စွာလျှောက်ဝံ့ပါသည်။ ကွယ်ဝှက်ရာတွင် ဖြစ်ပျက်သည်မဟုတ်သောကြောင့် ဘုရင်မင်းမြတ်မသိသောအရာအလျှင်းမရှိဟု ကျွန်တော်စိတ်ချပါသည်။
27 အိုအဂရိပ္ပဘုရင်မင်းမြတ်၊ ပရောဖက်ကျမ်းများကိုယုံပါသလော။ ယုံတော်မူကြောင်းကျွန်တော်သိပါသည်ဟု လျှောက်သည့်ကာလ၊
28 သင်သည် အနည်းငယ်သောသွေးဆောင်ခြင်းဖြင့် ငါ့ကိုခရစ်ယာန်ဖြစ်စေလိုသည်တကားဟု အဂရိပ္ပမင်းပြန်ဆိုလျှင်၊
29 ပေါလုကအနည်းနှင့်ဖြစ်စေ၊ အများနှင့်ဖြစ်စေ၊ ကိုယ်တော်သာမဟုတ်၊ ယနေ့ကြားနာသမျှသောသူတို့ အားလည်း ဤအချုပ်အနှောင်များကိုမဆိုဘဲ ကျွန်တော်ကဲ့သို့ဖြစ်ခွင့်ကို ဘုရားသခင်သနားတော်မူပါစေသောဟု ပြန်လျှောက်၏။
30 ထိုကာလ ဘုရင်မင်း၊ ဘုရင်ခံမင်း၊ ဗေရနိတ်တို့နှင့်အခြံအရံတို့သည်ထ၍ထွက်သွားပြီးသော်၊
31 ဤသူသည် သေဒဏ်၊ ထောင်ဒဏ်ခံထိုက်သောအမှုကိုပြုသည်မဟုတ်ဟု အချင်းချင်းတိုင်ပင်ကြပြီးမှ၊
32 ဖေတ္ထုမင်းအား ကဲသာမင်းထံ အယူတော်ခံမည်မဟုတ်ခဲ့လျှင် လွှတ်သင့်ပြီဟု အဂရိပ္ပမင်းဆိုလေ၏။