24
1 ထိုနောက်ငါးရက်ကြာသော် ပရောဟိတ်မင်းအာနနိသည် လူကြီးအချို့နှင့်တကွတေရတုလုဆိုသူ ရှေ့နေပါရောက်၍ ဘုရင်ခံမင်းထံ ပေါလုကိုစွဲဆိုကြ၏။
2-3 ပေါလုကိုခေါ်ပြီးသော် တေရတုလုစွဲဆိုလျှောက်လဲသည်မှာ၊
အိုဖေလဇ်မင်းမြတ်၊ ကျွန်တော်တို့သည်ဘုန်းတော်ကြောင့် ငြိမ်းချမ်းသာယာစွာနေထိုင်ခွင့်ရသည့်ပြင် ဤလူမျိုးတို့၌လည်း ဉာဏ်တော်ဖြင့်ပြည်မှုပြည်ရေးစီမံတော်မူသည့်အလျောက် အရပ်ရပ်တွင် အနည်းနည်းအပုံပုံကျေးဇူးတော်ကိုသိလျက် ဝန်ခံကြပါသည်။
4 ညီးငွေ့တော်မူမည်စိုး၍ အချုပ်အားဖြင့်သာလျှောက်လဲကြပါရစေ။ ကျေးဇူးပြုလျက် နာခံတော်မူပါမည့်အကြောင်း အသနားခံပါသည်။
5 ဤသူသည် ဆိုးသွမ်းသူ၊ မြေတစ်ပြင်လုံးရှိယုဒလူမျိုးတို့ဘောင်တွင် သောင်းကျန်းထကြွစေသူ၊ နာဇရက်ဂိုဏ်းသားတို့ဦးဆောင်သူဖြစ်သည်ကို ကျွန်တော်တို့တွေ့မြင်ပါသည်။
6-7 ဗိမာန်တော်ကိုမသန့်အောင်ပြုရာ ကျွန်တော်တို့ကိုင်ဖမ်းကြပါသည်။
8 ကိုယ်တော်တိုင်စစ်ေမးတော်မူလျှင် ကျွန်တော်တို့စွဲချက်များ မှန်မမှန်သိမြင်တော်မူပါလိမ့်မည်ဟု လျှောက်လဲပြီးလျှင်၊
9 ထိုသို့မှန်ကြောင်း ယုဒလူမျိုးတို့ထောက်ခံ၍ လျှောက်လဲကြ၏။
10 ထိုအခါ ထုချေရန်ဘုရင်ခံမင်းမျက်ရိပ်ပြသဖြင့် ပေါလုက ကိုယ်တော်သည် ဤလူမျိုးအပေါ်တွင်နှစ်ရှည်လများ တရားမင်းအဖြစ်နေတော်မူသည်ကို ကျွန်တော်သိသည့်အလျောက် စိတ်ချလျက်ထုချေလျှောက်ထားပါမည်။
11 ကျွန်တော်သည် ယေရုရှလင်မြို့သို့ဘုရားဖူးသွားသည်မှာ ဆယ့်နှစ်ရက်ထက်မကြာသေးကြောင်း ကိုယ်တော်သိနိုင်ပါသည်။
12 ဗိမာန်တော်မှစ၍ဓမ္မာရုံများတွင်လည်းေကာင်း၊ မြို့ထဲတွင်လည်းေကာင်း၊ တစ်ဦးတစ်ယောက်နှင့်ငြင်းခုန်ခြင်း၊ လူစုလူဝေးထကြွစေခြင်းမပြုပါ။ တွေ့လည်းမတွေ့ကြပါ။
13 ယခုစွဲဆိုချက်များမှန်ကြောင်းကိုပင် ကိုယ်တော့်ရှေ့မပြနိုင်ကြပါ။
14-15 သို့ရာတွင်ကျွန်တော်သည် ပညတ္တိကျမ်း၊ ပရောဖက်ကျမ်းများ၌ရေးထားသမျှကိုယုံကြည်လျက် ဤသူတို့စောင့်မြော်ကြသည့်အတိုင်း တရားသူ၊ မတရားသူတို့ရှင်ပြန်ထမြောက်ခြင်းရှိလိမ့်မည်ဟူ၍ ဘုရားသခင်ကို အားကိုးစောင့်မျှော်လျက်ပင် ဂိုဏ်းခွဲဟုသူတို့ခေါ်ကြသော မဂ်လမ်းတော်အလိုက် မိရိုးဖလာဘုရားသခင်အားဝတ်ပြုကြောင်းဝန်ခံပါသည်။
16 သို့ဖြစ်၍ ဘုရားရှေ့လူ့ရှေ့တွင် အခါခပ်သိမ်းအပြစ်ကင်းလွတ်သော သြတ္တပ္ပစိတ်ရှိစေခြင်းငှာ ကြိုးစားအားထုတ်ပါသည်။
17 နှစ်ပေါင်းများစွာကွေကွင်းပြီးနောက် လူမျိုးသားချင်းတို့ထံထောက်ပံ့ပေးကမ်းခြင်းနှင့် ဆက်ကပ်ခြင်းပြုရန်ရောက်လာရာ၊
18 သန့်ခြားပြီးဖြစ်၍ ဗိမာန်တော့်အတွင်းလူထုဆူညံခြင်းကင်းလျက် ထိုသို့ဆက်ကပ်နေသောကျွန်တော့်ကို တွေ့မြင်ခဲ့ကြပါပြီ။
19 အာရှိပြည်ကယုဒလူအချို့ အမှုရှာသည့်အလျောက် ကျွန်တော့်အပေါ်တွင်အပြစ်တင်ရန်ရှိလျှင် ဘုရင်ခံမင်းရှေ့လာရောက်စွဲဆိုသင့်ပါ၏။
20-21 မရောက်မစွဲက သူသေတို့ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့်စပ်၍ သင်တို့ရှေ့ယနေ့ကျွန်ုပ်စီရင်ခံပါသည်ဟု အလယ်တွင်ရပ်တန့်လျက် အော်ဟစ်ခြင်းတစ်ခွန်းမှတစ်ပါး လွှတ်တော်မင်းတို့ရှေ့ရှိနေသည့်အခါ မည်သည့်ပြစ်မှုတွေ့ကြောင်းကို ဤသူတို့ကိုယ်တိုင် လျှောက်ထားကြပါစေဟု ထုချေလေ၏။
22 သို့ရာတွင်ဖေလဇ်မင်းသည် မဂ်လမ်းတော့်အကြောင်းအတော်အတန်နားလည်သဖြင့် ဗိုလ်ချုပ်လုသိရောက်လာမှ သင်တို့အမှုကိုငါစစ်ဦးမည်ဟုဆိုလျက် ရွေ့ဆိုင်းပြီးလျှင်၊
23 ပေါလုအား အဆွေခင်ပွန်းတို့လုပ်ကျွေးမှုကိုမမြစ်တားဘဲ အကျယ်ချုပ်ထားစေဟု တပ်မှူးအား အမိန့်ရှိ၏။
24 နေ့ရက်အတန်ကြာသော်ဖေလဇ်မင်းသည် ယုဒအမျိုးမင်းကတော်ဒရုသိလနှင့်ပြန်လာ၍ ပေါလုကိုခေါ်ပြီးလျှင် ခရစ်တော်ယေရှုအားယုံကြည်ခြင်းတရားအကြောင်း ကြားနာသည့်အခိုက်၊
25 ဖြောင့်မတ်ခြင်း၊ ကိုယ်ကိုချုပ်တည်းခြင်း၊ သင့်ရောက်လတ္တံ့သော တရားစီရင်တော်မူခြင်းများအကြောင်း ပေါလုဆွေးနွေးဟောပြောသော် ဖေလဇ်မင်းထိတ်လန့်၍ ယခုသွားပါတော့၊ အခါအခွင့်ရလျှင်ခေါ်ဦးမည်ဟု ပြန်ဆိုပြီးနောက်၊
26 ပေါလုတံစိုးပေးမည်အောက်မေ့သဖြင့် အကြိမ်ကြိမ်ခေါ်၍ဆွေးနွေးပြောဆို၏။
27 သို့ရာတွင်နှစ်နှစ်စေ့သော် ကိုယ့်ရာထူးကိုပေါကိဖေတ္ထုဆက်ခံရာ ဖေလဇ်မင်းသည် ယုဒလူမျိုးတို့ထံ မျက်နှာရလို၍ ပေါလုကိုအကျဉ်းထားခဲ့၏။