15
1 ထိုအခါ အချို့သောသူတို့သည် ယုဒပြည်မှရောက်လာ၍ ညီအစ်ကိုတို့အား သင်တို့သည်မောရှေ၏ထုံးနည်းအတိုင်း လှီးဖြတ်ခြင်းမင်္ဂလာမခံလျှင် ကယ်တင်တော်မူရာသို့မရောက်နိုင်ဟု သွန်သင်ကြရာ၊
2 ပေါလုနှင့် ဗာနဗတို့တစ်ဘက် ဆိုခဲ့သူတို့တစ်ဘက်များစွာဆွေးနွေးငြင်းခုန်ခြင်းဖြစ်ပေါ်သဖြင့် ညီအစ်ကိုတို့သည် ပေါလုနှင့်ဗာနဗကို သူတို့အနက်အချို့ပါ ယေရုရှလင်မြို့ရှိတမန်တော်များဥက္ကဋ္ဌများထံ သွားကြစေရန်စီမံကြ၏။
3 သို့ဖြစ်၍ အသင်းတော်ပို့လိုက်သောထိုသူတို့သည် ဖိနိတ်နယ်၊ ရှမာရိနယ်များကိုဖြတ်လျက် လူမျိုးခြားတို့ပြောင်းလဲခြင်းအကြောင်းကြားပြောကြသဖြင့် ညီအစ်ကိုရှိသမျှတို့ အားရဝမ်းမြောက်ကြ၏။
4 ယေရုရှလင်မြို့သို့ ရောက်ကြပြီးနောက် အသင်းတော်မှစ၍တမန်တော်နှင့် ဥက္ကဋ္ဌတို့လက်ခံကြသည့်ကာလ သူတို့အားဖြင့်ဘုရားသခင်ပြုတော်မူသမျှကို ပြန်ကြားကြရာ၊
5 ဖာရိရှဲဂိုဏ်းသားအနက် ယုံကြည်သူအချို့သည်ထ၍ ထိုသူတို့အားလှီးဖြတ်ခြင်းမင်္ဂလာပေးရမည့်ပြင် မောရှေ၏ပညတ်တရားကိုစောင့်ရှောက်ရန် မှာထားရမည်ဟုဆိုကြ၏။
6 ထိုအကြောင်းကိုစဉ်းစားရန် တမန်တော်တို့နှင့်ဥက္ကဋ္ဌတို့ စည်းဝေးလျက်ရှိကြသည့်ကာလ၊
7 များစွာဆွေးနွေးကြပြီးနောက် ပေတရုထ၍ပြောဆိုသည်မှာ ညီအစ်ကိုတို့၊ သတင်းတော်မြတ်ဆိုင်ရာတရားတော်ကို ငါ့နှုတ်ဖြင့်လူမျိုးခြားတို့ကြားနာ၍ ယုံကြည်ကြစေရန် ဘုရားသခင်သည် သင်တို့အနက် ငါ့ကိုအထက်ကာလရွေးကောက်တော်မူကြောင်း သင်တို့သိကြ၏။
8 စိတ်နှလုံးကိုသိမြင်တော်မူသောဘုရားသခင်သည် ငါတို့နည်းတူသူတို့အားလည်း သန့်ရှင်းသောဝိညာဉ်တော်ကိုပေးသနားတော်မူလျက် သူတို့ဘက်၌သက်သေခံတော်မူသည့်ပြင်၊
9 ယုံကြည်ခြင်းအားဖြင့်သူတို့စိတ်နှလုံးကိုစင်ကြယ်စေသည့်အတိုင်း ငါတို့နှင့်သူတို့ကိုခြားနားစေတော်မမူ။
10 ထို့ကြောင့်ဘိုးဘေးများမှစ၍ ငါတို့လည်းမထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့လည်ပေါ်တွင်တင်လျက် အဘယ့်ကြောင့်ဘုရားသခင်ကိုယခုစုံစမ်းကြသနည်း။
11 ထိုသူတို့နည်းတူပင် ငါတို့သည် အရှင်ယေရှု၏ကျေးဇူးတော်ကြောင့်သာ ကယ်တင်တော်မူခြင်းသို့ ရောက်ရမည့်အကြောင်းယုံကြည်ကြသည်ဟု ပြောဆို၏။
12 ပရိသတ်လုံး ဆိတ်ဆိတ်နေကြရာ ဗာနဗနှင့်ပေါလုတို့လည်း သူတို့အားဖြင့်လူမျိုးခြားတို့ဘောင်တွင် ဘုရားသခင်ပြုတော်မူသမျှနိမိတ်လက္ခဏာများ အံ့ဖွယ်ရာများအကြောင်းပြန်ကြားသည်ကို နားထောင်ကြပြီးလျှင်၊
13 အဆုံး၌ ယာကုပ်က ညီအစ်ကိုတို့၊ ငါ့စကားကိုကြားနာကြကုန်၊
14 ဘုရားသခင်သည် နာမတော်ဖြင့်သမုတ်ခံရမည့်လူစုကို လူမျိုးခြားတို့အနက်ရွေးကောက်ရန် အထက်ကြည့်ရှုတော်မူကြောင်းရှိမုန်ပြန်ကြားလေပြီ။
15 ထိုအကြောင်းနှင့်ညီညွတ်သော ပရောဖက်တို့ကျမ်းချက်မှာ၊
16-17 ထိုနောက်ငါထာဝရဘုရားကို လူအကြွင်းအကျန်ဖြစ်သူနာမတော်ဖြင့် သမုတ်ခံသမျှသောလူမျိုးခြားတို့ရှာ၍တွေ့အံ့သောငှါ ငါသည်ဒါဝိဒ်၏ပြိုလဲခဲ့သောတဲကိုပြုပြင်လျက် ပြိုပျက်ရာကိုလည်းပြုပြင်ထူစိုက်ရန် ပြန်လာမည့်အကြောင်း၊
18 ဖြစ်ပျက်သမျှကို ကာလအတန်ဖော်ပြသော ထာဝရဘုရားမိန့်တော်မူသည်ဟူ၍တည်း။
19 ထို့ကြောင့်ငါ့စီရင်ချက်မှာ လူမျိုးခြားတို့အနက် ဘုရားသခင့်ထံလှည့်ဝင်သူတို့ကိုဒုက္ခမရှာဘဲ၊
20 ရုပ်ပွားများကြောင့်မသန့်ရာရောက်ခြင်း၊ မတရားသောမေထုန်ပြုခြင်း၊ ညှစ်၍သေသောအသား၊ အသွေးပါသောအသားသုံးဆောင်ခြင်းများကို ကြဥ်ရှောင်ကြစေရန် ပညတ်သင့်၏။
21 အသို့ဆိုသော်ရှေးကာလကစ၍ မြို့ရွာခပ်သိမ်းရှိဓမ္မာရုံများတွင် မောရှေ၏ပညတ္တိကျမ်းကို ဥပုသ်နေ့တိုင်းဖတ်ရွတ်ဟောပြောသူများရှိသည်ဟု ပြောဆို၏။
22 ထိုအခါ တမန်တော်များ၊ ဥက္ကဋ္ဌများမှစ၍တစ်သင်းလုံးသည် ပေါလုနှင့်ဗာနဗတို့ပြင် ညီအစ်ကိုတို့တွင် အကြီးအမှူးဖြစ်သူ ဗာရှဗ္ဗခေါ်ယုဒနှင့်သိလတို့ကို အသင်းတော်မှရွေးကောက်၍ အန္တိအုတ်မြို့သို့စေလွှတ်သင့်ကြောင်း သဘောတူကြသည့်အတိုင်း သူတို့လက်ဖြင့်ပေးလိုက်သောစာမှာ၊
23 တမန်တော်နှင့် ဥက္ကဋ္ဌဖြစ်သူညီအစ်ကိုတို့က အန္တိအုတ်မြို့မှစ၍ရှုရိနှင့်ကိလိကိပြည်ရှိ လူမျိုးခြားတို့အနက် ညီအစ်ကိုဖြစ်သူတို့ထံမေတ္တာပို့၍ ကြားလိုက်သည်။
24 ငါတို့ဘောင်မှလူအချို့သည် အခွင့်မရဘဲ သူတို့သွန်သင်ခြင်းအားဖြင့် သင်တို့စိတ်ပျက်အောင် ဒုက္ခရှာကြောင်း၊
25-26 ငါတို့ကြားသိရသဖြင့် ငါတို့အရှင်ယေရှုခရစ်၏နာမတော်အတွက် အသက်စွန့်စားသူ ငါတို့ချစ်လှသောဗာနဗနှင့်ပေါလုတို့ကို ရွေးကောက်သူတို့ပါသင်တို့ထံစေလွှတ်သင့်ကြောင်း တညီတညွတ်တည်းသဘောတူကြသည့်အလျောက်၊
27 ယုဒနှင့်သိလကို စေလွှတ်လိုက်ကြသည်။ စာပါအကြောင်းအရာများကို နှုတ်ဖြင့်ထိုသူတို့ ထပ်ပြောကြဦးမည်။
28-29 သင်တို့သည် ရုပ်ပွားအားပူဇော်ပြီးသောအသား၊ အသွေးပါသောအသား၊ ညှစ်၍သေသောအသား သုံးဆောင်ခြင်း၊ မတရားသောမေထုန်ပြုခြင်းများကို ကြဉ်ရှောင်အပ်သည့်တာဝန်မှတစ်ပါး အခြားတာဝန်ကို သင်တို့အပေါ်တွင်မတင်သင့်ဟူ၍ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့ပါသဘောတော်ရှိသည့်အတိုင်း ထိုအရာကိုကြဉ်ရှောင်လျှင် ချမ်းသာရကြလိမ့်မည်။ ကျန်းမာကြပါစေသောဟူ၍ ပါရှိသတည်း။
30 ထိုသို့လွှတ်လိုက်ကြသောသူတို့သည် အန္တိအုတ်မြို့သို့ရောက်၍ လူပရိသတ်စုရုံးစေပြီးလျှင် ထိုစာကိုပေးအပ်ကြသည့်အတိုင်း၊
31 ဖတ်နာရသော် နှစ်သိမ့်စေချက်ကြောင့် ရွှင်လန်းကြ၏။
32 ပရောဖက်ဖြစ်သောယုဒနှင့်သိလတို့လည်း ညီအစ်ကိုတို့ကို များစွာနှိုးဆော်လျက်၊ တည်ကြည်စေလျက်၊
33-34 ကာလအတန်ကြာနေပြီးမှ လွှတ်လိုက်ရင်းသူတို့ထံစိတ်ဧစွာပြန်ခွင့်ကို ညီအစ်ကိုတို့ပေးကြ၏။
35 ပေါလုနှင့်ဗာနဗတို့မူကား အခြားသူများနှင့်တကွ အန္တိအုတ်မြို့တွင် အရှင်ဘုရား၏တရားတော်ကိုသွန်သင်ဟောပြောလျက်နေထိုင်ကြ၏။
36 နေ့ရက်အတန်ကြာပြီးနောက် ဗာနဗအားပေါလုက အရှင်ဘုရား၏တရားတော်ကို ငါတို့ကြော်ငြာခဲ့သော မြို့ရွာတိုင်းရှိညီအစ်ကိုတို့အဖြစ်အနေကို အကြည့်အရှုပြန်သွားကြကုန်အံ့ဟု ဆိုသော်၊
37 မာကုခေါ်ယောဟန်ကိုလည်းခေါ်ရန် ဗာနဗသဘောရှိသည်နှင့်၊
38 ပံဖုလိပြည်တွင် ဆုတ်ခွာ၍အမှုတော်ဆောင်ရန် မလိုက်မပါသူကိုမခေါ်သင့်ဟု ပေါလုမှတ်ယူရာ၊
39 အချင်းဖြစ်ပွား၍ တစ်ယောက်နှင့်တစ်ယောက်ခွဲခွာပြီးလျှင် ဗာနဗသည်မာကုကိုခေါ်လျက် ကုပရုကျွန်းသို့သင်္ဘောစီးလေ၏။
40 ပေါလုမူကားသိလကိုရွေးကောက်၍ အရှင်ဘုရား၏ကျေးဇူးတော်သို့ ညီအစ်ကိုတို့အပ်လိုက်သည့်အတိုင်း ထွက်သွားပြီးလျှင်၊
41 ရှုရိနှင့်ကိလိကိပြည်တစ်လျှောက်လျှောက်လျက်၊ အသင်းတော်တို့ကို တည်ကြည်စေပြီးနောက်၊