13
1 အန္တိအုတ်မြို့ရှိအသင်းတော်တွင် ဗာနဗ၊ နိဂါခေါ်ရှုမောင်၊ ကုရေနေမြို့သားလုကိ၊ ဘုရင်ခံဟေရုဒ်၏ဖွားဘက်တော်မာနိမ်နှင့် ရှောလုတည်းဟူသောပရောဖက်များ၊ ဆရာများရှိကြ၍၊
2 အရှင်ဘုရားထံဝတ်ပြုလျက်အစာရှောင်ကြစဉ် ငါခန့်ထားသောအမှုအဖို့ ဗာနဗနှင့်ရှောလုကို သန့်ခြားကြလော့ဟု ဝိညာဉ်တော်အမိန့်ရှိသည့်အတိုင်း၊
3 အစာရှောင်ခြင်း၊ တောင်းေလျှာက်ခြင်းကိုပြုလျက် ထိုနှစ်ပါးအပေါ်တွင်လက်တင်ပြီးလျှင် လွှတ်လိုက်ကြ၏။
4 သို့ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်စေလွှတ်တော်မူသည့်အတိုင်း ဗာနဗနှင့်ရှောလုတို့သည် သေလုကိမြို့သို့ဆင်းသွား၍ ထိုမြို့မှ ကုပရုကျွန်းရောက်သင်္ဘောစီးလျက် ရှာလမိမြို့သို့ဆိုက်သော်၊
5 လက်ထောက်ဖြစ်သူယောဟန်ပါ ယုဒလူမျိုးတို့ဓမ္မာရုံများတွင် ဘုရားသခင့်တရားတော်ကိုကြော်ငြာကြ၏။
6-7 ကျွန်းတစ်လျှောက်လျှောက်သွား၍ ပါဖုမြို့သို့ရောက်ကြသော် ဘုရားသခင့်တရားတော်ကိုနာခံလိုသဖြင့် ဗာနဗနှင့်ရှောလုတို့ကိုပင့်ခေါ်သော ဉာဏ်ကောင်းသူကျွန်းဝန်ကြီးသေရဂိပေါလုထံ၌ မိစ္ဆာပရောဖက်ဝိဇ္ဇာဆရာဖြစ်သော ယုဒအမျိုးသားဗာယေရှုဆိုသူကိုတွေ့ကြုံကြသည့်အတိုင်း၊
8 ဝိဇ္ဇာဆရာဟုဆိုလိုသောအမည်ရှိသူ ထိုဧလုမသည်ခုခံ၍ ယုံကြည်ခြင်းတရားတော်မှ ဝန်ကြီးကိုလွှဲခြင်းငှါကြိုးစား၏။
9 သို့ရာတွင်ပေါလုခေါ်ရှောလုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊
10 ထိုသူ့ကိုစိုက်ကြည့်ပြီးလျှင် လိမ်လည်စဉ်းလဲခြင်းအမျိုးမျိုးနှင့်ပြည့်လျက် ဖြောင့်မတ်ခြင်းခပ်သိမ်းကို ရန်မူသူအချင်းမာရ်နတ်၏သား၊ ထာဝရဘုရား၏လမ်းဖြောင့်များကိုမရပ်မစဲ ကောက်စေမည်လော။
11 ယခုပင် ထာဝရဘုရား၏လက်တော်တင်ဖိသဖြင့် သင်သည်ကာလအတန်ကြာနေကိုမျှမမြင်နိုင်အောင် ကန်းရလိမ့်မည်ဟုဆိုလျှင်ဆိုချင်း မျက်စိမှိန်၍အလင်းကွယ်သဖြင့် ဆွဲပို့မည့်သူကိုတလည်လည်ရှာရ၏။
12 ထိုအမှုကိုမြင်သော် ဝန်ကြီးသည်အရှင်ဘုရား၏ဒေသနာတော်ကြောင့် အံ့သြ၍ယုံကြည်လေ၏။
13 ထိုနောက် ပေါလုနှင့်အပေါင်းပါတို့သည် ပါဖုမြို့မှတက်စီး၍ပံဖုလိပြည်၊ ပေရဂေမြို့သို့ ဆိုက်ရောက်ကြသော် ယောဟန်ဆုတ်ခွာ၍ ယေရုရှလင်မြို့သို့ပြန်သွားလေ၏။
14 သူတို့မူကား ပေရဂေမြို့မှပိသိဒိနယ်၊ အန္တိအုတ်မြို့ရောက်ဖြတ်သွား၍ ဥပုသ်နေ့တွင်ဓမ္မာရုံသို့ဝင်လျက်ထိုင်နေကြရာ၊
15 ပညတ္တိကျမ်းနှင့် ပရောဖက်ကျမ်းချက်များကို ဖတ်ရွတ်ပြီးသည့်ကာလ ဓမ္မာရုံအုပ်တို့သည်သူတို့ထံလူလွှတ်လျက် ညီအစ်ကိုတို့၊ လူပရိသတ်အားနှိုးဆော်ရန်ရှိလျှင် ဟောပြောကြပါဟု တိုက်တွန်းကြသည့်အတိုင်း၊
16 ပေါလုထ၍ လက်ရိပ်ပြပြီးလျှင်ဟောပြာသည်မှာ ဣသရေလအမျိုးသားတို့မှစ၍ ဘုရားသခင်ကိုခန့်ညားသောသူတို့၊ ကြားနာကြကုန်၊
17 ဤလူမျိုးတော်၏ဘုရားသခင်သည် ငါတို့ဘိုးဘေးများကိုရွေးကောက်တော်မူ၍ အိဂျစ်ပြည်တွင် နေထိုင်ကြစဉ် လူမျိုးတော်ကိုချီးမြှောက်လျက် ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်ပြီးလျှင်၊
18 သဲတော၌နှစ်ပေါင်းလေးဆယ်အတွင်း သူတို့အကျင့်ဓလေ့ကိုသည်းခံတော်မူ၏။
19 ခါနာန်ပြည်နေ လူခုနစ်မျိုးကိုဖျက်ဆီးလျက် ထိုပြည်ကိုနှစ်ပေါင်းလေးရာ့ငါးဆယ်အတွင်း အပိုင်ရစေပြီးလျှင်၊
20 ပရောဖက်ရှမွေလတိုင်အောင် တရားမင်းများကိုပေးတော်မူ၏။
21 သို့ပြီးမှ ဘုရင်မင်းကိုလျှောက်တောင်းကြသည့်အတိုင်း ဘုရားသခင်သည် နှစ်ပေါင်းလေးဆယ်တိုင်တိုင် ဗင်္ယာမိန့်အနွယ်၊ ကိရှသားရှောလုကိုပေးပြီးနောက်၊
22 နန်းချ၍ ငါ့အလိုခပ်သိမ်းကိုဆောင်ရွက်မည့်သူ သဘောတော်မြတ်ရာ ယေရှဲ့သားဒါဝိဒ်ကိုငါတွေ့ပြီဟု ဓိဋ္ဌာန်ပြုလျက် ဘုရင်အဖြစ်တင်မြှောက်တော်မူ၏။
23 ထိုမင်းမျိုးမှလည်း ဘုရားသခင်သည်ကတိတော်အတိုင်း ဣသရေလလူမျိုးတို့ထံ ယေရှုတည်းဟူသောကယ်တင်ရှင်ကို ပေါ်ထွန်းစေတော်မူပြီ။
24 ပေါ်ထွန်းတော်မမူမီ ဣသရေလတစ်မျိုးလုံးအား နောင်တရခြင်းဆိုင်ရာ ဗတ္တိဇံတရားကိုဟောနှင့်သောယောဟန်သည်၊
25 ကိုယ့်အငန်းအတာကိုဆောင်ရွက်နေစဉ်ငါသည် မည်သူဖြစ်သည်ဟုထင်မှတ်ကြသနည်း။ ငါသည် ထိုအရှင်မဟုတ်။ ဖိနပ်တော်ကြိုးကိုမျှငါမဖြည်ထိုက်သော အရှင်တစ်ပါးသည် ငါ့နောက်ကြွလာလိမ့်မည်ဟုဆိုသတည်း။
26 အာဗြဟံ့အမျိုးသားတို့မှစ၍ ဘုရားသခင်ကိုခန့်ညားသောညီအစ်ကိုတို့၊ ဤကယ်တင်တော်မူခြင်းဆိုင်ရာသတင်းကို ငါတို့ထံပို့လိုက်တော်မူပြီ။
27-28 ကိုယ်တော်ကိုလည်းေကာင်း၊ ဥပုသ်နေ့တိုင်းဖတ်ရွက်ကြသော ပရောဖက်တို့ဆင့်ဆိုချက်များကိုလည်းေကာင်း၊ မသိသောယေရုရှလင်မြို့သူမြို့သားတို့နှင့်အရာရှိတို့သည် ကိုယ်တော်၌သေပြစ်မတွေ့ဘဲလျက် ကွပ်မျက်စေရန် ပိလတ်မင်းထံတောင်းဆိုကြရာ ကိုယ်တော်ကိုအပြစ်စီရင်သဖြင့် ထိုဆင့်ဆိုချက်များအတိုင်းပြည့်စုံစေကြ၏။
29 ထိုသို့ ကိုယ်တော်နှင့်စပ်၍ရေးထားသမျှအတိုင်းပြည့်စုံစေလျက် ကားတိုင်မှချယူ၍ သင်္ချၖိုင်းဂူတွင်သွင်းထားကြပြီးနောက်၊
30 သူသေတို့အထဲမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ၍၊
31 ကိုယ်တော်သည် လူမျိုးတော်ရှေ့ ကိုယ်တော့်အကြောင်းယခုသက်သေခံသော ဂါလိလဲနယ်မှ ယေရုရှလင်မြို့သို့လိုက်ပါခဲ့သူတို့အား နေ့ရက်များစွာထင်ရှားတော်မူ၏။
32-33 သင်သည် ငါ့သားဖြစ်၏။ ယနေ့သင့်ကိုငါဖြစ်ပွားစေပြီဟူ၍ ဒုတိယဆာလံလာရှိသည်နှင့်အညီ ယေရှုကိုရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ဘိုးဘေးတို့ အားထားခဲ့သောကတိတော်ကို သားမြေးဖြစ်သူငါတို့လက်ထက်ဘုရားသခင်ပြည့်စုံစေတော်မူကြောင်း ငါတို့လည်းသင်တို့ထံ ယခုကြားပြောနေကြ၏။
34 သူသေတို့အထဲမှ ရှင်ပြန်ထမြောက်စေတော်မူပြီးလျှင် နောင်ပုပ်ပျက်ရာသို့မရောက်ရမည်ကိုထောက်၍ ဒါဝိဒ်ခံရာမြဲမြံသောမင်္ဂလာတော်များကို သင်တို့အားငါပေးမည်ဟူ၍လည်းေကာင်း၊
35 အခြားသောအချက်၌ သီးသန့်ထားတော်မူသောသူ့ကို ပုပ်ပျက်ခြင်းနှင့်ကြုံကြိုက်စေတော် မူမည်မဟုတ်ဟူ၍လည်းေကာင်း ဗျာဒိတ်ပေးတော်မူ၏။
36 ဒါဝိဒ်မင်းသည် ကိုယ့်လက်ထက်တွင် ဘုရားသခင့်အလိုတော်ကိုဆောင်ရွက်ပြီးနောက်၊ အိပ်ပျော်၍ဘိုးဘေးတို့ထံရောက်သဖြင့် ပုပ်ပျက်ခြင်းနှင့်ကြုံကြိုက်ရသည်မှန်၏။
37 ဘုရားသခင် ရှင်ပြန်ထမြောက်စေတော်မူသောအရှင်မူကား ပုပ်ပျက်ခြင်းနှင့်မကြုံကြိုက်ရ၊
38 သို့ဖြစ်၍ညီအစ်ကိုတို့၊ ထိုအရှင့်ကြောင့် အပြစ်ပြေလွတ်ခွင့်တရားကို သင်တို့အားယခုကြော်ငြာကြောင်း၊
39 မောရှေ၏ပညတ်တရားအားဖြင့် ဖြောင့်မတ်ရာမရောက်နိုင်ကြသော်လည်း ထိုအရှင်အားဖြင့် ကိုယ်တော်ကိုယုံကြည်သူတိုင်း ပြစ်မှုရှိသမျှနှင့်လွတ်၍ ဖြောင့်မတ်ရာရောက်ကြောင်းကိုသိမှတ်ကြကုန်။
40-41 ပရောဖက်ကျမ်း၌ အချင်းမထီမဲ့မြင်ပြုသူတို့၊ ရှုကြည့်အံ့သြလျက်ပျက်ယွင်းကြလော့။ ကြား၍မယုံနိုင်သောအမှုကို သင်တို့လက်ထက်၌ပင်ငါစီရင်မည်ဟု လာရှိသည့်အတိုင်း ကိုယ့်အပေါ်သို့မသင့်စေရန် သတိပြုကြလော့ဟူ၍ ဟောပြောလေ၏။
42 ပေါလုနှင့်ဗာနဗထွက်သွားကြစဉ် နောက်ဥပုသ်နေ့တွင် ထိုဒေသနာကိုထပ်ဟောစေရန် တောင်းပန်ကြသည့်ပြင်၊
43 အစည်းအဝေးကွဲပြီးမှ ယုဒလူမျိုးနှင့်ဘုရားတရားကြည်ညိုသော ယုဒဘာသာဝင်အများတို့လိုက်ရာ ဘုရားသခင့်ကျေးဇူးတော်၌တည်မြဲကြစေရန် ပေါလုနှင့်ဗာနဗတို့တိုက်တွန်းနှိုးဆော်ကြ၏။
44 နောက်ဥပုသ်နေ့ကျရောက်သော် ဘုရားသခင်၏တရားတော်ကိုကြားနာရန် မြို့လုံးကျွတ်မတတ်စုရုံးလျက်ရှိကြရာ၊
45 လူမြောက်မြားသည်ကို ယုဒလူမျိုးတို့မြင်၍ များစွာမရှုစိမ့်သည်နှင့် ပေါလု ဟောပြောသောအကြောင်းအရာများကို ငြင်းခုံလျက်ပုတ်ခတ်ကြသဖြင့်၊
46-47 ပေါလုနှင့်ဗာနဗတို့က ဘုရားသခင်၏တရားတော်ကို သင်တို့အားဦးစွာဟောပြောရ၏။ သို့ရာတွင် သင်တို့ပစ်ပယ်လျက် ထာဝရအသက်နှင့်မထိုက်တန်ကြောင်း ကိုယ်တိုင်ဆုံးဖြတ်ကြသောကြောင့် မြေကြီးအစွန်းအဖျားတိုင်အောင် ကယ်တင်ရာကယ်တင်ကြောင်းအလို့ငှါ၊ လူမျိုးခြားတို့ရှေ့အလင်းသဖွယ် သင့်ကိုငါခန့်ထားသည်ဟူသော ထာဝရဘုရားအမိန့်တော်ကိုရသည့်အတိုင်း၊ ငါတို့သည်လူမျိုးခြားတို့ထံလှည့်တော့မည်ဟု ရဲရင့်စွာပြန်ဆိုကြ၏။
48 လူမျိုးခြားတို့သည်ကြားသော် ဝမ်းမြောက်သဖြင့် အရှင်ဘုရား၏တရားတော်ကိုချီးမွမ်းလျက်၊ ထာဝရအသက်အဖို့ အစီအမံခံရသူရှိသမျှယုံကြည်ကြ၏။
49 ထာဝရဘုရား၏တရားတော်လည်း ထိုနယ်တစ်ဝှမ်းလုံးနှံ့ပြားလေ၏။
50 ယုဒလူမျိုးတို့မူကား ဂုဏ်အသရေရှိဘုရားတရားကြည်ညိုသောမိန်းမများနှင့် မြို့ရှိအကြီးအကဲများကို တိုက်တွန်းလျက် ပေါလုနှင့်ဗာနဗတို့ကိုညှဉ်းပန်းစေပြီးလျှင် ကိုယ့်နယ်မှနှင်ထုတ်ကြသည့်အတွက်၊
51 ထိုနှစ်ပါးတို့သည်ခြေမုန့်ကိုပင်ခါခဲ့ပြီးမှ ဣကောနိမြို့ရောက်သွားကြ၏။
52 တပည့်တော်တို့လည်း ဝမ်းမြောက်ခြင်းနှင့်လည်းေကာင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းေကာင်း ပြည့်ကြကုန်၏။